Monday, September 8, 2014

တောင်းတဲ့ဆုနဲ့ ပြည့်စေဖို့





တောင်းတဲ့ဆုနဲ့ ပြည့်စေဖို့

သက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းသာလိုတော့တဲ့
မကြာခင်မှာ ရာထူးလက်လွတ်ရမယ့်သိကြား
မင်းက ဘုရားရှင်ထံ ချဉ်းကပ်ပြီး မြတ်စွာဘုရား
ရန်ငြိုးကင်းကုန်လျက် ဒဏ်ကင်းကုန်လျက်
ရန်သူကင်းကုန်လျက် စိတ်ဆင်းရဲခြင်းကင်းကုန်
လျက်၊ အမျက်ထွက်ခြင်းကင်းကုန်လျက် ငါတို့
သည် နေလိုပါကုန်၏။ နေပါရစေဟု နတ်လူ 
အသူရာ နဂါး ဂဠုန်တို့နှင့် အခြားအခြားသော 
သတ္တ၀ါတို့၏သန္တာန်ဝယ် တောင့်တခြင်းပြင်းပြစွာ
ဖြစ်ရှိကြပါသည်။ ယင်းသို့ တောင့်တခြင်းပြင်းပြ
စွာ ဖြစ်ကုန်ပါသော်လည်း ထိုသတ္တ၀ါတို့သည်
ရန်ငြိုးရှိကုန်လျက်၊ ဒဏ်ရှိကုန်လျက်၊ ရန်သူရှိ
ကုန်လျက်၊ စိတ်ဆင်းရဲခြင်းရှိကုန်လျက်၊ အမျက်
ထွက်မှုရှိကြကုန်လျက် နေကြရပါသည်။ ဤသို့
နေကြရခြင်းသည် အဘယ်ကြောင့်ပါနည်းဟု 
မေးမြန်းလျှောက်ထားပါတယ်။

နတ်တို့သနင်းသိကြားမင်း ရန်ငြိုးကင်းကုန်လျက်
ဒဏ်ကင်းကုန်လျက်၊ ရန်သူကင်းကုန်လျက်၊ စိတ်
ဆင်းရဲခြင်းကင်းကုန်လျက်၊ အမျက်ထွက်ခြင်းကင်း
ကုန်လျက်၊ ငါတို့သည် နေလိုပါကုန်၏။ နေပါရစေ
ဟု နတ်လူ အသုရာ၊ နဂါး ဂဠုန်တို့နှင့် အခြားအခြား
သော သတ္တ၀ါတို့၏ သန္တာန်ဝယ် တောင့်တခြင်းပြင်း
စွာ ဖြစ်ရှိပေ၏။ ယင်းသို့တောင့်တခြင်းပြင်းစွာဖြစ်
ကုန်ပါသော်လည်း ထိုသတ္တ၀ါတို့သည် ရန်ငြိုးရှိ
ကုန်လျက်၊ ဒဏ်ရှိကုန်လျက်၊ ရန်သူရှိကုန်လျက်၊
စိတ်ဆင်းရဲခြင်းရှိကုန်လျက်၊ အမျက်ထွက်မှုရှိကုန်
လျက်၊ အမျက်ထွက်မှုရှိကြကုန်လျက် နေကြရကုန်
၏။ ဤသို့နေကြရခြင်းသည် ကိုယ့်ထက်သာသူကို 
မနာလိုခြင်း = ဣဿာ၊ ကိုယ်ကောင်းစားသလို 
သူတစ်ပါးအား မကောင်းစားစေလိုသော = မစ္ဆရိယ 
တရားနှစ်ပါးကြောင့်ဖြစ်၏ လို့ရှင်တော်မြတ်ဘုရား
က ဖြေကြားတော်မူခဲ့ပါတယ်။

ဒီအခါမှာ သိကြားမင်းကဆက်ပြီးတော့ ထိုဣဿာ
မစ္ဆရိယတရားနှစ်ပါးတို့သည် ဘေးရန်များ၍မကြီး
ပွားသောတရားများဖြစ်နေပါလျက်အဘယ်ကြောင့်
မြွေပွေးကို ခါးပိုက်ပိုက်ထားသကဲ့သို့ သတ္တ၀ါတို့
သည် မိမိတို့၏သန္တာန်၌အဖြစ်ခံ၍နေကြပါသနည်း
လို့ မေးမြန်းလျှောက်ထားပြန်ပါတယ်။

