Wednesday, May 7, 2014

ကံ၏အကျိုးတရားကြောင့် ဇာတိပဋိသန္ဓေ တဖန်ပြန်၍နေရခြင်း


ကံ၏အကျိုးတရားကြောင့် ဇာတိပဋိသန္ဓေ
တဖန်ပြန်၍နေရခြင်း

ကံ၏အကျိုးတရားကြောင့် ဇာတိပဋိသန္ဓေ
တဖန်ပြန်၍နေရသည်ဟူသောအချက်ကို
ရှင်းပြနိုင်ပါမည်လော။ ထိုကံ၏ အကျိုး
တရားသည် အကြင်ပုဂ္ဂိုလ် တစ်ဦး တစ်
ယောက်မစုတေမှီ အဘယ်အရပ် အဘယ်
ဌာနတွင် တည်ရှိနေပါသနည်း။ ထိုကံ၏
အကျိုးတရားကို ဆရာတော် ပြနိုင်ပါမည်
လော။ မှတ်ချက်။ ။ ကံ၏အကျိုးဟူသော
စကားနှင့်ကမ္မ၀ိပါကစကားသည် အတူတူ
ပင်ဖြစ်ပါသည်။

ဆရာတော်။ ။ ကံရဲ့ အကျိုးတရား
တနည်းအားဖြင့် ကာယကံ၊ ၀စီကံ မနော
ကံတို့ရဲ့အကျိုးတရားဟာ လက်နဲ့ကိုင်ဖမ်း
လို့ မဖြစ်ဘူး။ မျက်စိနဲ့ကြည့်လို့လည်းမမြင်
အပ်ဘူး။ ဒီကံရဲ့ အကျိုးတရားဆိုတာဟာ
ကံဆိုတဲ့တရားရဲ့ ပင်ကိုယ်အနုသယအား
သာလျှင်ဖြစ်တယ်။ အကြောင်းတရားတိုင်း
မှာ အကျိုးတရားရှိတာချည်းဘဲ။ အခုဟော
ဒီ ပရိသတ်မှာရှိနေတဲ့ လူတိုင်းလူတိုင်းဟာ
အတိတ်ဘ၀ကကံအကြောင်းတရားကြောင့်
စွမ်းရည်သတ္တိအမျိုးမျိုး၊ ဂုဏ်သတ္တိအမျိုးမျိုး
စိတ်နေ သဘောထား အမျိုးမျိုး၊ အကျင့်
စာရိတ္တအမျိုးမျိုး၊ ပတ်ဝန်းကျင်အမျိုးမျိုးကွဲ
ပြားနေကြရတယ်။ ဒါဟာအတိတ်ဘ၀ကံရဲ့
မျက်မြင် အကျိုးတရားတွေဘဲ။ ဒီကံတရား
ရဲ့အဓိကစေ့ဆော်တိုက်တွန်းမှုဟာ စေတ
နာနှင့်တကွသောစိတ်ဖြစ်တယ်။ ရိုးရိုးပြော
နေကျဆိုနေကျစကားနဲ့ပြောရတယ်ဆိုရင်
တော့ ရည်ရွယ်ချက်လို့ဘဲ ခေါ်ရမှာပေါ့။
ယခုမျက်မြင်လောက တရားရုံးတွေမှာလဲ
ရည်ရွယ်ချက်ကို အဓိကထားပြီး တရားစီ
ရင်နေကြတာပဲမဟုတ်လား ဒကာကြီး။

