Monday, September 8, 2014

စေတနာပါမှ ဒါနဖြစ်တယ်



စေတနာပါမှ ဒါနဖြစ်တယ်

တစ်ခါတုန်းက ဗာရာဏသီပြည်မှာ အင်မတန်
ချမ်းသာကြွယ်ဝတဲ့ သူဋ္ဌေးနှစ်ဦးရှိခဲ့ဖူးတယ်။
အဲဒီသူဋ္ဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေဖြစ်
တာမို့ တစ်ဦးနဲ့တစ်ဦး အင်မတန်ချစ်ခင်ကြသ
တဲ့။

ဒါပေမယ့် သူငယ်ချင်းသူဋ္ဌေးနှစ်ယောက်ဟာ
တစ်ယောက်နဲ့တစ်ယောက်စရိုက်ချင်းမတူကြ
ဘူး။ သူဋ္ဌေးတစ်ယောက်ကဂုဏ်ပကာသနတွေ
ကို ခင်မင်ပြီး အလွန်ကြွားဝါချင်တယ်။ စေတနာ
သဒ္ဓါမပါဘဲ နာမည်ကောင်းရအောင်ဆိုပြီးအလွန်
အကျွံအလှူအတန်းလုပ်တယ်။ ကျန်သူဋ္ဌေးတစ်
ယောက်ကတော့ လှူသင့်သလောက်လှူ စား
သင့်သလောက်စားပြီး ရိုးရိုးအေးအေးပဲနေထိုင်
ပါတယ်။

ဒီလိုနဲ့နှစ်အနည်းငယ်ကြာတဲ့အခါမှာ ဂုဏ်လိုချင်
လို့ အလှူအတန်းအများကြီးလုပ်တဲ့ သူဋ္ဌေးဟာ
တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေဆုံးပါးပြီး ဆင်းရဲ
သွားသတဲ့။ ဒါနဲ့ဆင်းရဲသွားတဲ့ သူဋ္ဌေးဟာ သူ့မှာ
ဘာမျှရောင်းချသုံးစွဲစရာ ပစ္စည်းမရှိတော့လို့ သူ
ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုပဲ
သူငယ်ချင်းသူဋ္ဌေးထံရောင်းချတော့မယ်လို့ စိတ်
ကူးနဲ့ဇနီးဖြစ်သူကိုပါ အတူခေါ်ပြီးတော့ သူငယ်
ချင်းသူဋ္ဌေးထံကိုထွက်လာခဲ့တယ်။

အဲဒီလိုခရီးထွက်လာရင်းလမ်းခုလတ်မှာ အမော
အပန်းဖြေကာပါလာတဲ့ ထမင်းထုပ်ကိုစားမယ်
ဆိုပြီးဖြေလိုက်တယ်။ ထမင်းထုပ်ကလည်း
ငယ်ငယ်မို့ နှစ်ယောက်ဝေမျှပြီးစားရတယ်။
အဲဒီအခိုက်မှာ ခွေးပိန်ကလေးတစ်ကောင်ဟာ
ယိုင်တိယိုင်ထိုးနဲ့ဇရပ်နားကပ်လာသတဲ့။ အဲဒီ
အခါမှာ ထမင်းစားနေတဲ့ သူဋ္ဌေးဆင်းရဲက
ရှင်မရယ် ကြည့်စမ်းပါဦး ခွေးပိန်ကလေးဟာ
အစာမစားရတာကြာလို့ လမ်းကောင်းကောင်း
မလျှောက်နိုင်တာနဲ့ တူပါရဲ့။ သနားစရာလေး
ကွာ။ အခုတို့စားနေတဲ့ထမင်းထုပ်ကို ခွေးက
လေးကိုကျွေးလိုက်ရအောင်လို့ ဇနီးဖြစ်သူကို
ပြောလိုက်တယ်။

ဇနီးဖြစ်သူကလည်း သဘောတူကြည်ဖြူစွာ
သူတို့စားမယ့်ထမင်းထုပ်ကို ခွေးပိန်ကလေး
ဝအောင်စားပါစေဆိုတဲ့စေတနာနဲ့ အကုန်လုံး
ချကျွေးပါတယ်။ သူတို့နှစ်ယောက်ကတော့
ဇရပ်နဘေးက ရေအိုးစင်မှာ ရေအ၀ခပ်
သောက်ပြီး ခရီးဆက်ခဲ့ကြသတဲ့။

ဒီလိုနဲ့ သူငယ်ချင်းသူဋ္ဌေးထံ သူတို့ဇနီးမောင်နှံ
ရောက်သွားတဲ့အခါ သူငယ်ချင်းသူဋ္ဌေးကိုဆင်းရဲ
သွားတဲ့သူဋ္ဌေးက ငါတို့ပြုထားတဲ့ကုသိုလ်ကောင်း
မှုတွေ ရောင်းချဖို့ သူငယ်ချင်းထံလာခဲ့တာပဲ။
သဘောတူဝယ်မယ်ဆိုရင် တစ်ဘ၀လုံးပြုထား
တဲ့ကုသိုလ်အကုန်ရောင်းခဲ့မှာလို့ ပြောပြသတဲ့။

အဲဒီအခါ သူငယ်ချင်းသူဋ္ဌေးကလည်းဝမ်းသာ
အားရနဲ့ ရောင်းသမျှကုသိုလ်ကောင်းမှုကိုဝယ်
ယူပါ့မယ်ဗျာလို့ဆိုလိုက်ကာ ကုသိုလ်ကောင်းမှု
များကို ချိန်ခွင်ထဲမှာထည့်ပြီးချိန်ခိုင်းပါတယ်။
အဲဒီအခါ စေတနာအရင်းမခံဘဲဂုဏ်ပကာသန
တွေကို လိုချင်တာနဲ့ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေဖြစ်
တာမို့ လေးတယ်လို့မရှိဘဲ ငွေဘက်ကပဲအမြဲ
အလေးသာနေသတဲ့။ ကျောင်းကုသိုလ်၊ ဇရပ်
ကုသိုလ်၊ ရေကန်ကုသိုလ်၊ ဘာကုသိုလ်ပဲ
ထည့်ထည့် ကုသိုလ်ဘက်က အလေးမသာဘဲ
ငွေဘက်ကဘဲအလေးသာနေတယ်။

ဒီလိုနဲ့တစ်ဘ၀လုံးပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ
ချပြီး ချိန်ကြည့်လိုက်တာ ကုသိုလ်ကောင်းမှုတွေ
သာကုန်သွားတယ်။ အလေးချိန်ကတော့တက်
မလာဘူးတဲ့။ ချိန်ခွင်ထဲမှာထည့်ထားတဲ့ ငွေသား
ကလည်းမဖြစ်စလောက် (၁)ပိဿာပဲရှိသတဲ့။
ဒါတောင်ကုသိုလ်ကမနိုင်ဘူးဖြစ်နေတယ်။

အဲဒီအခါမှာကုသိုလ်ဝယ်မယ့်သူဋ္ဌေးကလည်း
ဟင် သူငယ်ချင်း မင်းကုသိုလ်တွေက ဒါအကုန်
ပဲလား၊ ကျန်နေတာရှိရင် စဉ်းစားပါဦးလို့ ပြောပြ
တယ်။ ဆင်းရဲသွားတဲ့သူဋ္ဌေးလည်း ခေါင်းကုတ်
ပြီး စဉ်းစားလိုက်တာ နောက်ဆုံးလမ်းခရီးမှာ
ခွေးပိန်ကလေးတစ်ကောင်ကို ထမင်းတစ်နပ်
အငတ်ခံပြီးတော့ ကျွေးခဲ့တဲ့ကုသိုလ်ကပေါ်လာ
တယ်။ အဲဒါနဲ့သူဋ္ဌေးဆင်းရဲလည်း ဟာ သူငယ်
ချင်း။ တို့လင်မယား အခုမင်းဆီလာတုန်းက
လမ်းမှာ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့
ကုသိုလ်ကျန်သေးတယ်။ အဲဒီကုသိုလ်ကို
လည်း ထည့်ချိန်လိုက်ပါလို့ ၀မ်းသာအားရပြော
ပြတယ်။

အဲဒီအခါ ငတ်သေလုဆဲဆဲခွေးပိန်ကလေးကို
စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ကုသိုလ်ဟာ
အနှစ်သာရအပြည့်အ၀ပါတာမို့ ကုသိုလ်ဘက်
ကအလေးသာလာတယ်။ ကုသိုလ်ဝယ်တဲ့သူဋ္ဌေး
ကလည်း သူပိုင် ငွေသားတွေမက ရွှေသားတွေ
ပါထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက်ကပဲအလေး
သာနေတယ်။ နောက်ဆုံးသူပိုင်သမျှဥစ္စာဓနတွေ
အကုန်လုံးပုံထည့်ပေးတာတောင်မှ ခွေးပိန်ကလေး
ကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဘက်ကပဲ အလေး
သာနေလေတော့ ကုသိုလ်ဝယ်တဲ့သူဋ္ဌေးက ကဲ
သူငယ်ချင်း ငါ့စည်းစိမ်တော့ကုန်ပြီ။ ငါ့အတွက်
ပစ္စည်းတစ်ဝက်ချန်ထားပြီး မင်းကုသိုလ်တစ်ဝက်
အတွက် ငါ့ပစ္စည်းတစ်ဝက်ကိုသာ ယူသွားပေ
တော့လို့ဆိုပြီး ကုသိုလ်တစ်ဝက်ဖိုးအဖြစ် သူ့ဥစ္စာ
ဓနတစ်ဝက်ဖိုးဆင်းရဲသွားတဲ့ သူဋ္ဌေးကို ခွဲဝေပေး
လိုက်ပါတယ်။

ပြီးတော့ သူငယ်ချင်း နောက်ဆိုရင် သဘောပေါက်
စေတနာရှိမှ လှူပါကွာ။ ဂုဏ်ပကာသနကိုမမက်
ပါနဲ့။ ပျော်ရုံသက်သက်ပြုလုပ်ထားတဲ့ အရေခြုံ
ကုသိုလ်ဆိုတာ ငွေကုန်တာကလွဲလို့ ဘာအကျိုး
မျှမဖြစ်ထွန်းပါဘူး။ အသိဉာဏ်နဲ့ယှဉ်ပြီး ကုသိုလ်
ပြုတတ်ရင် ငွေကုန်နည်းပေမယ့် တစ်လုံးတစ်ခဲ
တည်းအကျိုးပေးပါတယ်လို့ သတိပေးစကားလည်း
ပြောကြားလိုက်ပါသတဲ့။

ဒီပုံပြင်ကလေးဟာ နည်းနည်းဒဏ္ဍာရီဆန်ပေမယ့်
တကယ့်ဘ၀ကလူသားတွေကိုတော့ထင်ဟပ်ပေါ်
လွင်စေပါတယ်။ ဒါနကောင်းမှုပြုတဲ့အခါစေတနာ
ဒါန၊ ၀တ္ထုဒါန နှစ်မျိုးမှာ စေတနာဒါနကပိုပြီးတော့
ပဓာနကျပါတယ်။ ဒါကြောင့်မို့တစ်ခါတစ်ရံညောင်
စေ့ကလေးလောက်လှူပြီးတော့ ညောင်ပင်ကြီး
လောက် အကျိုးတွေရတာရှိသလို ညောင်ပင်ကြီး
လောက်လှူဒါန်းပြီး ညောင်စေ့ကလေးလောက်ပဲ
အကျိုးတွေရတာလဲရှိတတ်ပါတယ်။ ကံအကျိုး
ပေးနေရာမှာတော့ စေတနာဟာ အဓိကဇာတ်
ကောင်ပဲဖြစ်ပါတယ်။

စေတနာကောင်းရင် ကံအကျိုးပေးလည်းကောင်း
တတ်တာမို့ ကံကောင်းလိုသူတွေဟာ စေတနာ
ကောင်းမွန်အောင် ဂရုစိုက်ကြရမှာပါ။ များသော
အားဖြင့် စေတနာဆိုတာကလည်း သူ့အလိုလို
ကောင်းမွန်ခဲ့တာမို့ ကိုယ့်ဘက်က သဒ္ဓါ၊ မေတ္တာ
ပညာအားတွေများများစိုက်ထုတ်ပြီး ပြုပြင်ယူကြ
ရမှာပါ။

