Wednesday, May 7, 2014

မရှိမဖြစ်သော အရည်အချင်း (၂) မျိုး

“မရှိမဖြစ်သော အရည်အချင်း (၂) မျိုး”
••••••••••••••••••••••••••••••••••
ဒီကနေ့ ကမ္ဘာမှာ ပြိုင်ဆိုင်ခြင်း ပြိုင်ရင်း ပြိုင်ရင်းနဲ့ 
နောက်ကျတော့ တိုက်ခိုက်ခြင်း၊ တိုက်ခိုက်လို့မရတော့ 
တိတ်တဆိတ် စွပ်စွဲခြင်း၊ ဒါတွေဟာ Competition, 
fighting, assassination, abusing၊ ဒီမကောင်းမှုတွေ 
အားလုံး ဘယ်ကနေ စတင်ပေါက်ဖွားသလဲဆိုရင် 
(The thought of selfishness) 
“အတ္တဆန်လွန်းတဲ့ အတွေး”ကနေ ပေါက်ဖွားတာ။

မြတ်ဗုဒ္ဓရဲ့ အနတ္တသုတ်။
အဲဒီ အနတ္တသုတ်ကို နားလည်ရမှာက “ငါ”ဆိုတာကိုမေ့ထား၊ 
“ငါ” ဆိုတာကို မေ့နိုင်မှ ငါ့ဥစ္စာဆိုတာ မေ့လို့ရတယ်။
ငါကို သိပ်ပြီးတော့ ရှေ့တန်းတင်လာရင် နောက်က
ငါ့ဥစ္စာပါ ရောက်လာရော။

ဒီတော့ ဘာဖြစ်လဲဆိုရင် “မေတ္တာ၊ ကရုဏာ၊ မုဒိတာ” 
ခေါင်းပါးလာတယ်။ 
အဲဒီ နောက်ပိုင်းမှာ (Competition) ငါနဲ့ သူနဲ့ ပြိုင်မယ်။
ပြိုင်ဆိုင်ခြင်းရဲ့နောက်မှာ (Fighting) ငါက သူကို တိုက်မယ်။
သူက ငါ့ကို တိုက်မယ်။ “တိုက်ခိုက်ခြင်း”ကနေ (Abusing) 
“စွပ်စွဲခြင်းတွေ” ဆက်လာမယ်။
စွပ်စွဲလို့မရတော့ (assassination) “လုပ်ကြံသတ်ဖြတ်တာ”တွေ၊
ဘာတွေထည့် ရောက်လာကုန်ရော။

အတူနေတဲ့ ငါရဲ့ လောကကြီး၊ 
ငါရဲ့ Socity၊ ငါရဲ့ (Environment) အတွက်. . .
၁။ ကောင်းကျိုးဖြစ်အောင် ဆောင်ရွက်ပါရစေ။
၂။ ဒုက္ခဖြစ်အောင် မဆောင်ရွက်ကြပါနဲ့။

အဲဒီ စိတ်ကူးတွေမပေါက်ကြတော့ ဘာ့ကြောင့်လဲ ဆိုလိုရှိရင် 
ပညာမဲ့တာ။ မေတ္တာ၊ ကရုဏာ၊ ခန္တီ ကင်းမဲ့တာကနေပြီးတော့ 
“ပညာ”ကင်းမဲ့သွားတယ်။ “မေတ္တာ” အားနည်းတဲ့ပုဂ္ဂိုလ် 
“ပညာအား”လည်း လျော့သွားတယ်။

Lack of wisdome in the world today လို့ပြောရင် 
ဒီ ကနေ့ကမ္ဘာမှာ “ပညာမဲ့”တာဟာ ဘယ်က စသလဲ။
“အတ္တဆန်”လွန်းတဲ့ အတွက်ကြောင့် ပညာမဲ့တာ။ 
Philosopher တွေက ဒါကို ပြောင်းပြန် ပြန်ပြောတယ်။
အတ္တဆန်လွန်းတဲ့အတွက်ကြောင့် ပညာမဲ့တာ။
ပညာမဲ့လွန်းတဲ့အတွက်ကြောင့် အတ္တဆန်တယ်တဲ့။