ဒကာကြီး။ ။ ယခုမျက်မှောက်ဘ၀မှာတွေ့
ကြုံ ခံစားနေကြရတဲံ့ ကံရဲ့ အကျိုးကိုတော့
တပည့်တော် ယုံကြည်ပါတယ် ဆရာတော်။
ဒီအကျိုးတရားကြောင့် တချို့က လစာတွေ
အမြတ်တွေ ဆုတွေရပြီး တချို့ကအပြစ်ဒဏ်
တွေ ခံကြရတာလဲ မျက်မြင် ကိုယ်တွေ့ပါပဲ
ဆရာတော်။ ဒါပေမယ့် ယခုမျက်မှောက်ဘဝ
ရဲ့ ကံအကြောင်း တရားကြောင့် အနာဂတ်
ဘ၀မှာဇာတိပဋိသန္ဓေ တဖန်ပြန်နေခြင်းဆို
တာကိုတော့ မယုံကြည်နိုင်ဘဲ ဖြစ်နေပါတယ်
ဆရာတော်။ တကယ်လို့ကံရဲ့အကျိုးတရား
ကြောင့် ဇာတိပဋိသန္ဓေပြန်နေရတယ်ဆိုတဲ့
သဘောနဲ့ပဲ ယုံကြည်လက်ခံထားဦးတော့
ဒီကံရဲ့အကျိုးတရားဟာ အကြင်သူတစ်ဦး
တစ်ယောက် အသက်ရှင်နေစဉ် ကာလ
အတွင်းဦးခေါင်းထဲမှာပဲ ကိန်းဝပ်နေသလား၊
ဦးနှောက်ထဲမှာပဲ ကိန်းဝပ်နေသလား၊ လက်
တွေထဲမှာပဲကိန်းဝပ်နေသလား၊ သူ့အနားမှာ
ပဲကိန်းဝပ်နေသလားဆိုတာသိလိုလှပါတယ်။

ဆရာတော်။ ။ အင်းဒီခက်ခဲနက်နဲတဲ့ပြ
ဿနာကိုပုံပမာနဲ့ရှင်းပြမှပဲ ဒကာကြီးနားလည်
သဘောပေါက်မှာဆိုတော့ ကံရဲ့အကျိုးတရား
ဟာ အကြင်တဦးတယောက် မစုတေမချင်း
မည်သည့်နေရာ မည်သည့်ဌာနမှာ ကိန်းဝပ်
နေတယ်ဆိုတာဥပမာနဲ့ရှင်းပြမယ်။ ကဲဒကာ
ကြီး နှလုံးသွင်းပေတော့။

ဥပမာ လူတစ်ယောက်ဟာ ညအချိန် စာရေး
ချင်တယ်တဲ့.။ အဲဒီတော့ သူဟာ ဖယောင်းတိုင်
တစ်တိုင်ကိုထွန်းတယ်။ အဲဒီနောက် မင်အိုးထဲ
မှာမင်တံကိုစိုက်ပြီး စာတစ်စောင်ကို ရေးတယ်။
အဲဒီလို ရေးပြီးတဲ့နောက် သူဟာ မင်အိုးတွေမင်
တံတွေကို သိမ်းပြီးတော့ကာ မီးမှုတ်ပြီး အိပ်
လိုက်တယ်။ စိတ်နဲ့ခန္ဓာကိုယ်ဆိုတဲ့ မင်တံနဲ့မင်
အိုးကိုလဲ သိမ်းလိုက်ပြီ၊ စေတနာနဲ့တူတဲ့ မီးကို
လဲ ငြိမ်းလိုက်ပြီ။ နောက်ဆုံး ကာယကံမှုနှင့်တူ
တဲ့ လက်ကလဲမရေးတော့ဘူး။ ရပ်လိုက်ပြီ။
ဒါပေမယ့် အကျိုးတရားဆိုတဲ့ စာဟာတော့ ဟို
စာရွက်ပေါ်မှာဘဲရှိနေတယ်မဟုတ်လား။ အဲဒီ
အကျိုးတရားဟာနှစ်ကာလရှည်လျားစွာတည်
ရှိနေဦးမှာပေါ့.။ အဲဒီလိုပဲ ကံရဲ့အကျိုးတရား
ဟာလဲ သေသည်အထိတည်ရှိနေပြီး ဇာတိပဋိ
သန္ဓေတဖန်ပြန်နေစေတာပေါ့ဒကာကြီး။