သဒ္ဓါတရားဆိုတာ ကံ ကံရဲ့အကျိုးပေးနဲ့ရတနာ
သုံးပါးရဲ့စွမ်းရည်သတ္တိဂုဏ်ကျေးဇူးတွေကိုသိမြင်
ယုံကြည်လက်ခံနိုင်တဲ့သဘောပါ။ သူကရှေးက
ကောင်းလို့ အခုကောင်းတယ်။ အခုကောင်းနောင်
ကောင်းပါလိမ့်မယ်ဆိုတဲ့အကြောင်း အကျိုးကွင်း
ဆက်ကို လက်ညှိုးထိုးညွှန်ပြပေးပါလိမ့်မယ်။

မေတ္တာတရားဆိုတာကောင်းကျိုးလိုလားတဲ့ချစ်ခင်
ကြင်နာမှုပါ။ သူကတော့ မုန်းငြိုးပစ်မှားဒေါသအာ
ဃာတတရားတွေကို ဖယ်ရှားပြီး အလှူခံပုဂ္ဂိုလ်
တွေအပေါ်မှာ ချစ်ကြင်နာမှုနဲ့အတူ နူးညံ့သိမ်မွေ့
စိတ်အားပြည့်စေပါလိမ့်မယ်။

ပညာဆိုတာ အမှောင်ပယ်ခွင်း စိတ်ဓါတ်ကိုအလင်း
ရစေခြင်းပါပဲ။ သူကဒါနကုသိုလ်ရဲ့ဆန့်ကျင်ဘက
အညစ်အကြေးတွေဖြစ်တဲ့အရာရာမှာတက်မက်
တွယ်တာလိုမှုလောဘနဲ့ကပ်စေးနှဲနှမျောတွန့်တိုမှု
မစ္ဆရိယတရားတွေကို ပယ်ဖျက်ချိုးနှိမ်ပေးတတ်ပါ
တယ်။

ဒါကြောင့်အလှူဒါနတစ်ခုပြုတဲ့အခါမှာ နာမည်
ကောင်းရရေး၊ ကြွားဝါရရေးထက် သဒ္ဓါ၊ မေတ္တာ
ပညာပြည့်ဝရေးကိုသာ အထူးဂရုပြုကြရမှာပါ။
ဘ၀သံသရာမှာ ကျင်လည်နေကြရပြီဆိုရင်
လောကပကာသနနောက်လိုက်ပြီး ဟန်ဆောင်
ပန်ဆောင်ပြုလုပ်ထားတဲ့ ဆေးဆိုးပန်းရိုက် စိတ်
စေတနာတွေထက် သဒ္ဓါ မေတ္တာ၊ ပညာတရား
တွေပြည့်ဝတဲ့ သဘာဝအလှစိတ်စေတနာတွေ
ကသာ တကယ့်အားကိုးရာအစစ်ဖြစ်ပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း

ဣရိယာပုတ်လေးပါးတို့တွင် ဘယ်ဣရိယာပုတ်ကို ဘုရားရှင်ကြည်ညိုလေးစားပါသလဲ



္တ္တွဣရိယာပုတ်လေးပါးတို့တွင် ဘယ်ဣရိယာပုတ်ကို
ဘုရားရှင်ကြည်ညိုလေးစားပါသလဲ
ဒကာ ။ ။ တရားဓမ္မအားထုတ်မှတ်သားပွားများတဲ့
အခါ ထိုင် ရပ် လျောင်း သွား လေးပါးသော ဣရိယာ
ပထတို့တွင် ဘယ်ဣရိယာပုတ်ကို မြတ်စွာဘုရား
ကြည်ညိုလေးစားတော်မူပါသလဲ ဆရာတော်ကျမ်းဂန်
နဲ့ ထုတ်ဆောင်ပြပေးပါ ဘုရား။
ဆရာ ။ ။ အင်းလေးဝတသော ဣရိယာပုတ်တို့
တွင် တရားအားထုတ်သောအခါ ကြည်ညိုဖွယ်ရာ
ဣနြေ္ဓသိက္ခာအပြည့်ဝဆုံး ဣရိယာပုတ်တစ်ပါးကိုစီ
စစ်ဆေးကြည့်ကြရှုရအောင် နားထောင်ပါ။
၁။ စင်္ကြန်သွားသောယောဂီ၏ ခြေ လက် ဦးခေါင်း
စတဲ့ ကိုယ်အင်္ဂါများဟာ လှုပ်ရှားနေတယ်။ မငြိမ်
သက်ဘူးတဲ့။
၂။ ရပ်တည်နေသော ယောဂီ၏ကိုယ်ဒြပ်သည်
တောင့်တောင့် မတ်မတ် ခိုင်ခိုင်ကြီးဖြစ်နေတယ်တဲ့။
၃။ ကိုယ်ကိုလျောင်းလျက် အိပ်စက်နေသော ယောဂီ
၏ကိုယ်ကာယသည် နှစ်သက်ကြည်ညိုဖွယ်မရှိလှချေ
တဲ့။
၎။ တင်ပါးနှစ်ခုကို ပလ္လင်ခံထိုင်လျက် ပေါင်နှစ်ချောင်း
နှင့်သလုံးမြင်းခေါင်း ခြေချောင်းနှစ်ဖက်တို့ကိုထက်
ဝယ်ဖွဲ့ခွေကာ ခါးရိုးကျောဆစ်များကို မတ်စွာထား၍
ထိုင်နေသောယောဂီ၏ထိုင်ခြင်း ဣရိယာပုတ်သည်
သာ မြင်ရသူတိုင်းတင့်တယ်၍ကြည်ညိုဖွယ်ဖြစ်လေ
သည်တဲ့။
ဒါကြောင့် ဣရိယာပုတ်လေးပါးတို့တွင် တင်ပျင်ခွေ
ထိုင်နေခြင်း ဣရိယာပထကိုသာ မြတ်ဘုရားနဲ့မြင်
ရသူနတ် လူအများ တို့ကပါ ကြည်ညိုလေးစားကြ
လေသည်လို့မှတ်ရမည်တဲ့။
ကျမ်းဂန်အထောက်အထားကတော့ ပက္ကုသာတိ
မင်းကြီးနဲ့ ဗိမ္ဗိသာရမင်းနှစ်ပါးကိုချစ်ကြည်ရေးဇာတ်
လမ်းတရားတော်မှာ မြတ်စွာဘုရားသခင်ကိုယ်တော်
မြတ်သည် ညသန်းခေါင်ယံကာလ ကယ်တင်ချေချွတ်
ရမည့်သတ္တ၀ါကို ဉာဏ်တော်ကွန်ယက်ကိုဖြန့်ကျက်
ကြည့်ရှုတော်မူသောအခါ ဘဂ္ဂ၀အိုးထိန်းသည်အိုး
လုပ်ရာတည်းခိုရာဌာန၌ ခြေလက်ဦးခေါင်းတို့လှုပ်
ရှားခြင်း လုံးဝကင်းလျက်တင်ပျင်ခွေထိုင်ကာရွှေ
ဆင်းတုရုပ်ပုံပမာ ပက္ကုသာတိအမျိုးကောင်းသား
ဘုရင်မင်းတရားကိုမြင်တော်မူသော မြတ်စွာဘုရား
သခင်ကိုယ်တော်မြတ်၏ စိတ်တော်ဓါတ်ဝယ် ဤ
ပက္ကုသာတိအမျိုးကောင်းသားသည် ကြည်ညို
ဖွယ်ကိုဆောင်သော ဣရိယာပုတ်ဖြင့်ထိုင်နေ၏။
ထင့်တယ်သပ်ရပ်လှပေ၏ဟု ထင်မြင်ဖြစ်ပေါ်လာ
သည်တဲ့။
ဤနည်းပုံအတိုင်း အာနာပါန စတုတ္ထဈာန်ကိုဝင်
စားကာ တင်ပျဉ်ခွေထိုင်နေရှာသော ပက္ကုသာတိ
အမျိုးကောင်းသား၏ ထိုင်နေပုံဣရိယာပုတ်ဖြင့်
ပင် ကြည်ညိုတော်မူရကား မြတ်စွာဘုရားသခင်
ကပင် စကားစတင်ပြောကြားဖို့ကို ဆင်ခြင်အား
ထုတ်တော်မူလေသည်တဲ့။
ကဲ အဲဒါဟာ ကျမ်းဂန်အထောက်အထား သက်
သေသာဓကများပါပဲဗျား၊ ဘာများပြောချင်သေး
လဲဘုရား။
ဒကာ ။ ။ အားရကျေနပ်နှစ်မြို့စရာအဖြေလွှာ
ပါပဲဘုရား။
သုတေသနသရုပ်ပြ အဘိဓါန်ကျမ်းပြုဆရာတော်
အရှင်သြဘာသာဘိဝံသ

သိကြားမင်းထက်စွမ်းသူလေး




သိကြားမင်းထက်စွမ်းသူလေး

ရှေးအခါ၌ ဗာရာဏသီပြည်တွင် အံ့သြရလောက်သည့်
အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ဖူးသည်။ ယင်းမှာမင်းပေါင်း
တစ်ရာ့တစ်ပါးနှင့် နတ်သိကြားမင်းတို့က မစွမ်းနိုင်သော
ကိစ္စကို အမျိုးသမီးတစ်ဦးက စွမ်းဆောင်လိုက်ခြင်းဖြစ်
သည်။ ထိုအမျိုးသမီး၏အမည်ကား ဓမ္မဒိန္နာတည်း။
ဖြစ်ပုံကား အောက်ပါအတိုင်းဖြစ်၏။

ဗာရာဏသီမင်းသားတစ်ယောက်သည် မိမိကံအလျောက်
မင်းဖြစ်လာသည်ကို ညောင်စောင့်နတ်ကမစသည်ဟုယူဆ
ပြီး မင်းပေါင်းမိဖုရားပေါင်း တစ်ရာ့တစ်ပါးတို့၏ လည်ချောင်း
သွေးဖြင့် ညောင်စောင့်နတ်ကိုပူဇော်ရန် စီစဉ်၏။ မင်းပေါင်း
တစ်ရာ့တစ်ပါးနှင့် မိဖုရားပေါင်းတစ်ရာတို့ကို ဖမ်းယူ၏။ 
အငယ်ဆုံးဖြစ်သော ဥဂ္ဂသေနမင်း၏ မိဖုရား ဓမ္မဒိန္နာကိုမူ
ကိုယ်ဝန်အရင့်အမာနှင့်ဖြစ်သောကြောင့် မဖမ်းယူပေ။

ညောင်ပင်စောင့်နတ်လည်း မိမိကိုအကြောင်းပြု၍လူပေါင်
များစွာသေရမည်ကို မလိုလားသောကြောင့် အခြားတန်ခိုး
ကြီး နတ်များထံသွားပြီး ယဇ်ပူဇော်ပွဲကိုတားစီးပေးရန
တောင်းပန်၏။ အခြားနတ်တို့ကလည်း တားစီးခြင်းငှါမစွမ်း
နိုင်ချေ။ ဤသို့ဖြင့် နတ်မင်းကြီးလေးဦးထံရောက်သွား၏။
သူတို့သည်လည်း မစွမ်းနိုင်သောကြောင့် သိကြားမင်းထံ
ရောက်သွား၏။ ထိုအခါ သိကြားမင်းကလည်း မိမိမစွမ်း
နိုင်ကြောင်း သို့သော် စွမ်းနိုင်သူကို သိကြောင်းပြောဆိုပြီး
ဓမ္မဒိန္နာမိဖုရားကို ဗာရာဏသီမင်းဖမ်းအောင် ပရိယာယ်
ဖြင့် စေခိုင်းလိုက်၏။ ညောင်ပင်စောင့်နတ်လည်း သိကြား
မင်း ညွှန်ကြားချက်အတိုင်းပြုလုပ်ရာ ဗာရာဏသီမင်း
လည်း ဓမ္မဒိန္နာကိုဖမ်းဆီး၏။