တို့ငယ်ငယ်က သင်ထားတဲ့ ပဋိစ္စသမုပ္ပါဒ်မှာ-
“အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ”
ဘယ်သူမှ မသင်ဖူးဘူး။သင်ဖူးလား။
ဘယ်နားရှိမှန်းတောင် မသိဘူး။
အဝိဇ္ဇာပစ္စယာ သင်္ခါရာ။
အဲဒီလိုပဲ “သင်္ခါရပစ္စယာပိ အဝိဇ္ဇာ”လည်း ရှိတယ်။
ဝေဒနာပစ္စယာ တဏှာ။
တဏှာပစ္စယာပိ ဝေဒနာလည်း ရှိရမယ်။

“အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ”ဆိုတဲ့ 
အယူအဆရှိသလိုပဲ၊ “သင်္ခါရပစ္စယာ အဝိဇ္ဇာ”ဒါလည်းပဲ ရှိရမယ်။ 
နောက်တစ်ခါ “သင်္ခါရပစ္စယာ ဝိဉာဏံ” လို့ရှိခဲ့ရင် 
“ဝိဉာဏပစ္စယာပိ သင်္ခါရာ”ဒါလည်းပဲ ရှိရမယ်။

အဲဒီတော့ ဝိဘင်္ဂဆိုတဲ့ စာလုံးဟာ ဝေဖန်တာ စိစစ်တာ။
ဝေဖန်စိစစ်တဲ့ဉာဏ်ဟာ သိပ်အဖိုးတန်တယ်။
တစ်သမတ်တည်း သွားရမယ်လို့ မှတ်မနေနဲ့။

ဥပမာအားဖြင့် . . . “သီလ၊ သမာဓိ ၊ပညာ” စာလုံး(၃) လုံးကို 
တန်းစီပြောတယ်။ “သီလ အရင်ကျင့်၊ သီလပြည့်စုံမှ သမာဓိကျင့်၊ 
သီလမပြည့်စုံဘဲနဲ့ သမာဓိ မကျင့်နဲ့ဦး” ဒီလို မဟုတ်ဘူး။

“ပညာ နောက်ဆုံး မှာမို့လို့ နောက်ဆုံးမှကျင့်၊ 
သမာဓိ မပြည့်စုံမချင်း ပညာ မလုပ်နဲ့ ၊ 
ဝိပဿနာမလုပ်နဲ့ ” ဒီလိုဆိုလိုတာ မဟုတ်ဘူး။ 
(၃) ခုလုံးဟာ တစ်ပြိုင်နက်တည်း လုပ်လို့ရတယ်။

အဲဒီတော့ ဒေသနာတွေကို (Traditional Learning) 
အစဉ်အလာအတိုင်းသင်နေရင် ဒီအသိဉာဏ်ဟာ 
(Develop) ဖြစ်လာမှာ မဟုတ်ဘူး။ 
သင်ကြားတဲ့နည်းစနစ်၊ သင်ယူတဲ့နည်းစနစ် ဒါတွေကို 
ကျယ်ကျယ်ပြန့် ပြန့်  နားလည်ဖို့ဆိုရင် ကျယ်ကျယ်ပြန့် ပြန့်  
သင်နည်းတွေ ရှိရမယ်။အဲဒီတော့ ဝိဘင်္ဂဆိုတာ 
ဝေဖန်စိစစ်တာ၊ အဘိဓမ္မာ (၇) ကျမ်းမှာ 
ဒုတိယကျမ်းဟာ ဝိဘင်္ဂ- ဝိဘင်းခေါ်တယ်။
အဲဒီမှာဖတ်။