နတ်တို့သနင်း သိကြားမင်း သတ္တ၀ါတို့သည် မိမိ
ချစ်ခင်မြတ်နိုးအပ်သော ပုဂ္ဂိုလ်အသင်းအပင်း၊
မချစ်ခင်မမြတ်နိုးအပ်သော ပုဂ္ဂိုလ်အသင်းအပင်း
ဟု ခွဲခြားသတ်မှတ်ကြခြင်းကြောင့် ဣဿမစ္ဆရိယ
တရားနှစ်ပါးတို့သည် ဖြစ်နေကြရသည်လို့ဖြေတော်
မူပါတယ်။

သူတစ်ပါးတို့ရဲ့စည်းစိမ်ကို မနာလိုမကြည်ဖြူ
ငြူစူခြင်းဟာ ဣဿာဖြစ်ပါတယ်။ သူတစ်ပါးတို့
ရပြီးရလတ္တံ့သော စည်းစိမ်များ၌ မနာလိုမကြည်
ဖြူငြူစူဖြစ်နေခြင်းဟာ ဣဿာဖြစ်နေခြင်းရဲ့
လက္ခဏာဖြစ်ပါတယ်။ သူတစ်ပါးတရားသဖြင့်
ကောင်းစားထင်ပေါ်ကျော်ကြားတာ၊ နောက်လိုက်
အခြွေအရံပေါများတာကို မနာလို မကြည်ဖြူ ငြူစူ
နေတာဟာလည်း ဣဿာဖြစ်နေတာပါပဲ။ သူတစ်
ပါးကဟောပြောပွဲကြီးတွေလုပ်တဲ့အခါမှာ လူဦးရေ
ထောင်သောင်းချီတက်ရောက်နားထောင်တာကို 
မနာလိုမကြည်ဖြူ ငြူစူတာဟာလည်း ဣဿာပါပဲ။
စိတ်ထဲမှာ မနာလိုလွန်းအားကြီးပြီး ကဖျက်ယဖျက်
လုပ်ပြီး နှောက်ယှက်တာကတော့ ကာယကံမြောက် 
ဝီတိက္ကမဣဿာဖြစ်ပါတယ်။ ဣဿာဖြစ်နေတဲ့ လူ
တစ်ယောက်အတွက် စိတ်ချမ်းသာခြင်၊ ကိုယ်ချမ်း
သာခြင်း ဘယ်သောအခါမှရှိမလာနိုင်ပါဘူး။

မိမိစည်းစိမ်ချမ်းသာကို ၀န်တိုစေးနှဲ နှမြောခြင်းဟာ
မစ္ဆရိယဖြစ်ပါတယ်။ မစ္ဆရိယငါးမျိုးရှိတယ်လို့ကျမ်းဂန်
များကဆိုပါတယ်။ ထိုငါးပါးကတော့
၁။ အာဝါသမစ္ဆရိယ = မိမိ၏နေရာဖြစ်သော အိမ်၊
ကျောင်း၊ အာရာမ်ခြံဝင်း၊ တိုက်ခန်း အစရှိသောနေရာ
ဒေသ အမျိုးမျိုး၌ ၀န်တိုနှမြောခြင်း၊ သူတစ်ပါးတို့
လာရောက်နေထိုင် အသုံးပြုမည်ကို မလိုလားခြင်း။
၂။ ကုလမစ္ဆရိယ = မိမိ၏အခြွေအရံအသင်းအပင်း
တပည့်တပန်း အမျိုးအဆွေများ သူတစ်ပါးတို့နှင့်
ပြောဆိုဆက်ဆံကာ ရင်းရင်းနှီးနှီးနေမည်ကိုဝန်တို
နှမြောခြင်း။
၃။ လာဘမစ္ဆရိယ = ပစ္စည်းဥစ္စာအာဏာစသည်တို့
၌ ၀န်တိုနှမြောခြင်း၊ သူတစ်ပါးအားခွဲဝေမပေးလိုခြင်း၊
သူတစ်ပါးတို့ မိမိကဲ့သို့ မရစေလိုခြင်း။
၎။ ၀ဏ္ဏမစ္ဆရိယ = ရုပ်ရည်လှပခြင်း၊ ဂုဏ်သတင်း
ထင်ပေါ်ကျော်ကြားခြင်း၌ ၀န်တိုနှမြောခြင်း၊ မိမိလှ
သလို သူတစ်ပါးလှမှာကို မလိုလားခြင်း။ မိမိထင်
ပေါ်ကျော်ကြားသလို သူတစ်ပါးထင်ပေါ်ကျော်ကြား
မှာကို စိုးရိမ်ခြင်း။
၅။ ဓမ္မမစ္ဆရိယ = အသိပညာဉာဏ်တို့၌ ၀န်တို
နှမြောခြင်း၊ မိမိသိထားသလို တတ်ထားသလို သူ
တစ်ပါးတို့ တတ်သိမှာကို မလိုလားခြင်း၊ စိုးရိမ်ခြင်း
တို့ဖြစ်ပါတယ်။