ဒကာကြီး။ ။ ဒီကိစ္စမှာတော့ ရေးလိုက်တဲ့စာ
ဟာစာရွက်ပေါ်မှာတင်ပြီးကျန်နေခဲ့တော့ မျက်
မြင်ဖြစ်ပြီး ရှင်းပါတယ် ဆရာတော်။ ဒါပေမယ့်
ကံရဲ့ အကျိုးတရား ကိန်းဝပ်တဲ့နေရာနဲ့ ပတ်
သတ်လို့တော့ မရှင်းသေးဘူးဆရာတော်။

ဆရာတော်။ ။ ကဲဒါဖြင့် ဒကာကြီးကို ဦးပဉ္စင်း
ကမေးမယ်။ ဒကာကြီးဖြေပါဦး။

ဒကာကြီး။ ။ မှန်ပါ။ ဖြေပါ့မယ် ဆရာတော်.။

ဆရာတော်။ ။ လေဟာ ဘယ်နေရာမှာကိန်းဝပ်
နေလဲ ဒကာကြီး။

ဒကာကြီး ။ ။ ဘယ်နေရာမှာမှ မကိန်းဝပ်ပါ
ဘူး ဆရာတော်။

ဆရာတော်။ ။ လေဟာ ဘယ်နေရာမှာမှ ကိန်း
ဝပ်မနေသော်လဲ တကယ်ကတော့ ရှိနေသလိုဘဲ
ကံရဲ့အကျိုးတရားဟာလဲ ကိန်းဝပ်တဲ့နေရာ မရှိ
သော်လဲအကြင်တစ်ဦးတစ်ယောက် စုတေသည်
အထိရှိနေပြီး ထိုသူကို ဇာတိပဋိသန္ဓေတဖန်ပြန်
နေစေတယ်ဒကာကြီး။

ဒကာကြီး ။ ။ တပည့်တော်ဖြင့် ဆရာတော်
အခုပေးတဲ့ ဥပမာနဲ့လဲ ဒီပြဿနာကိုရှင်းရှင်းလင်း
လင်းနားမလည်သေးပါဘူး ဆရာတော်။ ကံရဲ့အ
ကျိုးတရားကြောင့် ဇာတိပဋိသန္ဓေတဖန်ပြန်နေရ
တယ်ဆိုတဲ့သဘောနဲ့ ပတ်သတ်လို့ မယုံတ၀က်
ယုံတ၀က်ဖြစ်နေပါသေးတယ်။
အဲဒီတော့ ဒီထက် ထင်ရှားတဲ့ ဥပမာကို ဆောင်
တော်မူပါဦး ဆရာတော်။

ဆရာတော်။ ။ ဒီလိုထင်ရှားပြတ်သားတဲ့ ဥပမာ
ကို ဆောင်ရအောင် ဒကာကြီးကို ဦးပဉ္စင်းက ပြန်
ပြီးမေးခွန်းထုတ်ရလိမ့်မယ်။

ဒကာကြီး ။ ။ ထုတ်တော်မူပါ ဆရာတော်။

ဆရာတော် ။ ။ ဒကာကြီးမှာ ပညာအရည်အချင်း
နဲ့ပတ်သတ်လို့ ဘွဲ့ဘယ်နှစ်ဘွဲ့ရှိပါသလဲ။

ဆရာတော် ။ ။ အဲဒီဘွဲ့တွေကို ပြောပြစမ်းပါဦး
ဒကာကြီး။

ဒကာကြီး။ ။ ဒီဘွဲ့တွေကတော့ အမ်(မ်)အေ၊
ပီ အိပ်(ခ်ျ)ဒီ၊ ဒီအက်(စ်)၊ ဒီလစ် ( တ် ) နဲ့ ဘား
အက် ( တ် ) လောဘွဲ့များ ဖြစ်ပါတယ် ဆရာ
တော်။

ဆရာတော် ။ ။ ဒီ ဘွဲ့တွေကိုရအောင် ဒကာ
ကြီးဘယ်နှစ်နှစ်ကြာအောင် ကြိုးစားရသလဲ။.