ဓမ္မဒိန္နာရောက်လာသောအခါ အစွန်ဆုံးတွင်ထိုင်နေသော
အငယ်ဆုံးဖြစ်သည့် ဥဂ္ဂသေနမင်းကိုသာ ရှိခိုးပြီးထိုင်၏။
ထိုအခါ ဗာရာဏသီမင်းကြီးက ငါအကြီးဆုံးဖြစ်လျက်ငါ့
အားရှိမခိုးဘဲ အဘယ်ကြောင့် အငယ်ဆုံးဖြစ်သည့် ဥဂ္ဂ
သေနမင်းကိုရှိခိုးရသနည်းဟု ဒေါသထွက်၏။ ဓမ္မဒိန္နာကို
မေးသောအခါ ဓမ္မဒိန္နာက ဥဂ္ဂသေနမင်းသည်စည်းစိမ်
ချမ်းသာနှင့် အစိုးရခြင်းစသည်တို့ကို ပေးသနားတော်မူ
၏။ အရှင်မင်းကြီးကား ထိုစည်းစိမ်ချမ်းသာနှင့် အစိုးရ
ခြင်းစသည်တို့ကို ဖျက်စီး၏။ ထို့ကြောင့် ဥဂ္ဂသေနမင်း
ကိုသာ ရှိခိုး၍ သင်မင်းကြီးကို ရှိမခိုးနိုင်ပါဟု ဖြေ၏။
ဓမ္မဒိန္နာ၏ စကားအဆုံးတွင် ညောင်ပင်စောင့်နတ်က
ကိုယ်ထင်ပြ၍ သာဓုသုံးကြိမ်ခေါ်၏။

တစ်ဖန် ဗာရာဏသီမင်းက ငါ့ကို ရှိမခိုးမူရှိစေဦးတော့
စည်းစိမ်ချမ်းသာကိုပေးတတ်ပြီး တန်ခိုးအာနုဘော်
ကြီးမားသည့် ညောင်ပင်စောင့်နတ်ကိုမူ ရှိခိုးသင့်လျက်
အဘယ်ကြောင့် ရှိမခိုးသနည်းဟု မေးပြန်၏။ ဓမ္မဒိန္နာ
က သင်သည် သင်၏ကောင်းမှုကုသိုလ်ကံကြောင့်
မင်းစည်းစိမ်ချမ်းသာကို ရခြင်းဖြစ်သည်။ ညောင်ပင်
စောင့်နတ်၏ မစမှုကြောင့်မဟုတ်ဟု ပြောရာညောင်
ပင်စောင့်နတ်က ကိုယ်ထင်ပြ၍ သာဓုသုံးကြိမ်ခေါ်ပြန်
၏။ ဓမ္မဒိန္နာကပင်ဆက်လက်၍ အကယ်၍သာမင်းကြီး
ပြောသည့်အတိုင်း ညောင်ပင်စောင့်နတ်မင်းက တန်ခိုး
အာနုဘော်ရှိသည်မှန်လျှင် ဤညောင်ပင်အားလောင်
ကျွမ်းနေသောမီးကို တန်ခိုးအာနုဘော်ဖြင့် ငြိမ်းစေနိုင်
လိမ့်မည်။ ယခုမူ ညောင်ပင်တစ်ဘက်ခြမ်း၌ မီးလောင်
ကျွမ်းခြင်းခံထားရပါသည်။ အဘယ်ကြောင့် ညောင်
ပင်စောင့်နတ်က တန်ခိုးအာနုဘော်ဖြင့် မငြိမ်းစေသ
နည်းဟု ပြောရာ ညောင်ပင်စောင့်နတ်လည်းရှေးအတူ
သာဓုခေါ်ပြန်၏။

ထိုသို့ပြောရင်း ဓမ္မဒိန္နာသည် ငိုလည်းငို၏။ တစ်ဖန်
ရယ်လည်းရယ်ပြန်၏။ ထိုတွင်ငိုခြင်း၏အကြောင်းကိ
မင်းကြီးအားမေးမြန်းသောအခါ သူမသည်အတိတ်
ဘ၀တွင် သိုးမတစ်ကောင်ကိုသတ်မိ၍ ငရဲတွင် ကျ
ရောက်ခဲ့ရကြောင်း သိုးမအမွှေး၏အရေအတွက်နှင့်
အမျှလည်း ဘ၀တိုင်းတွင် ခေါင်းဖြတ် အသတ်ခံရ
ကြောင်း၊ မင်းကြီးသာ ဤမျှသော လူအပေါင်းကို
သတ်လျှင် မင်းကြီးလည်း ဆင်းရဲဒုက္ခရောက်ရပေ
တော့မည်။ ဤအကြောင်းကို တွေးမိ၍ စိုးရိမ်ပူပန်
သောကြောင့် ငိုကြွေးမိပါသည်ဟု ငိုကြွေးရခြင်း၏
အကြောင်းကို လျှောက်၏။ ရယ်ရခြင်း၏အကြောင်း
ကို မေးမြန်းသောအခါ ထိုဆင်းရဲမှ လွတ်မြောက်
ပြီးဖြစ်၍ ရယ်မိပါသည်ဟုလျှောက်ထားရာ ဗာရာ
ဏသီမင်းလည်း အမြင်မှန်ရသွားပြီး မင်းပေါင်း
မိဖုရားပေါင်း တစ်ရာ့တစ်ပါးတို့ကို ပြန်လွှတ်လိုက်
လေ၏။

အထက်ပါဖြစ်ရပ်ကိုကြည့်လျှင် မည်မျှအံ့သြဖွယ်
ကောင်းလိုက်သနည်း။ နတ်မင်းကြီးလေးပါးနှင့်
တကွ သိကြားမင်းသည်ပင် မစွမ်းဆောင်နိုင်
သော အမှုကို ဓမ္မဒိန္နာဆိုသော အမျိုးသမီးတစ်
ဦးတည်းက အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့
သည်။ ဤသို့စွမ်းနိုင်ခြင်းမှာ ပညာမရှိလျှင် ဖြစ်
နိုင်ပါမည်လော။ မင်းပေါင်းတစ်ရာ့တစ်ပါးက
လည်း ဘာမျှမစွမ်းဆောင်နိုင်သော ကိစ္စကို
အမျိုးသမီးတစ်ဦးတည်းက စွမ်းဆောင်နိုင်သည်
မှာ ချီးမွှန်းစရာအလွန်ကောင်းသောဖြစ်ရပ်ဟုဆို
ရလျှင် သိကြားမင်းကပင် မစွမ်းဆောင်နိုင်သော
ကိစ္စကို စွမ်းနိုင်သောကြောင့်သိကြားမင်းထက်
အစွမ်းထက်ခဲ့သူဟု ဆိုရပေတော့မည်။ ထို့ကြောင့်
မဃဒေ၀၌ 
ဗြဟ္မာမင်းကြီး သဘောသီး၍ ထီးစင်းတစ်ရာ
သတ်မည့်ခါ၌ ဣန္ဒာထွတ်ဖျား သိကြားသော်လျက်၊
ကြံ့နိုင်ခက်လည်း၊ ထက်မြက်ပြင်းရှိန်၊ ၀ရဇိန်သို့၊
ဓမ္မဒိန်မည်၊ ဉာဏ်ရည်ထူးမြတ်၊ ဒေ၀ီနတ်လျှင်၊
သက်လွတ်ချမ်းသာ ရစေပါ၏ဟု စပ်ဆို၍ ချီးကျူး
ထားသည်။

အရှင်ကောလိယ ( မြိုင်နန်းမြေ - ရဝေသျှင် )
အမျိုးသမီးဘ၀နှင့် ဗုဒ္ဓအမြင်မှ

အဘိဓမ္မာနှင့်ဝိပဿနာ



အဘိဓမ္မာနှင့်ဝိပဿနာ

အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့နူးညံ့သောဓမ္မ၊ အလွန်နက်နဲခက်ခဲသောဓမ္မ၊ အလွန်ကျယ်ပြန့်သောဓမ္မ၊ အလွန် ထူးကဲသောဓမ္မဖြစ်သည်။ ဓမ္မဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်သည်။ အလွန့် အလွန် သိမ်မေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲကျယ်ပြန့်သော၊ သတ္တ အတ္တ မဟုတ်သော ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော သိအပ်သော ထိုအဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ ခက်ခဲသော ဓမ္မကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိ နားလည်နိုင်မည်ဖြစ်သည်။

လူတို့ဌာနမှာ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက်ဟန့်တားလေ့ရှိသည်။ အလုပ်တစ်ခု၌ စိတ်ကူးစူးစိုက်နေခိုက် ကိုယ်ခန္ဓာပင်ပန်းခြင်း၊ အလေး အပေါ့ သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက်နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်းပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှ နက်နဲသည့် အဘိဓမ္မာသည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။ နတ်တို့ဌာနေမှာကား အချိန်ကွာခြားချက်ကလည်း ဝေးလွန်းလှသည်။ လူ့ပြည်မှာ နှစ်တစ်ရာ တာဝတိံသာ နတ်ပြည်မှာ တစ်ရက်ဖြစ်သည်။ ထို့ကြောင့် စားချိန်အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ (၁၅)မိနစ်မှာ(သူတို့အချိန်ဖြင့်)ခန့်မျှသာရှိမည့် ထို အဘိဓမ္မာတရားပွဲကို တစ်ဆက်တည်း၊ တစ်ထိုင်တည်း၊ တစ်စိတ်တည်း၊ တစ်ဝီထိတည်း နားကြားခဲ့ကြလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက်ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာ အားသာလျှင် ရက်ပေါင်းကိုးဆယ် အကြိမ်ကိုးဆယ် ပြန်လည်ဟောတော်မူ ခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာ ဖြစ်၍သာ ထိုအဘိဓမ္မာ ကို ရက်ခြား၍ နားကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။

အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နာကြားခဲ့ရသော အဘိဓမ္မာကို သူ၏တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ အဘိဓမ္မာကို အရှင်သာရိပုတ္တရာထံမှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓတာဝတိံသာသို့ တက်ကြွသွားသောနေ့ကမှ ရှင်သာရိပုတ္တရာထံမှာ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသော အမျိုးကောင်းသား(၅၀၀) တို့သည် ထိုနေ့(၀ါဆိုလပြည့်)မှာပင် ရဟန်းပြုကြ ထိုနောင် တစ်နေ့မှာပင် အဘိဓမ္မာ ကို နာကြားကြရလေသည်။ ထို အဘိဓမ္မာတရားသည်ပင် ထိုရဟန်းတို့အတွက် ၀ိပဿနာ ဖြစ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း(၅၀၀)တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓခုနှစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ(၇)ကျမ်း ဆောင်တို့ (အာဘိဓမ္မိက သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ အားလုံးတို့ကို ရှေးဦးစွာ စုပေါင်းသိမ်းကျုံး၍ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ပြသည်။ တစ်ဖန် ဓာတ်ခွဲ၍ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်း ဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့်ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။ ထို့နောင် အစုံစုံ ပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ(၇)ကျမ်း၌ စိတ်၊ စေတသိက်၊ ရုပ်တို့ စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်းဟူသော ခုနှစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာ နည်းစံနစ်များ ဖြစ်ကြကုန်၏။ ထို့ကြောင့် အဘိဓမ္မ၀ိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသော နေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသော နေ့မှာပဲ သူတို့ ၀ိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေမည်။

ဝိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊ အနတ္တ၊ ပရမတ္ထ တို့ကို ရှု၍၊ စူးစမ်း၍၊ ထွင်းဖောက်၍ သစ္စာနှင့် သန္တိကို ရှာဖွေသောစနစ်၊ နည်းပညာတစ်ခုပင်ဖြစ်သည်။ ရုပ်၏ သဘာဝ ရုပ်နှင့်ရုပ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံ၊ နာမ်၏ သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာဖြစ်စဉ် ဆယ်မျိုးမှာ ပြထားသည့်အတိုင်း သန့်စင်ပုံခုနှစ်မျိုးတိုးတက်ပုံများမှာ ပြထားသည့်အတိုင်း အတွင်းကိုနှိုက် စူးစိုက်၍ အရှိကို ရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာ တသားတည်းဖြစ်လေသည်။ ၀ိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည်ဖြစ်သောကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲ၍မရဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာရှုရမည်ဟု ဆိုလိုသည်မဟုတ်သော်လည်း ၀ိပဿနာရှုနေခြင်းသည် အဘိဓမ္မာ သင်ကြားနေခြင်း တစ်မျိုးလည်းဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်တို့သည် တလံမျှသော ကို၌ အစဉ်အမြဲရှိ၍နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထို စိတ်၊ စေတသိက်၊ ရုပ်တို၏ သဘာဝကို စူးစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍မရနိုင်သော လုပ်ငန်းများဖြစ်ကြသည်။

အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာမဖြစ်သောကြောင့် အဘိဓမ္မာနှင့် ၀ိပဿနာခွဲ၍ မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ၊ ကံသာ အကြောင်းရင်း ရှိကြောင်း၊ ကံ၊ စိတ်၊ ဥတု အာဟာရသာ အထောက်အပံ့ရှိကြောင်း ကောင်းစွာဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်ကောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့က ကောင်းစွာ ထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာယောဂီ တို့ လူ့ဘ၀ကို လေ့လာသည့်နည်းပညာဖြစ်သည့် အဘိဓမ္မာကို လက်မလွှတ်သင့်ကြောင်း ကောင်းစွာ တင်ပြအပ်ပါသည်။

သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်ကို ပြန်လည် ရေးသား ဖော်ပြခြင်းဖြစ်ပါသည်

သီလအရာ၌ကိုယ်ချင်းစာနာ ချမ်းသာစေလိုအောင် လှုံ့ဆော်စေ့စပ်မှု အဒေါသစေတနာ



သီလအရာ၌ကိုယ်ချင်းစာနာ ချမ်းသာစေလိုအောင်
လှုံ့ဆော်စေ့စပ်မှု အဒေါသစေတနာ
သီလအရာနှင့်ပတ်သတ်လျှင်မှု တစ်ဖက်သားအပေါ်
ကိုယ်ချင်းစာနာ ချမ်းသာစေလိုမှု အဒေါသစေတနာ
ကဦးဆောင်လေသည်။ မှန်၏ တစ်ဖက်သားအပေါ်
မေတ္တာမထားနိုင်သူများအနေဖြင့် ငါးပါးသီလကိုပင်
ဆောက်တည်နိုင်စရာ အကြောင်းမရှိပေ။ ဥပမာ
အားဖြင့်
သူ့အသက်ကို ရန်ရှာပါမှ မိမိဝမ်းရေးဖူလုံရရှာသော
ငါးရှာ ဖားရိုက် တောလိုက်ရသူများအနေဖြင့် ပါဏာ
တိပါတကံကို ထိန်းသိမ်းရန်။
သူ့ဥစ္စာကို မတော်မတရားကြံဖန်ခြင်းဖြင့် အသက်
မွေးရရှာသော အလေးတင်းတောင်း မမှန်မကန်ပြု
သူများ၊ လာဘ်စားသူများ၊ သူခိုးဓါးပြများအနေဖြင့်
အဒိန္နာဒါနကံကို ထိန်းသိမ်းရန်။
သူတစ်ပါးအိမ်ထောင်ရေး သူတစ်ပါးအသိုက်အမြုံ
ပျက်စီးမည့်အရေးကို အမှုမထားအားဘဲ ကိုယ့်
အလိုပြည့်ဝစေရန် သူများအိမ်ယာကို ကျူးလွန်
နေကြသူများအနေဖြင့် ကာမေသုမိစ္ဆာစာရကံကို
ထိန်းသိမ်းရန်။
သူတစ်ဘက်သား ဒုက္ခများမည်ကိုမျှ မသနားနိုင်
ဘဲ လိမ်ညာလှည့်ဖျား ချောက်တွန်းခြေထိုးတတ်
ကြသူများအနေဖြင့် မုသာဝါဒကံကို ထိန်းသိမ်းရန်။
မိမိသောက်စားမူးယစ် ရမ်းကားသဖြင့် စီးပွား
ပျက်သုန်း လူလုံးမလှ မျက်နှာငယ်ကြရရှာမည့်
မိမိ၏မိသားစုကိုမျှ မသနားတတ်ကြသူများအနေ
ဖြင့် သုရာမေရိယကံကို ထိမ်းသိမ်းရန် အဘယ်
သို့လျှင် စွမ်းနိုင်ကြပါမည်နည်း။
ထို့ကြောင့် သီလအရာသည် သားငါးမှအစ တစ်
ဖက်သားအပေါ် မေတ္တာထားနိုင်ကြသူ အဒေါသ
စေတနာ ပိုင်ရှင်များ၏ အရာသာဖြစ်လေသည်။
ဒေါသ၏အပြစ်ကို မြင်အောင်ကြည့်ခြင်း၊ မေတ္တာ
၏ကျေးဇူး၊ သီလ၏ကျေးဇူးကို မြင်အောင်ကြည့်
ခြင်းဖြင့် သီလအပေါ်ယုံကြည်သော သဒ္ဓါတရား
နှင့် အဒေါသစေတနာလှုံ့ဆော်အားကိုထက်သန်
စေကြရမည်ဖြစ်လေသည်။
အရှင်ဝိသာရဒ (ရမ္မာဝတီ )
ပရလောကသားများအတွက် ပရဟိတ

“တရားနဲ့ပူဇော်တာ အမြတ်ဆုံးလို့ ဘာကြောင့်ပြောရတာလဲ”



“တရားနဲ့ပူဇော်တာ အမြတ်ဆုံးလို့
ဘာကြောင့်ပြောရတာလဲ”
••••••••••••••••••••••••••••••••••••
အမေး။ ။အရှင်ဘုရား။
ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက
ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကိုအကြောင်းပြုပြီး
ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့
ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့် ပဋိပတ္တိကို ကျင့်နေတဲ့
ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး
ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်” လို့ မိန့်တော်မူထားပါတယ်။
တပည့်တော် သိချင်တာက ဘုရားရှင် ဟာ ယခင်က
ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီး
လှူရင် အကျိုးကြီးမြတ် ကြောင်းကို ဟောကြားတော်မူပါလျှက်
ယခုပရိနိဗ္ဗာန် ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက်
တရားနဲ့ပူဇော်တာက ပိုပြီး အကျိုးကြီးမြတ်တယ်လို့
ဘာကြောင့် ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။
- (မနွယ်နွယ်အေး၊ရန်ကုန်)
အဖြေ။ ။ ပန်းနံ့သာတို့ဖြင့်ပူဇော်တာထက် သီလ ၊သမာဓိ၊
ပညာတို့ဖြင့် ပူဇော်တာက အမြတ်ဆုံးရယ်လို့
ဟောတော်မူတဲ့အကြောင်းအရင်းက ဘုရားရှင်ဟာ
ပရိသတ်ကို ချီးမြောက်လိုတော်မူတာကတစ်ကြောင်း၊
သာသနာတော်ကြီး အရှည်တည်တံ့ခြင်းကို
လိုလားတော်မူတာက တစ်ကြောင်း ဖြစ်ပါတယ်။
ဒီလိုသာဟောတော်မမူခဲ့ဘူးဆိုရင် နောင်အခါမှာ သီလ
သမာဓိ ပညာနဲ့ပတ်သက်ပြီး ဟောပြောတိုက်တွန်းမှု
နည်းပါးလာကာ ဘာဝနာ တရားအားထုတ်မှုမရှိတော့။
ပန်းနံ့သာစတာတွေနဲ့ ပူဇော်ရတဲ့အကျိုးကိုသာ
ဟောပြောညွန်ကြားကာ ဒကာ-ဒကာမများ
အလှူဒါန(အာမိသပူဇာ) ကိုသာ ပြုနေရစ်ကြပါလိမ့်မယ်။
သာသနိကအဆောက်အအုံဖြစ်တဲ့
ကျောင်းကန်ဘုရားများဟာ သာသနာကို
အရှည်တည်တံ့အောင် မစွမ်းဆောင်နိုင်ပါဘူး။
လှူဒါန်းပူဇော်သူရဲ့ လူနတ်နိဗ္ဗာန်
သုံးတန်ချမ်းသာအတွက်သာ ဖြစ်တယ်။
အမှန်က ကောင်းမွန်တဲ့အကျင့်ဆိုတဲ့
“သီလ ၊ သမာဓိ ၊ ပညာ”အကျင့်တရားတွေကသာ
သာသနာတော်ကြီး အရှည်တည်တံ့အောင် စွမ်းဆောင်နိုင်ပါတယ်။
အာမိသာပူဇာကို အကျိုးမရှိဘူးလို့ ဟောတော်မမူသလို၊
ပယ်တာလဲမဟုတ်ဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဒါကြောင့် အခုခေတ်တရားပွဲတွေမှာ အချို့
တရားဟောဆရာများက ဘုရားမှာ အာမိသပူဇာဖြစ်တဲ့
ပန်းနံ့သာစတာတွေကို လှူရင် အပိုအလုပ်တွေပါလို့
ဟောနေပြောနေကြတာတွေကို စာချစ်သူများအား
သတိထားဖို့ပြောပါရစေ။
ဒီဝါဒဟာ ဟိုယခင်တုန်းက ပေါ်ပေါက်ခဲ့တဲ့
အဓမ္မ အယူဝါဒဖြစ်ပါတယ်။
(မဟာဗုဒ္ဓ၀င်၊ပဉ္စမတွဲ၊နှာ-၄၂၆-၄၂၇)
-【ဦးကောဝိဒ(မြိတ်)】

“စိတ်ဆိုးလွယ်တဲ့ အကြောင်း”




“စိတ်ဆိုးလွယ်တဲ့ အကြောင်း”
••••••••••••••••••••••••••••••••••
စိတ်ဆိုးတယ်ဆိုတာလွယ်ပါတယ်၊
စိတ်မဆိုးဖို့သာခက်တာဆိုတဲ့ စကားကို
မကြာခဏ ကြားဖူးပါတယ်။
“စိတ်ဆိုးဘာကြောင့် လွယ်ရတာလဲ”
ဆိုတာ စဉ်းစားမိတဲ့အခါ ဒေါသအားကြီးလို့
ဆိုတာကိုပဲ လူတိုင်းကသိနေကြတယ်။
●တကယ်ကတော့ ဒေါသအားကြီးတာဟာ
“အတ္တ” အားကြီးတာကြောင့်ဖြစ်ဖို့များပါတယ်
အရာရာ ကိုယ့်အဖို့သာကြည့်တတ်ပြီး၊
တဖက်သားကို မျက်ကွယ်ပြုဂရုမစိုက်တတ်တဲ့သူ
အများစုနဲ့ ၊ ကိုယ့်အတ္တအတိုင်း မဖြစ်လာတဲ့အခါ
အကောင်းမမြင်နိုင်တဲ့သူတွေဟာ
စိတ်ဆိုး လွယ်တတ်ကြတယ်။
●နောက်တစ်ခုက
စိတ်ဆိုတာ မကောင်းမှုမှာပဲ
မွေ့လျှော်တတ်တဲ့အတွက် စိတ်ဆိုးရတာကိုပဲ
အချို့လူတွေကအရသာတစ်ခုလိုစွဲလမ်းနေကြတယ်။
အဲဒီအခါမှာ ခဏခဏ စိတ်ဆိုး၊ စိတ်ကောက်
ဖြစ်လာတတ်ပြီး နောက်တော့ အလွယ်တကူ
စိတ်ဆိုးလွယ်တဲ့လူ ဖြစ်လာတော့တာပါပဲ။
ဒါကိုသတိမထားတဲ့လူတွေဟာ စိတ်ဆိုးရတာကို
Powerတစ်မျိုးလို ထင်လာတတ်ပြီး၊
ကိုယ့်ကိုကိုယ်လည်း အမြဲစိတ်ဆိုးပြမှ
လူရှိန်တယ်လူတွေ ၊ အထင်မသေးရဲဘူးလို့
လွဲမှားတဲ့အတွေးအခေါ်တွေဖြစ်လာတယ်။
အမြဲစိတ်ဆိုးနေတဲ့လူဟာ သူထင်သလို လူအများ
လေးစားအထင်ကြီးမှုကို မရဘဲ ၊ အများ
နှာခေါင်းရှုံခံရတဲ့သူဖြစ်လာတဲ့ “ဆိုးကျိုး” ကိုပဲရတာပါ။
စိတ်ငြိမ်းချမ်းမှု ၊ စိတ်အေးချမ်းမှု မရတဲ့ အတွက်
ဘဝကို မကျေမနပ်ဖြစ်လာတတ်ပြီး၊
စိတ်ဆိုး သံသရာလည်နေတတ်တဲ့အတွက်
သတိထားဖို့ ကောင်းလှပါတယ်။
နောက်တစ်ခုကတော့
မိမိစိတ်ကို ထိန်းသိမ်းနိုင်တဲ့
အလေ့အကျင့်ကောင်းတွေကို
လေ့ကျင့်ရကောင်းမှန်း မသိတဲ့အတွက်
စိတ်ကိုအလွယ်တကူ လွတ်ထားပေးရင်းကနေပြီး၊
စိတ်ဆိုးလွယ်လာတတ်ပါတယ်။
“စိတ်ဆိုး” ဆိုတာ ပစ္စုပ္ပန်၊ သံသရာ
နှစ်ဖြာ ကောင်းကျိုး တစ်မျိုးမျိုးမှ
မပေးတဲ့အတွက် စိတ်ဆိုးဖယ်ရှား၊
စိတ်ကောင်းများများဖြစ်အောင် အားထုတ်ဖို့လိုပါတယ်။
မြတ်ဗုဒ္ဓဒေသနာတော်တွေဟာ
စိတ်ကောင်းအောင် လေ့ကျင့်ဖို့ အကောင်းဆုံး
နည်းစနစ်တွေကိုပေးထားတာဖြစ်တဲ့အတွက်
တစ်လုံးတစ်ပါဒမျှ လိုက်နာကျင့်သုံးရင်ကိုပဲ
စိတ်ဆိုးလွယ်တာကို ပယ်ဖျောက်နိုင်ပါတယ်။
စိတ်ကောင်းများများဖြစ်အောင်လည်း ပျိုးထောင်နိုင်ပါတယ်။
“စိတ်ဆိုးပယ်ဖျောက် ၊ စိတ်ကောင်းရောက်
ထွန်းတောက်မင်္ဂလာရှိပါစေ။”
-【အရှင်ဝိလာသဂ္ဂ
(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】

