Monday, September 8, 2014

သိကြားမင်းထက်စွမ်းသူလေး




သိကြားမင်းထက်စွမ်းသူလေး

ရှေးအခါ၌ ဗာရာဏသီပြည်တွင် အံ့သြရလောက်သည့်
အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ဖူးသည်။ ယင်းမှာမင်းပေါင်း
တစ်ရာ့တစ်ပါးနှင့် နတ်သိကြားမင်းတို့က မစွမ်းနိုင်သော
ကိစ္စကို အမျိုးသမီးတစ်ဦးက စွမ်းဆောင်လိုက်ခြင်းဖြစ်
သည်။ ထိုအမျိုးသမီး၏အမည်ကား ဓမ္မဒိန္နာတည်း။
ဖြစ်ပုံကား အောက်ပါအတိုင်းဖြစ်၏။

ဗာရာဏသီမင်းသားတစ်ယောက်သည် မိမိကံအလျောက်
မင်းဖြစ်လာသည်ကို ညောင်စောင့်နတ်ကမစသည်ဟုယူဆ
ပြီး မင်းပေါင်းမိဖုရားပေါင်း တစ်ရာ့တစ်ပါးတို့၏ လည်ချောင်း
သွေးဖြင့် ညောင်စောင့်နတ်ကိုပူဇော်ရန် စီစဉ်၏။ မင်းပေါင်း
တစ်ရာ့တစ်ပါးနှင့် မိဖုရားပေါင်းတစ်ရာတို့ကို ဖမ်းယူ၏။ 
အငယ်ဆုံးဖြစ်သော ဥဂ္ဂသေနမင်း၏ မိဖုရား ဓမ္မဒိန္နာကိုမူ
ကိုယ်ဝန်အရင့်အမာနှင့်ဖြစ်သောကြောင့် မဖမ်းယူပေ။

ညောင်ပင်စောင့်နတ်လည်း မိမိကိုအကြောင်းပြု၍လူပေါင်
များစွာသေရမည်ကို မလိုလားသောကြောင့် အခြားတန်ခိုး
ကြီး နတ်များထံသွားပြီး ယဇ်ပူဇော်ပွဲကိုတားစီးပေးရန
တောင်းပန်၏။ အခြားနတ်တို့ကလည်း တားစီးခြင်းငှါမစွမ်း
နိုင်ချေ။ ဤသို့ဖြင့် နတ်မင်းကြီးလေးဦးထံရောက်သွား၏။
သူတို့သည်လည်း မစွမ်းနိုင်သောကြောင့် သိကြားမင်းထံ
ရောက်သွား၏။ ထိုအခါ သိကြားမင်းကလည်း မိမိမစွမ်း
နိုင်ကြောင်း သို့သော် စွမ်းနိုင်သူကို သိကြောင်းပြောဆိုပြီး
ဓမ္မဒိန္နာမိဖုရားကို ဗာရာဏသီမင်းဖမ်းအောင် ပရိယာယ်
ဖြင့် စေခိုင်းလိုက်၏။ ညောင်ပင်စောင့်နတ်လည်း သိကြား
မင်း ညွှန်ကြားချက်အတိုင်းပြုလုပ်ရာ ဗာရာဏသီမင်း
လည်း ဓမ္မဒိန္နာကိုဖမ်းဆီး၏။

ဓမ္မဒိန္နာရောက်လာသောအခါ အစွန်ဆုံးတွင်ထိုင်နေသော
အငယ်ဆုံးဖြစ်သည့် ဥဂ္ဂသေနမင်းကိုသာ ရှိခိုးပြီးထိုင်၏။
ထိုအခါ ဗာရာဏသီမင်းကြီးက ငါအကြီးဆုံးဖြစ်လျက်ငါ့
အားရှိမခိုးဘဲ အဘယ်ကြောင့် အငယ်ဆုံးဖြစ်သည့် ဥဂ္ဂ
သေနမင်းကိုရှိခိုးရသနည်းဟု ဒေါသထွက်၏။ ဓမ္မဒိန္နာကို
မေးသောအခါ ဓမ္မဒိန္နာက ဥဂ္ဂသေနမင်းသည်စည်းစိမ်
ချမ်းသာနှင့် အစိုးရခြင်းစသည်တို့ကို ပေးသနားတော်မူ
၏။ အရှင်မင်းကြီးကား ထိုစည်းစိမ်ချမ်းသာနှင့် အစိုးရ
ခြင်းစသည်တို့ကို ဖျက်စီး၏။ ထို့ကြောင့် ဥဂ္ဂသေနမင်း
ကိုသာ ရှိခိုး၍ သင်မင်းကြီးကို ရှိမခိုးနိုင်ပါဟု ဖြေ၏။
ဓမ္မဒိန္နာ၏ စကားအဆုံးတွင် ညောင်ပင်စောင့်နတ်က
ကိုယ်ထင်ပြ၍ သာဓုသုံးကြိမ်ခေါ်၏။