ပဋိစ္စသမုပ္ပါဒ်ဝိဘင်း သုတ္တန္တဘာဇနိယအခန်းမှာ 
“အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ” ရှိပါတယ်။ 
ပြောင်းပြန် လျှောက်ဟောတာ၊ ဒါဘုရားဟောတာ။
အဲဒါ လူတွေလည်း မသိ၊ ဆရာတော် သံဃာတွေလည်း မဟောဘူး။
တစ်ယောက်တစ်လေက ဒီချောင်ကြိုချောင်ကြားက 
ကတ်သီးကတ်သတ် စာတွေတွေ့ပြီး ဘယ်ကျမ်းက 
ဘယ်နေရာမှာဆိုတဲ့ ကျမ်းညွှန်းကိုမပြောဘဲနဲ့ 
ဟောလိုက်ရော၊ ဟော . . . အဲဒီ တစ်ယောက်တည်းသော
ပုဂ္ဂိုလ်က အစဉ်အလာသမားတွေကြားထဲမှာ 
ဆန့်ကျင်ဘက်ဝါဒီ ဖြစ်သွားတယ်။

အဲဒါကြောင့် မိလိန္ဒမင်းကြီးက ဇမ္ဗူဒီပါ ရောက်လာပြီးတော့ 
သံဃာတော်တွေကို တွေ့တိုင်း မေးခွန်းတွေ 
လျှောက်လျှောက်ပြီး မေးလိုက်တာ သံဃာတော်တွေက 
သူမေးတာ မဖြေနိုင်တော့ တောထဲမှာပြေးပြီး 
သွားပုန်းနေကြရတယ်။ ဟိမဝန္တာမှာ သွားပုန်းကြတယ်။

မိလိန္ဒမင်းက ဘာပြောသလဲ . . .
“အယံ ဇမ္ဗူဒီပေါ ပဏ္ဍိတေဟိ သုညော”လို့ ဒီလိုပြောတယ်။

ဟောဒီ ဇမ္ဗူဒီပါမှာ ပညာရှိ ဆိတ်သုဉ်းသွားပြီ။ 
ကိုယ့်ပတ်ဝန်းကျင်ကိုကြည့်၊ 
လောကကြီးက တစ်ခါတစ်ခါ သိပ်ပြီး ဆိတ်သုဉ်းတယ်။
လေးနက်တဲ့ အတွေးအခေါ်လည်း မရှိဘူး။
ကြီးကျယ် မြင့်မြတ်တဲ့ မျှော်မှန်းချက်လည်း မရှိဘူး။

ဘုရားသားတော်၊ သမီးတော်တွေ ဘုရားရဲ့ အဆုံးအမကို 
ဘယ်လိုသင်ကြားရမယ်ဆိုတာ စိတ်ကူးထဲမှာကို မရှိဘူး။
လူတွေကို စိတ်ကူးပြီးတော့ လူတွေလိုနေ၊ 
လူတွေလို သွားနေကြတာ သူတို့်ရဲ့ဘဝကို သူတို့ 
(Upgrade) မြှင့်တင်ဖို့ရာ စိတ်ကူးကို မရှိဘူး။

အဲဒီ အတွေးအခေါ်တွေ အောက်တန်းကျလွန်းတဲ့အတွက်ကြောင့် 
ဘဝဟာ ဖြေးဖြေးချင်း ဖြေးဖြေးချင်း အလုပ်တွေရော ၊
အပြောတွေရော အောက်တန်းကျပြီး 
ဟို အောက်ရောက်သွားတာ။
အမှိုက်ပုံထဲ အပစ်ခံရတဲ့ ကြေးခွက်လို ဖြစ်သွားတာဟာ 
အများကြီးပဲ။ပတ်ဝန်းကျင်နှင့် အဖွဲ့အစည်းကို ကြည့်ကြ။

အဲဒါကြောင့်. . .
●(Right thought) သမ္မာသင်္ကပ္ပ အတွေးမှန်ရမယ်။
●(Right understanding) အသိမှန်ရမယ်။
(Right vision) အမြင်မှန်ရမယ်။ 
သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကို ပြောတာပါ။