ဒကာကြီး ။ ။ ဒီဘွဲ့အားလုံးကို ရဘို့ရန် အနှစ်
သုံးဆယ်လောက်ကြိုးစားခဲ့ရပါတယ်ဆရာတော်။

ဆရာတော် ။ ။ ခုနက ဒကာကြီးပြောခဲ့တဲ့ ဘွဲ့
ငါးလုံးလုံးဟာ ဒကာကြီးမှာ ရှိသလား။

ဒကာကြီး ။ ။ တပည့်တော်မှာ ဒီဘွဲ့ငါးလုံးလုံး
ရှိပါတယ် ဆရာတော်။

ဆရာတော် ။ ။ ဒကာကြီးမှာ ဒီဘွဲ့ငါးလုံးလုံးနဲ့
ပတ်သက်တဲ့ အရည်အချင်းတွေ ရှိတယ်ဆိုရင်
အဲဒီ အရည်အချင်းတွေထဲက ဒီအက်( စ် ) စီ
ဘွဲ့ရဲ့ အရည်အချင်းတွေကို ဦးပဉ္စင်းကို ရွေး
ထုတ်ပြီးတော့ ပြစမ်းပါ။

ဒကာကြီး ။ ။ ဒီသိပ္ပံပညာဘွဲ့နဲ့ ပတ်သတ်တဲ့
လက်မှတ်ကို တပည့်တော် ထုတ်ပြနိုင်ပါတယ်
ဆရာတော်။

ဆရာတော်။ ။ ဦးပဉ္စင်းက ဒကာကြီးဟာဒေါက်
တာအယ် (မ်)ဘေကာလို့ တိတိကျကျမပြောနိုင်
ဘူး။အဲဒီတော့ ဒကာကြီးက စာရွက်စာတန်းတွေ
လက်မှတ်တွေကို ထုတ်ပြလို့လဲ အပိုပဲ။ ဦးပဉ္စင်း
တိတိကျကျလိုချင်တာကတော့ ဒကာကြီးမှာရှိ
တဲ့ ဒီသိပ္ပံပညာပါရဂူဘွဲ့နဲ့ဆိုင်ရာ အရည်အချင်း
တွေကိုသာလိုချင်တာပဲ။

ဒကာကြီး ။ ။ ဒီလို ဒီဘွဲ့နဲ့ဆိုင်တဲ့ အရည်
အချင်းတွေကို သီးသန့် ထုတ်နုတ်ပြဖို့ကတော့
လုံးဝမဖြစ်နိုင်ပါဘူးဆရာတော်။

ဆရာတော်။ ။ ဒကာကြီးပြောတဲ့အတိုင်းဆိုရင်
ဒကာကြီးခုနကပြောခဲ့တဲ့ ဘွဲ့ငါးဘွဲ့နဲ့ ပတ်သတ်
တဲ့အရည်အချင်းတွေ ဒကာကြီးမှာ မရှိဘူးလို့ဘဲ
ဦးပဉ္စင်းယူဆရတော့မှာပေါ့။

ဒကာကြီး ။ ။ အမှန်တကယ်ကတော့ တပည့်
တော်မှာ ဒီဘွဲ့ငါးဘွဲ့နဲ့ဆိုင်တဲ့အရည်အချင်းတွေ
ရှိပါတယ် ဆရာတော်။ ဗြိတိသျှအစိုးရကတောင်
ဒီအရည်အချင်းတွေ တပည့်တော်မှာရှိတယ်လို့
အသိအမှတ်ပြုထားပါတယ်။