မသေချင်ရင် အသက်ရှုပါ



မသေချင်ရင် အသက်ရှုပါ
ဓမ္မရာဇာဖြစ်တော်မူပေသော မြတ်စွာဘုရားသခင်
ကိုယ်တော်မြတ်ကြီးလက်ထက် တစ်ခုသောမြစ်
ကမ်းမှာရှိတဲ့ မြတ်စွာဘုရား ရွှေကျောင်းတော်မှာ
အရှင်သမိဒ္ဓိဆိုတဲ့ကိုယ်တော်လေးတစ်ပါးရှိခဲ့ပါ
သတဲ့။
ဒီကိုယ်တော်လေးဟာ အသက်ကငယ်ငယ်
အရွယ်ကလည်း နုနု၊ အဆင်းကလည်းအလွန်
ချောဆိုတော့ မြင်သူတိုင်းရှုမောကြရတယ်ဆိုပဲ။
အဲဒီလောက်ချောတဲ့ လှတဲ့ကိုယ်တော်ကလေး
ပေါ့။ သည်ကိုယ်တော်လေးဟာ အာရုဏ်တက်
မှာတရားထိုင်၊ ပြီးတော့ ကျောင်းအာရာမ်ထဲမှာ
တံမြက်လှဲ စကြံလျှောက် ပြီးတော့မြစ်ဆိပ်မှာ
ရေချိုးလေ့ရှိခဲ့ပါတယ်။
ရေချိုးပြီးတဲ့အခါမှာ သင်းပိုင်လေးကိုလဲပြီးခန္ဓာ
ကိုယ်က ရေမှုန်ရေမွှားလေးတွေပျောက်သွား
အောင် နေရောင်မှာအသာရပ်လို့ ဧကသီကို
လက်နှစ်ဖက်နဲ့မြှောက်ထားပါသတဲ့။ ဧကသီ
ကို ရေမှုန်တွေ မစိုအောင်ပေါ့။
အချိုးအစားကျလှတဲ့ ခန္ဓာကိုယ်အဆစ်အပိုင်း
တွေနဲ့ ၀ါဝင်းတဲ့အသားအရောင်နဲ့ဆိုတော့
စိတ်ထဲမှာ မှန်းပြီးသာကြည့်ကြပေတော့။
ကာယဗလနဲ့ယောက်ျားပီသတဲ့ ခန္ဓာကိုယ်ပိုင်
ရှင်ဖြစ်နေတာပေါ့။ အရွယ်ကငယ်ငယ်ရုပ်ရည်
ကချောချောဖြစ်နေတော့ မြစ်စောင့်နတ်သမီး
က တိတ်တခိုးကြိုက်နေတယ်ဆိုပဲ။ တော်
တော်ဆိုးတဲ့ နတ်သမီးပဲနော်။
သူက ကိုယ်ထင်ပြလိုက်သေးတယ်တဲ့။
အသင်နတ်သမီး ဘာကိုလျှောက်ထားချင်လို့
တုန်းလို့ ကိုယ်တော်လေးကမေးလိုက်တယ်။
ဒီလိုပါဘုရားတဲ့။ အရှင်ဘုရားဟာ အသက်
လေးကလည်းငယ်၊ အရွယ်လေးကလည်းနု
အဆင်းလေးကလည်း ချောမောလှပလွန်းနေ
ပါတယ်။ ကာမဂုဏ်ကိုခံစားပါဦးတော့လား။
အရွယ်ရင့်လို့ အသက်ကလေးရလာတော့မှ
တရားကျင့်ပါလား ကိုယ်တော်လေးရဲ့တဲ့
အတင်းဇွတ်ပြောတော့တာပါပဲ။ ပြီးတော့
ရေမွှေးသင်းရနံ့တွေ ဖြန့်ဝေလိုက်တယ်။
ဒီတော့ အရှင်သမိဒ္ဓိက
ဟယ်နတ်သမီး အဆင်းနဲ့လည်း ငါ့ကိုမမျှားနဲ့။
ရနံ့နဲ့လည်း ငါ့ကိုမမြူပါနဲ့။ အသံနဲ့လည်းငါ့ကို
မညုပါနဲ့။ အတွေ့နဲ့လည်း ငါ့ကိုမချူပါနဲ့။
အဆင်း အသံ အနံ့ အတွေ့ဆိုတာ ငါ့အတွက်
အဓိပ္ပါယ်မရှိပါဘူး။ ငါဟာ ၀င်လေနောက်ကို
မလိုက်သလို၊ ထွက်လေနောက်ကိုလည်း ငါ
မလိုက်ပါဘူး။ ငါဟာသိဆိုတဲ့ သဘောတရား
ကလွဲလို့ ငါဆိုတာလည်း ငါ့မှာမရှိပါဘူး။
ပညတ်ကိုမလွှဲသာလို့သာသုံးပေမယ့် ငါ့အမြင်
ဟာပရမတ်ပါ။ နတ်သမီးရဲ့ အသင်သွားပါ
တော့လို့ နှင်ပါသတဲ့။
ဒါပေမယ့် နတ်သမီးက မသွားသေးဘဲ ပေ
ကပ်ကပ် လုပ်နေသေးတယ်။ ပြီးတော့ပြော
နေသေးတယ်။ အရွယ်ငယ်သေးလို့ပြောနေ
ရတာပါကိုယ်တော်လေးရဲ့တဲ့။ တယ်ခက်ပါ
လားနော်။
ဟယ်နတ်သမီး အရွယ်ကိုသင်အာမခံနိုင်လို့
လား။ သတ္တ၀ါတွေဟာ မသိခြင်းငါးပါးနဲ့နေ
ကြတာပဲ ဘယ်ကလာတယ်။ ဘယ်အရွယ်
နေရမယ်။ ဘာရောဂါနဲ့သေမယ်။ အသေ
ကောင်ကို ဘယ်သချိုင်းမှာ ပစ်ချခဲ့ရမယ်။
ဘယ်ဘ၀ကိုရောက်မယ်ဆိုတာ သိကြရဲ့
လား။
မသိကြပါဘူး။
မသေချင်ရင် အသက်ရှုရမယ်ကွဲ့။ သင့်ခန္ဓာ
ငါ့ခန္ဓာဆိုတာတွေဟာ သေမယ့် ခန္ဓာတွေပဲ။
အလွတ်ရှုရင်တော့ အလွတ်သေရမှာပဲ။
မသေရာကနိဗ္ဗာန်၊ နိဗ္ဗာန်ဟာမသေဘူး။
မသေချင်ကြရင်ဖြင့် အာနာပါနသတိနဲ့
အသက်ရှု၊ စိတ္တ၊ ကာယ၊ ဝေဒနာ၊ ဓမ္မနုပ
ဿနာတရားတွေနဲ့ အစဉ်ပွားများပြီးတော့
သတိနဲ့အသက်ရှုကြတာကို မသေချင်ရင်
အသက်ရှုလို့ပြောတာကွဲ့လို့ အဲဒီလိုအမှတ်
အသိနဲ့ သိ သိပြီး ရှုခိုင်းတဲ့အသက်ရှုနည်းကို
အများသဘောကျအောင် တရားဟောကာ
ပြလိုက်တော့မှ နတ်သမီးဟာလက်မြှောက်
ပြီးပျောက်ကွယ်သွားတော့တယ်တဲ့။
နိုင်မင်းဆွေကြူသင်း ( ဥက္ကံ )
ရတနာမွန်မဂ္ဂဇင်း
၂၀၀၅ခုနှစ် ဇူလိုင်လ။

“ဘုန်းကြီးချင်သည့် စိတ်”



“ဘုန်းကြီးချင်သည့် စိတ်”
••••••••••••••••••••••••••
အရှင်ဘုရားတို့ ဘုန်းမကြီးချင်နဲ့ ။
ဘုန်းကြီးချင်တဲ့စိတ်ဟာ “ယုတ်မာတဲ့စိတ်ပဲ”။
ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးချင်တယ်ဆိုတာ
“လောဘ၊ သက္ကာရ သိလောက”ကို လိုချင်တာပဲ။
လိုချင်တာဟာ လောဘစိတ်ပဲ ။
လောဘစိတ်ဟာ အကုသိုလ်စိတ်
ဖြစ်တဲ့အတွက် “ယုတ်မာတဲ့ စိတ်”လို့ ပြောရတာပဲ။
အရှင်ဒေဝဒတ်ကြီး ဘုရားရှင်ကို သေကြောင်းကြံတာ၊
သံဃာအသင်းခွဲတာဟာ ဘာအတွက်ကြောင့်လည်းဆိုရင်
“ဘုန်းကြီးချင်တဲ့ အတွက်ကြောင့်”ပဲ။
အခုအဲဒီ ဘုန်းကြီးချင်တဲ့ စိတ်ကြောင့်
အရှင်ဒေဝဒတ်ဟာ အဝီစိမှာ ငရဲခံနေရပြီ။
ဒီအချက်ကြောင့်လည်း ဘုန်းကြီးချင်တဲ့စိတ်ကို
ယုတ်မာတဲ့စိတ်လို့ ပြောရတာပဲ။
စာပေကို ကြိုးစားလို့၊ တရားကို ကြိုးစားလို့
သူ့ဖာသာ ဘုန်းကြီးတာ ကြီးပါစေ။ ဒါကအပြစ်မရှိဘူး။
ဘုန်းကြီးချင်လို့တော့ စာပေကို ကြိုးစားတာ ၊
တရားကို ကြိုးစားတာမျိုးတော့ မဖြစ်သင့်ဘူး။
-【မစိုးရိမ်တိုက်သစ် ဆရာတော်ဘုရားကြီး
ဘဒ္ဒန္တသီရိန္ဒာဘိဝံသ မထေရ်】
(အရှုံးမရှိသော ဒဿန စာအုပ်မှ-)