တစ်ဖန် ဗာရာဏသီမင်းက ငါ့ကို ရှိမခိုးမူရှိစေဦးတော့
စည်းစိမ်ချမ်းသာကိုပေးတတ်ပြီး တန်ခိုးအာနုဘော်
ကြီးမားသည့် ညောင်ပင်စောင့်နတ်ကိုမူ ရှိခိုးသင့်လျက်
အဘယ်ကြောင့် ရှိမခိုးသနည်းဟု မေးပြန်၏။ ဓမ္မဒိန္နာ
က သင်သည် သင်၏ကောင်းမှုကုသိုလ်ကံကြောင့်
မင်းစည်းစိမ်ချမ်းသာကို ရခြင်းဖြစ်သည်။ ညောင်ပင်
စောင့်နတ်၏ မစမှုကြောင့်မဟုတ်ဟု ပြောရာညောင်
ပင်စောင့်နတ်က ကိုယ်ထင်ပြ၍ သာဓုသုံးကြိမ်ခေါ်ပြန်
၏။ ဓမ္မဒိန္နာကပင်ဆက်လက်၍ အကယ်၍သာမင်းကြီး
ပြောသည့်အတိုင်း ညောင်ပင်စောင့်နတ်မင်းက တန်ခိုး
အာနုဘော်ရှိသည်မှန်လျှင် ဤညောင်ပင်အားလောင်
ကျွမ်းနေသောမီးကို တန်ခိုးအာနုဘော်ဖြင့် ငြိမ်းစေနိုင်
လိမ့်မည်။ ယခုမူ ညောင်ပင်တစ်ဘက်ခြမ်း၌ မီးလောင်
ကျွမ်းခြင်းခံထားရပါသည်။ အဘယ်ကြောင့် ညောင်
ပင်စောင့်နတ်က တန်ခိုးအာနုဘော်ဖြင့် မငြိမ်းစေသ
နည်းဟု ပြောရာ ညောင်ပင်စောင့်နတ်လည်းရှေးအတူ
သာဓုခေါ်ပြန်၏။

ထိုသို့ပြောရင်း ဓမ္မဒိန္နာသည် ငိုလည်းငို၏။ တစ်ဖန်
ရယ်လည်းရယ်ပြန်၏။ ထိုတွင်ငိုခြင်း၏အကြောင်းကိ
မင်းကြီးအားမေးမြန်းသောအခါ သူမသည်အတိတ်
ဘ၀တွင် သိုးမတစ်ကောင်ကိုသတ်မိ၍ ငရဲတွင် ကျ
ရောက်ခဲ့ရကြောင်း သိုးမအမွှေး၏အရေအတွက်နှင့်
အမျှလည်း ဘ၀တိုင်းတွင် ခေါင်းဖြတ် အသတ်ခံရ
ကြောင်း၊ မင်းကြီးသာ ဤမျှသော လူအပေါင်းကို
သတ်လျှင် မင်းကြီးလည်း ဆင်းရဲဒုက္ခရောက်ရပေ
တော့မည်။ ဤအကြောင်းကို တွေးမိ၍ စိုးရိမ်ပူပန်
သောကြောင့် ငိုကြွေးမိပါသည်ဟု ငိုကြွေးရခြင်း၏
အကြောင်းကို လျှောက်၏။ ရယ်ရခြင်း၏အကြောင်း
ကို မေးမြန်းသောအခါ ထိုဆင်းရဲမှ လွတ်မြောက်
ပြီးဖြစ်၍ ရယ်မိပါသည်ဟုလျှောက်ထားရာ ဗာရာ
ဏသီမင်းလည်း အမြင်မှန်ရသွားပြီး မင်းပေါင်း
မိဖုရားပေါင်း တစ်ရာ့တစ်ပါးတို့ကို ပြန်လွှတ်လိုက်
လေ၏။

အထက်ပါဖြစ်ရပ်ကိုကြည့်လျှင် မည်မျှအံ့သြဖွယ်
ကောင်းလိုက်သနည်း။ နတ်မင်းကြီးလေးပါးနှင့်
တကွ သိကြားမင်းသည်ပင် မစွမ်းဆောင်နိုင်
သော အမှုကို ဓမ္မဒိန္နာဆိုသော အမျိုးသမီးတစ်
ဦးတည်းက အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့
သည်။ ဤသို့စွမ်းနိုင်ခြင်းမှာ ပညာမရှိလျှင် ဖြစ်
နိုင်ပါမည်လော။ မင်းပေါင်းတစ်ရာ့တစ်ပါးက
လည်း ဘာမျှမစွမ်းဆောင်နိုင်သော ကိစ္စကို
အမျိုးသမီးတစ်ဦးတည်းက စွမ်းဆောင်နိုင်သည်
မှာ ချီးမွှန်းစရာအလွန်ကောင်းသောဖြစ်ရပ်ဟုဆို
ရလျှင် သိကြားမင်းကပင် မစွမ်းဆောင်နိုင်သော
ကိစ္စကို စွမ်းနိုင်သောကြောင့်သိကြားမင်းထက်
အစွမ်းထက်ခဲ့သူဟု ဆိုရပေတော့မည်။ ထို့ကြောင့်
မဃဒေ၀၌ 
ဗြဟ္မာမင်းကြီး သဘောသီး၍ ထီးစင်းတစ်ရာ
သတ်မည့်ခါ၌ ဣန္ဒာထွတ်ဖျား သိကြားသော်လျက်၊
ကြံ့နိုင်ခက်လည်း၊ ထက်မြက်ပြင်းရှိန်၊ ၀ရဇိန်သို့၊
ဓမ္မဒိန်မည်၊ ဉာဏ်ရည်ထူးမြတ်၊ ဒေ၀ီနတ်လျှင်၊
သက်လွတ်ချမ်းသာ ရစေပါ၏ဟု စပ်ဆို၍ ချီးကျူး
ထားသည်။

အရှင်ကောလိယ ( မြိုင်နန်းမြေ - ရဝေသျှင် )
အမျိုးသမီးဘ၀နှင့် ဗုဒ္ဓအမြင်မှ

0 comments:

Post a Comment