ဒီမစ္ဆရိယတရားငါးပါးဖြစ်သူအတွက် ခံစားရမယ့်
အကျိုးဆက်တွေကလည်းရှိသေးပါတယ်။

အာဝါသမစ္ဆရိယကြောင့် သေပြီးသည်မှနောက်၌
ဘီလူးသော်လည်းကောင်း၊ ပြိတ္တာသော်လည်း
ကောင်း ဖြစ်ပြီးလျှင် အာဝါသ၌ငြိကပ်စွဲလမ်းမှု
အလိုဆန္ဒယုတ်ညံ့မှုကြောင့် ထိုမိမိဝန်တိုနှမြော
ခဲ့သည့် အာဝါသ၏အမှိုက်သရိုက်များကိုဦးခေါင်း
ဖြင့် ချီရွက်၍ လှည့်လည်နေထိုင်ရတတ်ပါတယ်။

ကုလမစ္ဆရိယကြောင့် ငါ၏တပည့်အခြွေအရံအသင်း
အပင်းတို့သည် ငါ့အားစွန့်ပစ်သွားကြကုန်ပြီလို့တွေး
တောပူပန်ကာ ရောဂါဆိုးများရရှိပြီး အသေဆိုးနဲ့
သေဆုံးရတတ်ပါတယ်။

လာဘမစ္ဆရိယကြောင့် အများပိုင်ပစ္စည်းကို မိမိပိုင်
ပစ္စည်းကဲ့သို့ ထင်မှတ်ကာ ပုဂ္ဂလိကအနေဖြင့်သုံး
ဆောင်ခံစားခြင်းကြောင့် သေလွန်သည်မှနောက်၌
ဘီလူးသော်လည်းကောင်း၊ ပြိတ္တာသော်လည်း
ကောင်း၊ စပါးကြီးစသော ခန္ဓာကိုယ်ကြီးမားတဲ့မြွေ
ကြီးမျိုး၌ဖြစ်တတ်ပါတယ်။

ဝဏ္ဏမစ္ဆရိယကြောင့် ဘ၀အဆက်ဆက် ရုပ်ရည်
အဆင်းလှပတင့်တယ်ခြင်း၊ ထင်ပေါ်ကျော်ကြား
ခြင်း မရရှိတတ်ပါဘူး။

ဓမ္မမစ္ဆရိယကြောင့် ဘ၀အဆက်ဆက် ဉာဏ်ပညာ
ထုံထိုင်းမှိုင်းအသော ဒုပ္ပညပုဂ္ဂိုလ်ဖြစ်ရတတ်ပါ
တယ်။