ဆရာတော် ။ ။ ဒကာကြီးက အခုလို အခိုင်
အမာ ပြောရင်ဖြင့် ဒကာကြီးရဲ့ အရည်အချင်း
တွေဟာ ဒကာကြီးရဲ့ ဦးခေါင်းထဲမှာ ရှိတယ်
ပေါ့။

ဒကာကြီး ။ ။ ဦးခေါင်းထဲမှာတော့ မရှိပါဘူး
ဆရာတော်။

ဆရာတော်။ ။ ဒါဖြင့် အသဲနှလုံးထဲမှာလား။

ဒကာကြီး ။ ။ အသဲနှလုံးထဲမှာလည်း မဟုတ်
ပါဘူးဆရာတော်။

ဆရာတော်။ ။ ဒါဖြင့် ၀မ်းဗိုက်ထဲမှာလား။

ဒကာကြီး ။ ။ ၀မ်းဗိုက်ထဲမှာလဲ မဟုတ်ပါဘူး
ဆရာတော်။

ဆရာတော်။ ။ ဒါဖြင့် လက်တွေထဲမှာလား။

ဒကာကြီး ။ ။ လက်တွေထဲမှာလဲ မဟုတ်ပါဘူး
ဆရာတော်။

ဆရာတော် ။ ။ ဒါဖြင့်ဒကာကြီးအနားမှာပဲလား။

ဒကာကြီး ။ ။ အနားမှာလဲ မဟုတ်ပါဘူးဆရာ
တော်။

ဆရာတော် ။ ။ ဒကာကြီးဟာ နှစ်ပေါင်းသုံး
ဆယ်နီးပါး ဒီဘွဲ့ငါးဘွဲ့နဲ့ပတ်သတ်တဲ့ အရည်
အချင်းတွေနဲ့ပြည့်အောင်ကြိုးစားလာခဲ့ရတယ်။
ဒီအရည်အချင်းတွေနဲ့ပြည့်စုံလာခဲ့တာလဲ နှစ်
ပေါင်း ၂၀နီးပါးရှိပြီ.။ ဒီအရည်အချင်းတွေနဲ့
ဒကာကြီးဟာ တကယ်ပြည့်စုံတယ်ဆိုပြီး ဗြိတိ
သျှအစိုးရက ဒကာကြီးကို ဥပဒေပညာဆိုင်ရာ
ကောလိပ်ကျောင်းမှာ ကျောင်းအုပ်ရာထူးကို
ပေးအပ်ခဲ့တယ်။ ဒါပေမယ့် ဒကာကြီးဟာ
ဒကာကြီးရဲ့အရည်အချင်းတွေကို ဘယ်မှာ သို
လှောင်ထားတယ်ဆိုတာ ပြောမပြနိုင်ဘူး။ ဒါ
တွင်မကဘူး။ ဒကာကြီးမှာ အခုရှိနေတဲ့ အ
ရည်အချင်းတွေဟာမျက်မှောက်ဘ၀မှာဒကာ
ကြီးရဲ့ကြိုးစားအားထုတ်မှုကြိုးစားမှုတို့မှ ပေါ်
ထွက်လာရတဲ့ အကျိုးတရားတွေပဲ။ တနည်း
အားဖြင့် ပြောမယ်ဆိုရင် ဒကာကြီးရဲ့ မျက်
မှောက်ဘ၀ကံရဲ့ အကျိုးတရားတွေချည်းပဲ။
ဒီ အကျိုးတရားတွေကို ဒကာကြီးဟာ သေ
သည့်တိုင်အောင် ခံစားရမယ်။ ဒါပေမယ့် ဒ
ကာကြီးဟာဒီအကျိုးတရားတွေကို ပြလဲမပြ
နိုင်ဘူး။ ဘယ်နေရာမှာသူတို့ကိန်းနေတယ်
လို့လဲမပြောနိုင်ဘူး။ ဒီကံရဲ့အကျိုးတရားဆို
တာ အကြင်သူတစ်ဦးတစ်ယောက်သေသည်
အထိထိုသူလုပ်ခဲ့ကိုင်ခဲ့တဲ့လုပ်ရပ်များအတိုင်း
သူလုပ်ခဲ့တာ ကောင်းရင်လဲကောင်းသလိုဆိုး
ရင်လဲ ဆိုးသလို ကောင်းကျိုး ဆိုးကျိုးတို့ကို
ပေးနေတာဘဲ။ ပြီးတော့ အခုဘ၀မှာလုပ်တဲ့
လုပ်ရပ်အလိုက် အနာဂတ်ဘ၀မှာလဲ ကံရဲ့
အကျိုးပေး ကောင်းရင်လဲ ကောင်းမွန်စွာနဲ့
ဇာတိပဋိသန္ဓေ တဖန် ပြန်နေရမယ်။ ဆိုးရင်
လဲ ဒုက္ခ ဆင်းရဲကြီးစွာနဲ့ ဇာတိ ပဋိသန္ဓေ
တဖန်ပြန်ရမယ်။ ကဲ ဒကာကြီး ဒီမမြင်အပ်
မမြင်နိုင်တဲ့ ကံရဲ့အကျိုးတရားကြောင့်ဇာတိ
ပဋိသန္ဓေတဖန် ဘယ်လိုပြန်နေရမယ်ဆိုတဲ့
သဘောကိုနားလည်သွားပြီလား။