တောင်းတဲ့ဆုနဲ့ ပြည့်စေဖို့





တောင်းတဲ့ဆုနဲ့ ပြည့်စေဖို့

သက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းသာလိုတော့တဲ့
မကြာခင်မှာ ရာထူးလက်လွတ်ရမယ့်သိကြား
မင်းက ဘုရားရှင်ထံ ချဉ်းကပ်ပြီး မြတ်စွာဘုရား
ရန်ငြိုးကင်းကုန်လျက် ဒဏ်ကင်းကုန်လျက်
ရန်သူကင်းကုန်လျက် စိတ်ဆင်းရဲခြင်းကင်းကုန်
လျက်၊ အမျက်ထွက်ခြင်းကင်းကုန်လျက် ငါတို့
သည် နေလိုပါကုန်၏။ နေပါရစေဟု နတ်လူ 
အသူရာ နဂါး ဂဠုန်တို့နှင့် အခြားအခြားသော 
သတ္တ၀ါတို့၏သန္တာန်ဝယ် တောင့်တခြင်းပြင်းပြစွာ
ဖြစ်ရှိကြပါသည်။ ယင်းသို့ တောင့်တခြင်းပြင်းပြ
စွာ ဖြစ်ကုန်ပါသော်လည်း ထိုသတ္တ၀ါတို့သည်
ရန်ငြိုးရှိကုန်လျက်၊ ဒဏ်ရှိကုန်လျက်၊ ရန်သူရှိ
ကုန်လျက်၊ စိတ်ဆင်းရဲခြင်းရှိကုန်လျက်၊ အမျက်
ထွက်မှုရှိကြကုန်လျက် နေကြရပါသည်။ ဤသို့
နေကြရခြင်းသည် အဘယ်ကြောင့်ပါနည်းဟု 
မေးမြန်းလျှောက်ထားပါတယ်။

နတ်တို့သနင်းသိကြားမင်း ရန်ငြိုးကင်းကုန်လျက်
ဒဏ်ကင်းကုန်လျက်၊ ရန်သူကင်းကုန်လျက်၊ စိတ်
ဆင်းရဲခြင်းကင်းကုန်လျက်၊ အမျက်ထွက်ခြင်းကင်း
ကုန်လျက်၊ ငါတို့သည် နေလိုပါကုန်၏။ နေပါရစေ
ဟု နတ်လူ အသုရာ၊ နဂါး ဂဠုန်တို့နှင့် အခြားအခြား
သော သတ္တ၀ါတို့၏ သန္တာန်ဝယ် တောင့်တခြင်းပြင်း
စွာ ဖြစ်ရှိပေ၏။ ယင်းသို့တောင့်တခြင်းပြင်းစွာဖြစ်
ကုန်ပါသော်လည်း ထိုသတ္တ၀ါတို့သည် ရန်ငြိုးရှိ
ကုန်လျက်၊ ဒဏ်ရှိကုန်လျက်၊ ရန်သူရှိကုန်လျက်၊
စိတ်ဆင်းရဲခြင်းရှိကုန်လျက်၊ အမျက်ထွက်မှုရှိကုန်
လျက်၊ အမျက်ထွက်မှုရှိကြကုန်လျက် နေကြရကုန်
၏။ ဤသို့နေကြရခြင်းသည် ကိုယ့်ထက်သာသူကို 
မနာလိုခြင်း = ဣဿာ၊ ကိုယ်ကောင်းစားသလို 
သူတစ်ပါးအား မကောင်းစားစေလိုသော = မစ္ဆရိယ 
တရားနှစ်ပါးကြောင့်ဖြစ်၏ လို့ရှင်တော်မြတ်ဘုရား
က ဖြေကြားတော်မူခဲ့ပါတယ်။

ဒီအခါမှာ သိကြားမင်းကဆက်ပြီးတော့ ထိုဣဿာ
မစ္ဆရိယတရားနှစ်ပါးတို့သည် ဘေးရန်များ၍မကြီး
ပွားသောတရားများဖြစ်နေပါလျက်အဘယ်ကြောင့်
မြွေပွေးကို ခါးပိုက်ပိုက်ထားသကဲ့သို့ သတ္တ၀ါတို့
သည် မိမိတို့၏သန္တာန်၌အဖြစ်ခံ၍နေကြပါသနည်း
လို့ မေးမြန်းလျှောက်ထားပြန်ပါတယ်။

နတ်တို့သနင်း သိကြားမင်း သတ္တ၀ါတို့သည် မိမိ
ချစ်ခင်မြတ်နိုးအပ်သော ပုဂ္ဂိုလ်အသင်းအပင်း၊
မချစ်ခင်မမြတ်နိုးအပ်သော ပုဂ္ဂိုလ်အသင်းအပင်း
ဟု ခွဲခြားသတ်မှတ်ကြခြင်းကြောင့် ဣဿမစ္ဆရိယ
တရားနှစ်ပါးတို့သည် ဖြစ်နေကြရသည်လို့ဖြေတော်
မူပါတယ်။

သူတစ်ပါးတို့ရဲ့စည်းစိမ်ကို မနာလိုမကြည်ဖြူ
ငြူစူခြင်းဟာ ဣဿာဖြစ်ပါတယ်။ သူတစ်ပါးတို့
ရပြီးရလတ္တံ့သော စည်းစိမ်များ၌ မနာလိုမကြည်
ဖြူငြူစူဖြစ်နေခြင်းဟာ ဣဿာဖြစ်နေခြင်းရဲ့
လက္ခဏာဖြစ်ပါတယ်။ သူတစ်ပါးတရားသဖြင့်
ကောင်းစားထင်ပေါ်ကျော်ကြားတာ၊ နောက်လိုက်
အခြွေအရံပေါများတာကို မနာလို မကြည်ဖြူ ငြူစူ
နေတာဟာလည်း ဣဿာဖြစ်နေတာပါပဲ။ သူတစ်
ပါးကဟောပြောပွဲကြီးတွေလုပ်တဲ့အခါမှာ လူဦးရေ
ထောင်သောင်းချီတက်ရောက်နားထောင်တာကို 
မနာလိုမကြည်ဖြူ ငြူစူတာဟာလည်း ဣဿာပါပဲ။
စိတ်ထဲမှာ မနာလိုလွန်းအားကြီးပြီး ကဖျက်ယဖျက်
လုပ်ပြီး နှောက်ယှက်တာကတော့ ကာယကံမြောက် 
ဝီတိက္ကမဣဿာဖြစ်ပါတယ်။ ဣဿာဖြစ်နေတဲ့ လူ
တစ်ယောက်အတွက် စိတ်ချမ်းသာခြင်၊ ကိုယ်ချမ်း
သာခြင်း ဘယ်သောအခါမှရှိမလာနိုင်ပါဘူး။

မိမိစည်းစိမ်ချမ်းသာကို ၀န်တိုစေးနှဲ နှမြောခြင်းဟာ
မစ္ဆရိယဖြစ်ပါတယ်။ မစ္ဆရိယငါးမျိုးရှိတယ်လို့ကျမ်းဂန်
များကဆိုပါတယ်။ ထိုငါးပါးကတော့
၁။ အာဝါသမစ္ဆရိယ = မိမိ၏နေရာဖြစ်သော အိမ်၊
ကျောင်း၊ အာရာမ်ခြံဝင်း၊ တိုက်ခန်း အစရှိသောနေရာ
ဒေသ အမျိုးမျိုး၌ ၀န်တိုနှမြောခြင်း၊ သူတစ်ပါးတို့
လာရောက်နေထိုင် အသုံးပြုမည်ကို မလိုလားခြင်း။
၂။ ကုလမစ္ဆရိယ = မိမိ၏အခြွေအရံအသင်းအပင်း
တပည့်တပန်း အမျိုးအဆွေများ သူတစ်ပါးတို့နှင့်
ပြောဆိုဆက်ဆံကာ ရင်းရင်းနှီးနှီးနေမည်ကိုဝန်တို
နှမြောခြင်း။
၃။ လာဘမစ္ဆရိယ = ပစ္စည်းဥစ္စာအာဏာစသည်တို့
၌ ၀န်တိုနှမြောခြင်း၊ သူတစ်ပါးအားခွဲဝေမပေးလိုခြင်း၊
သူတစ်ပါးတို့ မိမိကဲ့သို့ မရစေလိုခြင်း။
၎။ ၀ဏ္ဏမစ္ဆရိယ = ရုပ်ရည်လှပခြင်း၊ ဂုဏ်သတင်း
ထင်ပေါ်ကျော်ကြားခြင်း၌ ၀န်တိုနှမြောခြင်း၊ မိမိလှ
သလို သူတစ်ပါးလှမှာကို မလိုလားခြင်း။ မိမိထင်
ပေါ်ကျော်ကြားသလို သူတစ်ပါးထင်ပေါ်ကျော်ကြား
မှာကို စိုးရိမ်ခြင်း။
၅။ ဓမ္မမစ္ဆရိယ = အသိပညာဉာဏ်တို့၌ ၀န်တို
နှမြောခြင်း၊ မိမိသိထားသလို တတ်ထားသလို သူ
တစ်ပါးတို့ တတ်သိမှာကို မလိုလားခြင်း၊ စိုးရိမ်ခြင်း
တို့ဖြစ်ပါတယ်။

ဒီမစ္ဆရိယတရားငါးပါးဖြစ်သူအတွက် ခံစားရမယ့်
အကျိုးဆက်တွေကလည်းရှိသေးပါတယ်။

အာဝါသမစ္ဆရိယကြောင့် သေပြီးသည်မှနောက်၌
ဘီလူးသော်လည်းကောင်း၊ ပြိတ္တာသော်လည်း
ကောင်း ဖြစ်ပြီးလျှင် အာဝါသ၌ငြိကပ်စွဲလမ်းမှု
အလိုဆန္ဒယုတ်ညံ့မှုကြောင့် ထိုမိမိဝန်တိုနှမြော
ခဲ့သည့် အာဝါသ၏အမှိုက်သရိုက်များကိုဦးခေါင်း
ဖြင့် ချီရွက်၍ လှည့်လည်နေထိုင်ရတတ်ပါတယ်။

ကုလမစ္ဆရိယကြောင့် ငါ၏တပည့်အခြွေအရံအသင်း
အပင်းတို့သည် ငါ့အားစွန့်ပစ်သွားကြကုန်ပြီလို့တွေး
တောပူပန်ကာ ရောဂါဆိုးများရရှိပြီး အသေဆိုးနဲ့
သေဆုံးရတတ်ပါတယ်။

လာဘမစ္ဆရိယကြောင့် အများပိုင်ပစ္စည်းကို မိမိပိုင်
ပစ္စည်းကဲ့သို့ ထင်မှတ်ကာ ပုဂ္ဂလိကအနေဖြင့်သုံး
ဆောင်ခံစားခြင်းကြောင့် သေလွန်သည်မှနောက်၌
ဘီလူးသော်လည်းကောင်း၊ ပြိတ္တာသော်လည်း
ကောင်း၊ စပါးကြီးစသော ခန္ဓာကိုယ်ကြီးမားတဲ့မြွေ
ကြီးမျိုး၌ဖြစ်တတ်ပါတယ်။

ဝဏ္ဏမစ္ဆရိယကြောင့် ဘ၀အဆက်ဆက် ရုပ်ရည်
အဆင်းလှပတင့်တယ်ခြင်း၊ ထင်ပေါ်ကျော်ကြား
ခြင်း မရရှိတတ်ပါဘူး။

ဓမ္မမစ္ဆရိယကြောင့် ဘ၀အဆက်ဆက် ဉာဏ်ပညာ
ထုံထိုင်းမှိုင်းအသော ဒုပ္ပညပုဂ္ဂိုလ်ဖြစ်ရတတ်ပါ
တယ်။

ဒီမစ္ဆရိယငါးပါးထဲက တစ်ပါးပါးဖြစ်သူဟာ ပစ္စုပ္ပန်
မျက်မှောက်ဘ၀မှာ အိပ်ကောင်းခြင်းမအိပ်ရ၊
စားကောင်းခြင်းမစားရ၊ အေးအေးချမ်းချမ်းမနေ
ထိုင်ရဘဲ ပူပူလောင်လောင်နေထိုင်ရခြင်းဆိုတဲ့
အကျိုးဆက်တွေကို ခံစားရမှာဖြစ်ပါတယ်။
ကြောက်တတ်မယ်ဆိုရင် အလွန်မှကြောက်လန့်
ဖွယ်ရာကောင်းလှပါတယ်။

တစ်ခါတုန်းက အနုရုဒ္ဓါမထေရ်မြတ်က အရှင်ဘုရား
တပည့်တော်သည် သေလွန်ပြီးနောက် အပါယ်ငရဲ
ကျရောက်သော မာတုဂါမများကို ဒိဗ္ဗစက္ခုအဘိညာဉ်
ဖြင့်တွေ့မြင်ရပါသည်။ အဘယ်မျှသောတရားတို့ဖြင့်
ပြည့်စုံသော မာတုဂါမသည် သေလွန်သောအခါ
အပါယ်ငရဲသို့ကျရောက်ပါသနည်းလို့ ရှင်တော်မြတ်
ဘုရားကို မေးလျှောက်ပါတယ်။