အဲဒီတော့ ကမ္ဘာလောကကြီးမှာ ဒီလိုဖြစ်နေတဲ့ ဒုက္ခတွေ၊ 
(The whole world is full of suffering and sorrow) 
တစ်ကမ္ဘာလုံး သောကတွေ ပရိဒေဝတွေ ဒုက္ခတွေ အပြည့်။ 
အဲဒီဒုက္ခတွေရဲ့ (Starting point) စတင်တဲ့အချက်က 
ဘာလဲလို့မေးရင် နောက်တစ်ခု အခုပြောနေတာနော်
(Lack of wisdome) ပညာမဲ့တဲ့ အတွက်ကြောင့်ဖြစ်တာ။
ပညာက ဘာကြောင့်မဲ့သွားသလဲဆိုရင် နှလုံးသားမှာ
မွန်မြတ်တဲ့ အရည်အချင်း မရှိလို့။

နှလုံးသား၏ မွန်မြတ်သော အရည်အချင်းက ဘာလဲ။
“မေတ္တာ၊ ကရုဏာနှင့် ခန္တီ။”
အဲဒီ (၃) ခု ကင်းမဲ့သွားတဲ့အတွက်ကြောင့် 
(The lack of quality in the heat) ဆိုရင် 
ဟိုဘက်က (Became the Lack of wisdom) ပညာလည်းမဲ့တယ်။
ပညာမဲ့ပြီဆိုရင် မေတ္တာ ကရုဏာလည်း ကင်းမဲ့သွားပြီ။

“အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာပိ အဝိဇ္ဇာ”
ဆိုတဲ့အတိုင်းပဲ အပြန်အလှန် သွားတာ။
ဒါကြောင့် ဒီ (၂) ခုဟာ မရှိမဖြစ်တဲ့ အရည်အချင်း။

အကျဉ်းချုပ်ပြောရင် (၂) လုံးတည်းပဲ။ 
ကရုဏာနှင့် ပညာ၊ (Compassion and wisdom) ။ 
ကရုဏာတရားနဲ့ ပညာတရားနဲ့ ဒီ(၂) ပါးတို့ 
(Prerequisite quality of mankind) လူ့ဘဝ ၊
လူ့လောက လူသားတိုင်းမှာ မရှိမဖြစ် အထူးလိုအပ်တဲ့ 
အရည်အချင်း (၂) ပါး။ အဲဒါ ဘာခေါ်သလဲ၊ 
Noble quality ဒီလိုခေါ်မယ်။

အဲဒီတော့ ပညာဆိုတဲ့ ဥစ္စာကတော့ 
အကြောင်းနဲ့အကျိုးကို စနစ်တကျ နားလည်တယ်။ 
(The source of problems of life) ဘဝရဲ့ပြဿနာတွေ 
ဘယ်က စသလဲ ဆိုတာကို အမှန်အတိုင်း သိတယ်။

(True understanding) သစ္စာကို သိတာဟာ ပညာမှာ အမြင့်ဆုံးပဲ။ 
အခြေခံ အသိဉာဏ် (Basic wisdom) ကတော့ 
“ကောင်းမှုနဲ့ မကောင်းမှု”သိတာ။
အဲဒီကြားထဲမှာ အဆင့်တွေ အများကြီးပဲ။
အခြေခံ အသိဉာဏ် ဘယ်က စသလဲ 
ကောင်းမှု၊ မကောင်းမှု သိတာက စတယ်။ 
“ပါပံ ပုညံ မနတိ ဇာနာတီတိ မနုေဿာ”
ပါပနဲ့ ပုညကို သိမှ လူ။

အလယ်ကောင်က ဉာဏ်စဉ်တွေ အကုန်ကျော်လိုက်တော့ 
အမြင့်ဆုံးက သစ္စာကိုသိမှ အရိယာ။ လူသာမာန်ထက် 
အရိယာလူတစ်ယောက်ဖြစ်ဖို့ရန် အမြင့်ဆုံးအသိက သစ္စာ။
သစ္စာတရားကို မသိသမျှ လောကရဲ့ ပြဿနာတွေဟာ 
ဖြေရှင်းလို့ မရကြဘူး။ ဘဝမှာ ဒုက္ခတွေ ပြွမ်းနေတာဟာ 
သစ္စာကိုသိတယ်ဆိုတဲ့ ပညာကင်းမဲ့မှုကြောင့် ဒါတွေ ဖြစ်တာ။
အမှန်တရားကိုသိတဲ့ သစ္စာဉာဏ်ကိုရကြရင် 
လူသားတွေရဲ့ ဘဝမှာ ခရီးကြမ်းကြီးဟာ ပြီးဆုံးသွားပြီ။ 
အစွန်းတစ်ဖက် (Full of love, Full of compassion, 
full of patience) မေတ္တာ၊ ကရုဏာ၊ ခန္တီ ကတော့ အပြည့်ပဲ။