ဒကာကြီး ။ ။ မှန်ပါ့ ဆရာတော်ရဲ့ဥပမာ
ကြောင့်တပည့်တော် ဒီပြဿနာကို ကောင်း
ကောင်းကြီးနားလည်သဘောပေါက်သွားပါပြီ.
ဒီကံရဲ့ အကျိုးတရားနဲ့ ပတ်သတ်လို့ တပည့်
တော်မှာ သံသယမရှိ ချွင်းချက်မရှိ ယုံကြည်
ပါပြီဆရာတော်။ ဒါတွင်မကပါဘူး မှားယွင်း
တဲ့သမားယိုးကျ ဖန်ဆင်းရှင် ၀ါဒမှားတွေလဲ
ပြေပျောက်ကုန်ပါပြီ ဆရာတော်။.

ထိုအချိန်တွင် ပရိသတ်ထဲမှ ဖာရစီလူမျိုး
ဒကာတစ်ယောက်က ထ၍

ဆရာတော်ရဲ့ကံ၏အကျိုးတရားနှင့်ပတ်သတ်
တဲံ့ အသိဉာဏ် ပညာသားပါတဲ့ ဟောပြောမှု
ကြောင့် အမျိုးမျိုးသော အယူအဆမှားတွေ
သမရိုးကျအမြင်မှားတွေဟာ အားလုံးအမှောင်
ထုကို နေရောင်ခြည်က ခွင်းလိုက်သလို ကွယ်
ပျောက်ကုန်ပါပြီ။ ဒီအကြောင်းတရားရှိရင်ဒီအ
ကျိုးတရားဟာလဲ မသွေရှိရမယ်ဆိုတဲ့ မြင့်မား
မှန်ကန်လှတဲ့ ဒေသနာကို ဘယ်သူကမျှ မချိုး
ဖျက်နိုင်ဘူးဆိုတာကိုလဲ တပည့်တော်တို့အခိုင်
အမြဲယုံကြည်ကြပါပြီဆရာတော်။

ထို့နောက် ပရိသတ်ထုကြီးတရပ်လုံးက သာဓု
အနုမောဒနာ ခေါ်ကြလေသည်။

မေးမြန်းလျှောက်ထားသူ။ ။ ဒေါက်တာ
အေအယ်(မ်) ဘေကာ၊
ဖြေဆိုသူ ။ ။ အရှင်အရိယဓမ္မ

0 comments:

Post a Comment