ဒီအခါ ရှင်တော်မြတ်ဘုရားက အနုရုဒ္ဓါ ဤလောက
၌ မာတုဂါမသည် နံနက်အချိန်၌၀န်တိုခြင်းမစ္ဆရိယ
ထကြွသောစိတ်ဖြင့် အိမ်မှုကိစ္စတို့၌ စီမံခန့်ခွဲ၍နေ
၏။ နေ့လယ်အချိန်၌ မနာလိုခြင်းဣဿာထကြွ
သောစိတ်ဖြင့် အိမ်မှုကိစ္စတို့ကို စီမံခန့်ခွဲ၏။ ညချမ်း
အချိန်၌ ကာမရာဂထကြွသောစိတ်ဖြင့် အိမ်မှုကိစ္စ
တို့ကို စီမံခန့်ခွဲ၍နေ၏။ အနုရုဒ္ဓါဤသုံးပါးသော
တရားတို့နှင့်ပြည့်စုံသောမာတုဂါမသည် သေလွန်
သောအခါမှာ ငရဲသို့ကျရောက်၏လို့ ဖြေကြားပါ
တယ်။ 

ဒီအမေးအဖြေမှာ အရှင်အနုရုဒ္ဓါက သူ့အမြင်အရ
မိန်းမလို့နာမည်တပ်မေးလို့ဘုရားရှင်ကလည်း
မိန်းမလို့နာမည်တပ်ဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်။
အရှင်အနုရုဒ္ဓါသာသက်တော်ထင်ရှားရှိနေခဲ့သေး
ရင် မိန်းမ ယောက်ျားလို့ မေးဖြစ်မယ်ထင်ပါတယ်။

ယခုကာလမှာ အချို့သောယောက်ျားရင့်မကြီး
တွေဟာ ဣဿာမစ္ဆရိယတရားများ မိန်းမတွေ
ထက်တောင်ထကြွသောင်းကျန်းနေကြတာကို
တွေ့ရှိရပါတယ်။ အများပိုင်ပစ္စည်းတွေကိုပုဂ္ဂလိ
ကပိုင်အဖြစ် အသုံးပြုနေကြတာကလည်း တိုင်း
သိပြည်သိ ကမ္ဘာသိပါ။ ကာမရာဂသတင်းတွေ
ကလည်း နံဟောင်နေတဲ့အထိအနံ့ထွက်နေပ
တယ်။ ဒီတရားသုံးပါးနဲ့ပြည့်စုံတဲ့သူက ကျား
ကျားမမ သေရင် အပါယ်ငရဲလားရမယ်ဆိုတာ
မလွဲဧကန်ပါပဲ။ ဒီတရားသုံးပါးနဲ့ပြည့်စုံနေရင်
ဘုရားဖြစ်ဖြစ်၊ ကျောင်းဒကာဖြစ်ဖြစ်၊ ရဟန်း
ဒကာဖြစ်ဖြစ်၊ ပိဋကတ်သုံးပုံဒကာဖြစ်ဖြစ်
သေရင်မုချ အပါယ်ငရဲကို လားရောက်ရမှာပါ။
တစ်ဘ၀တစ်ခန္ဓာအတွက်ပဲကြည့်နေရင်တော့
အနေမဖြောင့်သလို အသေလည်းမဖြောင့်နိုင်
တော့ပါဘူး။ တစ်သံသရာလုံးလည်း အောက်
တန်းစားဘ၀နဲ့ ရှင်သန်နေထိုင်သွားရမှာပါ။

ဇာတကပါဠိတော် သံကိစ္စဇာတကမှာ မနာလို
ဝန်တိုသော သူတို့သည် သေတ္တာသဏ္ဍာန်
လေးထောင့်ရှိ၍ မီးဖြင့်တောင်လောင်နေသော
သံမိုးသံကာ သံခင်းအတွင်း၌ အလျှံတပြောင်
ပြောင်တောက်လောင်နေသောမီးတို့၏ လောင်
မြှိက်ခြင်းကို နှစ်ပေါင်းများစွာခံကြရကုန်၏လို့
ဟောကြားတော်မူခဲ့ပါတယ်။

ဓမ္မပဒပါဠိတော် ဇမ္ဗုကထေရ၀တ္ထုမှာဆိုရင်
လည်း မနာလိုဝန်တိုမှုကြောင့် နှစ်ပေါင်းများစွာ
ငရဲသို့ကျခံရပြီး ငရဲမှလွတ်၍ လူ့ဘ၀ရောက်
သောအခါမှာလည်း အကျိုးဆက်အနေနဲ့ငါး
ဆယ့်ငါးနှစ်ပတ်လုံး လူ့မစင်တွေကို စားရတယ်
ဆိုတဲ့ အကြောင်းရှင်တော်မြတ်ဘုရားဟော
ကြားထားတာရှိပါတယ်။ မနာလိုဝန်တိုမှုဟာ
မိမိကို ပစ္စုပ္ပန်သံသရာ အဆက်ဆက်အေးချမ်း
မှုမှ ကင်းဝေးစေလိုသလို ပတ်ဝန်းကျင်ကို
လည်းပူလောင်စေပါတယ်။ မနာလိုဝန်တိုခြင်း
ဟု မိမိသူတစ်ပါး ကောင်းကျိုးတစ်စုံတစ်ရာ
မရှိစေပါဘူး။ ဒါကြောင့်ပစ္စုပ္ပန်တစ်ဘ၀တစ်
ခဏလေးကိုသာ ကြည့်ပြီး မနာလိုဝန်တိုမှုများ
ဖြစ်နေကြတာတွေကို သတိထားပြီး ရပ်တန့်
ကြရပါမယ်။

ပတ်ဝန်းကျင်တစ်ခုလုံး၊ တိုင်းနိုင်ငံတစ်ခုလုံး
တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်
အချစ်အမုန်းတွေကိုဘေးဖယ်ထားပြီး ဣဿာ
မစ္ဆရိယကင်းကင်းနဲ့ အလုပ်လုပ်ကြဖို့လိုပါ
တယ်။ အချစ်အမုန်းတွေနဲ့ပိုင်းခြားကန့်သတ်
ပြီး တစ်ဦးနဲ့တစ်ဦး ဣဿာမစ္ဆရိယတွေပွား
များနေပြီး၊ အများပိုင်ပစ္စည်းတွေကို ငါပိုင်
ပစ္စည်းသဖွယ် အသုံးပြုစီမံခန့်ခွဲနေမယ်ဆိ
ရင်တော့ တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်
တဲ့နိုင်ငံ ဘယ်သောအခါမှဖြစ်လာမှာမဟုတ်
ပါဘူး။ အေးအေးချမ်းချမ်းနဲ့ခေါင်းပြားအောင်
အိပ်ချင်တယ်ဆိုရင်တော့ ဣဿာမစ္ဆရိယ
တွေလျော့ချကြဖို့လိုတယ်။

အာရုံအပေါ်မှာ ခိုင်မြဲစွာထားတာသတိ




အာရုံအပေါ်မှာ ခိုင်မြဲစွာထားတာသတိ
ဤနေရာတွင် သဒ္ဓါ၊ စေတနာ၊ ၀ီရိယ ဤတရား
သုံးပါးရှိရုံမျှဖြင့် ကုသိုလ်ရနိုင်ပြီလောဟု တစ်ဆင့်
တက်၍ မေးစရာရှိလာ၏။ စင်စစ်သော်ကား သတိ
တရားပါရှိဖို့ လိုသေးသည်ဟုတစ်ဆင့်တက်၍ ဖြေ
ရမည်သာဖြစ်လေသည်။ မှန်၏။ သဒ္ဓါ၊ စေတနာ၊
ဝီရိယ စသောဖြစ်ဖော်ဖြစ်ဖက်တရားတို့ကို သက်
ဆိုင်ရာ ဒါနမှု၊ သီလမှု၊ ဘာဝနာမှုတို့၌ ခိုင်ခံ့တည်
အောင် ပြုပေးတတ်သောတရားသည်ကား သတိ
တရားပင်ဖြစ်လေသည်။ မှန်၏။
ဆွမ်းတော်တင်လျှင် ကုသိုလ်ရသည်ဟု ယုံကြည်
သောသဒ္ဓါ၊ ဆွမ်းတော်တင်လိုသော စေတနာ၊ ဆွမ်း
တော်တင်လှူရန် ထကြွလုံ့လပြုမှု ၀ီရိယရှိသူချင်း
အတူတူတွင် ဆွမ်းတော်တင်မှု၌ ထိုသဒ္ဓါစသော
တရားများကို ခိုင်မြဲတည်တံ့အောင် ပြုတတ်သော
တရားမရှိသူမှာ နေ့စဉ်မပြတ်ဆွမ်းတော်တင်လှူရ
သော ကုသိုလ်မျိုး မဖြစ်ပွားနိုင်။
သီလဆောက်တည်လျှင် ကုသိုလ်ရသည်ဟု ယုံ
ကြည်သောသဒ္ဓါ၊ သီလဆောက်တည်လိုသော
စေတနာ၊ သီလဆောက်တည်ရန် ထကြွလုံ့လပြုမှု
ဝီရိယရှိသူချင်းအတူတူတွင် သီလဆောက်တည်မှု
၌ ထိုသဒ္ဓါစသောတရားများကို ခိုင်မြဲတည်တံ့အောင်
ပြုတတ်သောတရားမရှိသူမှာ နေ့စဉ်မပြတ်သီလ
ဆောက်တည်သော ကုသိုလ်မျိုး မဖြစ်ပွားနိုင်။
တရားဘာဝနာပွားများအားထုတ်လျှင် ကုသိုလ်ရ
သည်ဟု ယုံကြည်သောသဒ္ဓါ၊ တရားအားထုတ်လို
သော စေတနာ၊ တရားအားထုတ်ရန် ထကြွလုံ့လ
ပြုမှု ၀ီရိယရှိသူချင်းအတူတူတွင် တရားအားထုတ်
မှု၌ ထိုသဒ္ဓါစသောတရားများကို ခိုင်မြဲတည်တံ့
အောင် ပြုတတ်သောတရားမရှိသူမှာ နေ့စဉ်မပြတ်
တရားအားထုတ်သော ဘာဝနာကုသိုလ်မျိုး မဖြစ်
ပွားနိုင်။
ထို့ကြောင့်မည်သည့်ကုသိုလ်မျိုးမဆို နေ့စဉ်ဖြစ်ပွား
လိုလျှင် ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုဆိုင်ရာကိစ္စ
တို့၌
ဤအမှုကိုလုပ်လျှင် တိုးတက်ရန်သာရှိ၏။ ဆုတ်ယုတ်
ရန်မရှိဟု ယုံလည်းယုံပါမှ၊
ဖြစ်မြောက်အောင်ဆောင်ရွက်ရန် လုံလောက်သော
လှုံ့ဆော်မှုစေတနာအဟုန်လည်းကောင်းပါမှ။
ဖြစ်မြောက်အောင်ဆောင်ရွက်သော ထကြွလုံ့လ
ဝီရိယလည်းရှိပါမှ။
ခိုင်မြဲတည်တံ့အောင်ပြုတတ်သော သတိတရားလည်း
ရှိပါမှ မည်သည့်ကုသိုလ်မျိုးမဆို နေ့စဉ်ဖြစ်ပွားနိုင်
ကြောင်း တစ်ဆင့်တက်၍ သိမှတ်ကြရမည်ဖြစ်လေ
သည်။
အရှင်ဝိသာရဒ ( ရမ္မာဝတီ )
အမျှဝေနည်းနှင့် ကုသိုလ်ပြုနည်းလမ်းညွှန်မှ

Saturday, July 12, 2014

''မိုးကုတ်ဆရာတော်ဘုရားကြီး၏ မိုးကုတ်ဝိပဿနာ ရှု့ နည်း''