ဒီမစ္ဆရိယငါးပါးထဲက တစ်ပါးပါးဖြစ်သူဟာ ပစ္စုပ္ပန်
မျက်မှောက်ဘ၀မှာ အိပ်ကောင်းခြင်းမအိပ်ရ၊
စားကောင်းခြင်းမစားရ၊ အေးအေးချမ်းချမ်းမနေ
ထိုင်ရဘဲ ပူပူလောင်လောင်နေထိုင်ရခြင်းဆိုတဲ့
အကျိုးဆက်တွေကို ခံစားရမှာဖြစ်ပါတယ်။
ကြောက်တတ်မယ်ဆိုရင် အလွန်မှကြောက်လန့်
ဖွယ်ရာကောင်းလှပါတယ်။

တစ်ခါတုန်းက အနုရုဒ္ဓါမထေရ်မြတ်က အရှင်ဘုရား
တပည့်တော်သည် သေလွန်ပြီးနောက် အပါယ်ငရဲ
ကျရောက်သော မာတုဂါမများကို ဒိဗ္ဗစက္ခုအဘိညာဉ်
ဖြင့်တွေ့မြင်ရပါသည်။ အဘယ်မျှသောတရားတို့ဖြင့်
ပြည့်စုံသော မာတုဂါမသည် သေလွန်သောအခါ
အပါယ်ငရဲသို့ကျရောက်ပါသနည်းလို့ ရှင်တော်မြတ်
ဘုရားကို မေးလျှောက်ပါတယ်။

ဒီအခါ ရှင်တော်မြတ်ဘုရားက အနုရုဒ္ဓါ ဤလောက
၌ မာတုဂါမသည် နံနက်အချိန်၌၀န်တိုခြင်းမစ္ဆရိယ
ထကြွသောစိတ်ဖြင့် အိမ်မှုကိစ္စတို့၌ စီမံခန့်ခွဲ၍နေ
၏။ နေ့လယ်အချိန်၌ မနာလိုခြင်းဣဿာထကြွ
သောစိတ်ဖြင့် အိမ်မှုကိစ္စတို့ကို စီမံခန့်ခွဲ၏။ ညချမ်း
အချိန်၌ ကာမရာဂထကြွသောစိတ်ဖြင့် အိမ်မှုကိစ္စ
တို့ကို စီမံခန့်ခွဲ၍နေ၏။ အနုရုဒ္ဓါဤသုံးပါးသော
တရားတို့နှင့်ပြည့်စုံသောမာတုဂါမသည် သေလွန်
သောအခါမှာ ငရဲသို့ကျရောက်၏လို့ ဖြေကြားပါ
တယ်။ 

ဒီအမေးအဖြေမှာ အရှင်အနုရုဒ္ဓါက သူ့အမြင်အရ
မိန်းမလို့နာမည်တပ်မေးလို့ဘုရားရှင်ကလည်း
မိန်းမလို့နာမည်တပ်ဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်။
အရှင်အနုရုဒ္ဓါသာသက်တော်ထင်ရှားရှိနေခဲ့သေး
ရင် မိန်းမ ယောက်ျားလို့ မေးဖြစ်မယ်ထင်ပါတယ်။

ယခုကာလမှာ အချို့သောယောက်ျားရင့်မကြီး
တွေဟာ ဣဿာမစ္ဆရိယတရားများ မိန်းမတွေ
ထက်တောင်ထကြွသောင်းကျန်းနေကြတာကို
တွေ့ရှိရပါတယ်။ အများပိုင်ပစ္စည်းတွေကိုပုဂ္ဂလိ
ကပိုင်အဖြစ် အသုံးပြုနေကြတာကလည်း တိုင်း
သိပြည်သိ ကမ္ဘာသိပါ။ ကာမရာဂသတင်းတွေ
ကလည်း နံဟောင်နေတဲ့အထိအနံ့ထွက်နေပ
တယ်။ ဒီတရားသုံးပါးနဲ့ပြည့်စုံတဲ့သူက ကျား
ကျားမမ သေရင် အပါယ်ငရဲလားရမယ်ဆိုတာ
မလွဲဧကန်ပါပဲ။ ဒီတရားသုံးပါးနဲ့ပြည့်စုံနေရင်
ဘုရားဖြစ်ဖြစ်၊ ကျောင်းဒကာဖြစ်ဖြစ်၊ ရဟန်း
ဒကာဖြစ်ဖြစ်၊ ပိဋကတ်သုံးပုံဒကာဖြစ်ဖြစ်
သေရင်မုချ အပါယ်ငရဲကို လားရောက်ရမှာပါ။
တစ်ဘ၀တစ်ခန္ဓာအတွက်ပဲကြည့်နေရင်တော့
အနေမဖြောင့်သလို အသေလည်းမဖြောင့်နိုင်
တော့ပါဘူး။ တစ်သံသရာလုံးလည်း အောက်
တန်းစားဘ၀နဲ့ ရှင်သန်နေထိုင်သွားရမှာပါ။