ဒါကြောင့် မေတ္တာ၊ ကရုဏာ၊ ခန္ဓီသာ အားကောင်း၍ 
ပညာမတတ်ခဲ့ရင် “သူတော်ကောင်း လူအကြီး” ဖြစ်သွားတယ်။

(Noble quality) မွန်မြတ်သော အရည်အချင်း (၂)ပါး၊ 
အကျဉ်းချုပ်ပြောရင် ကရုဏာနဲ့ပညာ (Compassion and wisdom) ။ 
အဲဒီ (၂) ခုကို (Must be balance in your heart) 
ရင်ထဲ နှလုံးထဲမှာ ဟန်ချက်ညီညီဖြည့်ထား။ 
ပညာရှင် တချို့ကတော့ ပြောတယ်။

Compassion is a quality of heart, wisdom is a quality of mind.

ဒါက ကြံဖန်ပြောတာ။
လူ့ဘဝရဲ့ အရည်အချင်း မရှိမဖြစ်တာ ဒီ (၂) ခု။
ကရုဏာအားကောင်းလို့ မေတ္တာ၊ ခန္တီတွေလိုက်လာမယ်။
သူတော်ကောင်းပဲလို့ ချီးမွမ်းခံရမယ်။
ပညာမပါရင် လောကရေးရာ အသာထားဦး၊ 
ဓမ္မရေးရာမှာ ဝိပဿနာကို ဘာနဲ့သွားမလဲ၊ 
မေတ္တာတရားနဲ့၊ ကရုဏာတရားနဲ့ အားလုံး ဗြဟ္မာပြည်အထိတော့ 
သွားလို့ရတယ်၊ ဟိုဘက်ကျော်တက်လို့ မရတော့ဘူး။

(၃၁) ဘုံအပြင်ဘက်ကို ဖောက်ထွက်ချင်ရင် ပညာနဲ့ထွက်ရမယ်။ 
အဲဒါကြောင့် ဒီ (၂) ခု ဟန်ချက်ညီအောင်ကြိုးစား။ 
(Noble quality) အရိယာသူတော်ကောင်းတို့၏ 
အရည်အချင်းသည် “ကရုဏာတရားနဲ့ ခန္တီတရား” 
ဒီ (၂) ပါး ဖြစ်ပါတယ်။

ပညာရဲ့အနိမ့်ဆုံးအသိက ကောင်းမှု၊ မကောင်းမှု။ 
အမြင့်ဆုံးအသိက သစ္စာ။ 
အဲဒီအသိရှိရင် လူပီသသွားတယ်။ 
သို့သော် ကရုဏာကင်းမဲ့ရင် “လူမိုက် ပညာတတ်”၊ 
ကရုဏာတရားသာပြည့်စုံ ပညာမတတ်ရင် 
“သူတော်ကောင်း လူအ”။

အဲဒီတော့ အားလုံး တပည့်တွေ၊ သကျဓီတာတွေရော၊ 
သကျပုတ္တတွေရော “လူအ” လည်း မဖြစ်ရအောင်၊ 
“လူမိုက်”လည်း မဖြစ်ရအောင် ဘာနဲ့ ဘာကို ဖြည့်ရမလဲဆိုရင် 
ကရုဏာ၊ ပညာ (၂) ပါး၊ လူသားတွေရဲ့ 
မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်း (၂) ပါး ပြည့်စုံအောင်
ဒီဘဝမှာ ဖြည့်စွက်ကြ၊ ကြိုးစားကြ၊ အားထုတ်ကြ။

-【သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ】

0 comments:

Post a Comment