ဇာတကပါဠိတော် သံကိစ္စဇာတကမှာ မနာလို
ဝန်တိုသော သူတို့သည် သေတ္တာသဏ္ဍာန်
လေးထောင့်ရှိ၍ မီးဖြင့်တောင်လောင်နေသော
သံမိုးသံကာ သံခင်းအတွင်း၌ အလျှံတပြောင်
ပြောင်တောက်လောင်နေသောမီးတို့၏ လောင်
မြှိက်ခြင်းကို နှစ်ပေါင်းများစွာခံကြရကုန်၏လို့
ဟောကြားတော်မူခဲ့ပါတယ်။

ဓမ္မပဒပါဠိတော် ဇမ္ဗုကထေရ၀တ္ထုမှာဆိုရင်
လည်း မနာလိုဝန်တိုမှုကြောင့် နှစ်ပေါင်းများစွာ
ငရဲသို့ကျခံရပြီး ငရဲမှလွတ်၍ လူ့ဘ၀ရောက်
သောအခါမှာလည်း အကျိုးဆက်အနေနဲ့ငါး
ဆယ့်ငါးနှစ်ပတ်လုံး လူ့မစင်တွေကို စားရတယ်
ဆိုတဲ့ အကြောင်းရှင်တော်မြတ်ဘုရားဟော
ကြားထားတာရှိပါတယ်။ မနာလိုဝန်တိုမှုဟာ
မိမိကို ပစ္စုပ္ပန်သံသရာ အဆက်ဆက်အေးချမ်း
မှုမှ ကင်းဝေးစေလိုသလို ပတ်ဝန်းကျင်ကို
လည်းပူလောင်စေပါတယ်။ မနာလိုဝန်တိုခြင်း
ဟု မိမိသူတစ်ပါး ကောင်းကျိုးတစ်စုံတစ်ရာ
မရှိစေပါဘူး။ ဒါကြောင့်ပစ္စုပ္ပန်တစ်ဘ၀တစ်
ခဏလေးကိုသာ ကြည့်ပြီး မနာလိုဝန်တိုမှုများ
ဖြစ်နေကြတာတွေကို သတိထားပြီး ရပ်တန့်
ကြရပါမယ်။

ပတ်ဝန်းကျင်တစ်ခုလုံး၊ တိုင်းနိုင်ငံတစ်ခုလုံး
တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်
အချစ်အမုန်းတွေကိုဘေးဖယ်ထားပြီး ဣဿာ
မစ္ဆရိယကင်းကင်းနဲ့ အလုပ်လုပ်ကြဖို့လိုပါ
တယ်။ အချစ်အမုန်းတွေနဲ့ပိုင်းခြားကန့်သတ်
ပြီး တစ်ဦးနဲ့တစ်ဦး ဣဿာမစ္ဆရိယတွေပွား
များနေပြီး၊ အများပိုင်ပစ္စည်းတွေကို ငါပိုင်
ပစ္စည်းသဖွယ် အသုံးပြုစီမံခန့်ခွဲနေမယ်ဆိ
ရင်တော့ တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်
တဲ့နိုင်ငံ ဘယ်သောအခါမှဖြစ်လာမှာမဟုတ်
ပါဘူး။ အေးအေးချမ်းချမ်းနဲ့ခေါင်းပြားအောင်
အိပ်ချင်တယ်ဆိုရင်တော့ ဣဿာမစ္ဆရိယ
တွေလျော့ချကြဖို့လိုတယ်။

0 comments:

Post a Comment