''မိုးကုတ်ဆရာတော်ဘုရားကြီး၏ မိုးကုတ်ဝိပဿနာ ရှု့ နည်း''
★★★★★★★★★★★★★★★★★★★★★★★★★★
မောင်ကျော်သိန်း မင်း တရားအားထုတ်ဖို့ အချိန်တော်ပြီ၊
အသေက ဦးသွားမယ်၊ 
ငါသည် ရခဲသော လူ့ဘဝ
ကြုံကြိုက်ခဲလှသော ဘုရားသာသနာတော်ကြီးနဲ့ 
တွေ့ကြုံနေချိန်မှာ၊
အို နာ သေ မွဲ ကွဲ ဆိုတဲ့
သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင်
ဝိပဿနာအကျင့်မြတ်ကို
အားထုတ်တော့မယ်လို့ ဆုံးဖြတ်ပါ။

ပြီးတော့ မင်းရဲ့ အရောင်းအ၀ယ်အလုပ်ဆီကို
လုံးဝစိတ်မရောက်ရဘူး။
ပစ္စည်း ဥစ္စာ သားမယားကို တခါတည်း ဉာဏ်နဲ့ စွန့်ပစ်ထားပါ။
အဓိပတိ ၃-ပါးကို အားထားပြီး မင်း တရားအားထုတ်ရမယ်။
အဓိပတိ ၃-ပါးဆိုတာက
အတ္တာဓိပတိ၊ လောကာဓိပတိ၊ ဓမ္မာဓိပတိလို့ ၃-မျိုးရှိတယ်။

(၁) မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။
ငါဟာ စားစရာ နေထိုင်စရာမရှိလို့ အားထုတ်တာမဟုတ်ဘူး။
အိုဘေး၊ နာဘေး၊ သေဘေး မွဲကွဲတည်းဟူသော
သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက်နိုင်အောင်လို့
တရားအားထုတ်ခြင်းဖြစ်တယ်။
အဲဒါ အတ္တာဓိပတိလို့ ခေါ်တယ်။

(၂) လောကကြီးကိုလဲ အဓိပတိထားပြီး အားထုတ်ရမယ်။
ငါသည် တရားအားထုတ်တယ်လို့အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖုံးလွှမ်းပြီး
အရောင်းအ၀ယ်ကိစ္စတွေ စဉ်းစား တွေးတောမနေနဲ့၊
ထိနမိဒ္ဓလဲမဖြစ်နဲ့၊ ပျင်းလဲမဖျင်းနဲ့၊ အိပ်လဲမနေနဲ့၊
စိတ်ကလဲ လေလွင့်မနေနဲ့၊ မတော်တာတွေလုပ်နေရင်
ကိုယ်စောင့်နတ်နှင့် သမ္မာဒေ၀နတ်ကောင်း နတ်မြတ်များကလဲ သိတယ်။
အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်များကလဲ သိတယ်။
ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး အားထုတ်ရမယ်။
အဲဒါ လောကကို အဓိပတိထားပြီး အားထုတ်လို
့ လောကာဓိပတိလို့ ခေါ်တယ်။

(၃) တရားတော်ကိုလဲ အဓိပတိထားပြီး
ရိုသေလေးစားပြီး တရားအားထုတ်ရမယ်။
တရားတော်ကို ၀ိပဿနာဉာဏ်နဲ့ မမြင် မြင်အောင်ကြည့်ရမယ်။
တရားမမြင် တရားမပေါက်တာဟာ တရားကမရှိလို့မဟုတ်ဘူး။
ငါက တရားတော်ကို မလေးစားလို့ မမြင်တာလို့ ဆုံးဖြတ်ချက်ချပြီး
တရားတော်ကို အဓိပတိထားပြီး အားထုတ်ရမယ်။
အဲဒါကို ဓမ္မာဓိပတိလို့ခေါ်တယ်။

ပြီးတော့ တရားအားထုတ်တဲ့အခါ
သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ိရိယ၊ ပညာနဲ့ ကြိုးစားပြီးလုပ်ရမယ်။
တရားအားထုတ်တော့မယ်ဆိုရင်
ရှစ်ပါးသီလကို အမြဲဆောက်တည်ရမယ်။
ပြီးတော့ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊
လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊
ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း ဆိုတဲ့ ဆောင်ပုဒ်ကို
အရကျက်မှတ်ထားပြီး အဲဒီအတိုင်း လိုက်နာကျင့်သုံးရမယ်။

တရားအားထုတ်တော့မယ်ဆိုရင်
ပုဗ္ဗကိစ္စ ၅-ပါး (ဦးစွာလုပ်ဆောင်ရမဲ့ကိစ္စ ၅-ပါး)ကို လုပ်ဆောင်ရမယ်။
(၁) တရားအားထုတ်တဲ့ အချိန်မှာ
မိမိ ခန္ဓာကိုယ်ကို ဘုရားမှာ လှူထား၊
(၂) ဆရာမိဘပုဂ္ဂိုလ်မြတ်တို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ တောင်းပန်ဝန်ချ ကန်တော့ ပါ၏လို့-ဆို၊
(၃)ကိုယ်စောင့်နတ် အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊
သာသနာစောင့်နတ်နဲ့တကွ သတ္တ၀ါအားလုံး ဘေးရန်ကင်း၍ ကျန်းမာချမ်းသာပါစေလို့ မေတ္တာစိတ်ကို ပွားများပေးရမယ်။
(၄) ရှေးဘ၀ ယခုဘ၀ ငါပြုသမျှသော
ဒါနစတဲ့ကုသိုလ်တို့သည် ငါအလိုရှိသော
မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်စေခြင်းငှာ
လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်းလို့ -ဆို၊
(၅) မရဏာနုဿတိ= ငါသည် ဘ၀များစွာက သေခဲ့တာများလှပြီ၊
ယခုဘ၀ မသေခင်မှာ တရားအားထုတ်မှပဲလို့ သေခြင်းတရားကို ပွားများပြီး အားထုတ်မှုအရှိန် ပြင်းထန်အောင် မိမိကိုယ်ကို တိုက်တွန်းပါ။
တရားအားထုတ်တော့မယ်ဆိုရင် ရှေးဦးစွာ ရုပ်နဲ့နာမ်ခွဲတတ်ရမယ်။

ငါပြောပြမယ်။
မင်း မြင်စရာအဆင်းနဲ့ မြင်တဲ့မျက်စိက ရုပ်ပဲ။
သိမှုက နာမ်လို့ ခေါ်တယ်။
အာရုံ ၆-ပါးမှာ အဲဒီလို ရုပ်နဲ့နာမ်ဟာ အမြဲတွဲနေတာပဲ။
ပြီးတော့ တရားအားထုတ်ရာမှာ ပရိညာ ၃-ပါးနဲ့ သိ-သိသွားရမယ်။
(၁) ဉာတပရိညာ= ဖြစ်ဆဲရုပ်နာမ်ကို ဒီဟာက ရုပ်၊
ဒီဟာကနာမ်ဆိုတာ ခွဲခြားပြီး သိ-သိသွားရမယ်၊
(၂) တီရဏပရိညာ= ဖြစ်ဆဲရုပ်နာမ်တို့၏
“ အနိစ္စ၊ ဒုက္ခ၊ အနတ္တ” သဘောကို ပိုင်းခြားပြီးသိရမယ်။
(၃) ပဟာနပရိညာ= ရုပ်နာမ်တို့ အပေါ်မှာ
ငါ့ရုပ်ဆိုတဲ့ တဏှာစွဲ၊
ရုပ်ဟာငါပဲဆိုတဲ့ မာနစွဲ
ဒီရုပ်ဟာ ငါ့ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊
ဒီအစွဲ ၃-ပါးကို မင်းသိအောင်လုပ်ပြီး ပြုတ်အောင် ဖြုတ်ရမယ်။

တရားအားထုတ်ရာမှာ မင်း ရုပ်နာမ်ကို ပိုင်းခြားသိရမယ်။
ပြီးတော့ ဈာန်လမ်းခေါ်တဲ့ သမထလမ်းကို မလိုက်ပဲ၊
သမာဓိရရုံလောက်သာ သမထကိုအားထုတ်ပြီး၊
သမာဓိရလာတာနဲ့ တပြိုင်နက် ၀ိပဿနာကို ပြောင်းပြီးလုပ်ရမယ်။
ဝိပဿနာကို ပြောင်းတယ်ဆိုတာ
မီးရထားခေါင်းတွဲ လမ်းလွှဲလိုက်သလို၊
သမထ(သမာဓိ)လမ်းက ၀ိပဿနာ(ပညာ)လမ်းကို စိတ်လွှတ်ပြီး ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်နေတဲ့လက္ခဏာကို ဆင်ခြင်တာပါပဲ။
အဲဒါ ဉာဏ်က ဦးစီးတယ်လို့မှတ်၊

အဲဒီတော့ မင်း အာနပါနဆိုတာ
ဝင်လေ ထွက်လေ (၀င်သက်ထွက်သက်)ကို ခေါ်တယ်။
ဒီ ၀င်လေ ထွက်လေကို ရှူရာမှာ
လေကိုဝအောင်ရှူ၊ လျှော့ပြီးလည်း မရှူရဘူး၊
သိပ်ပြင်းပြင်းထန်ထန်လည်း မရှူရဘူး၊
မှန်မှန်ပဲ ရှူရမယ်၊ ရှိုက်ရမယ်။
ပြီးတော့ မင်းစိတ်ကို နှာသီးဖျား, အထက်နှုတ်ခမ်း,
ရင်ညွန့်ဆိုတဲ့ သုံးနေရာတွင် ကြိုက်ရာတနေရာမှာထားပါ။
သတိနဲ့ကပ်ထားရမယ်။
မလစ်စေရဘူး။

ဝင်လေထွက်လေရှူရှိုက်တဲ့အခါမှာ
နှာသီးဖျားမှာ ထိတာကို သိရမယ်။
သူ့သဘောအတိုင်း မှန်မှန်လေး (၀င်သက်ထွက်သက်)ကို
သိနေတဲ့ အာရုံမှတပါး
တခြားဘယ်ကိုမှ မရောက်ရဘူး၊ အာရုံမပြုရဘူး။
အာနာပါနလုပ်ပြီး သမာဓိအားကောင်းလာတဲ့ ယောဂီဟာ
ရုပ်နာမ် ၂-ပါးကို ပိုင်းခြားသိပြီး ခန္ဓာငါးပါးဆိုတာလည်း ပိုင်းခြားသိရမယ်။

(၁) ရုပ်က ရူပက္ခန္ဓာ၊
(၂) သိစိတ်က ၀ိညာဏက္ခန္ဓာ၊
(၃) ခံစားမှု=ဝေဒနာက ဝေဒနာက္ခန္ဓာ၊
(၄) မှတ်သားမှု=သညာက သညာက္ခန္ဓာ၊
(၅) ဖဿစေတနာစတဲ့ ကျန်စေတသိက် ၅၀ က သင်္ခါရက္ခန္ဓာလို့ သိမှတ်ရမယ်။

ဒါတွေ သိပြီးတဲ့နောက် ပဋိစ္စသမုပ္ပါဒ်နည်းနဲ့လဲ
အကြောင်းအကျိုးခွဲပြီး ဒိဋ္ဌိခွာရဦးမယ်။
ဒီလိုသိမှုကို အရင်ပေးပြီးမှ အလုပ်ကိုပေးလို့ဖြစ်မယ်။
ဒီတော့ ခန္ဓာငါးပါးကို ပိုင်းခြားပြီး သိမြင်ပြီးရင်
ရုပ်နာမ်ခန္ဓာကို ဖြစ်စေတတ်တဲ့ ရှေးကဖြစ်ပြီးခဲ့တဲ့
အ၀ိဇ္ဇာ၊ တဏှာ၊ သင်္ခါရတို့ဟာ အကြောင်းတရား၊
ဒီရုပ် နာမ် ခန္ဓာတို့ဟာ အကျိုးတရားလို့
အကြမ်းအားဖြင့် မင်း သိမြင်ရမယ်။

ကဲ...... မင်း တရားအားထုတ်ဖို့ ကမ္မဋ္ဌာန်းတောင်း လိုက်ဆို၊
ကမ္မဋ္ဌာနံ မေ ဘန္တေ ဒေထ၊
သံသာရ၀ဋ္ဋဒုက္ခတော မောစနတ္ထာယ။
ဘန္တေ၊ အရှင်ဘုရား။ မေ၊ တပည့်တော်အား။
သံသာရ၀ဋ္ဋဒုက္ခတော၊ သံသရာဝဋ်ဆင်းရဲမှ။
မောစနတ္ထာယ၊ ကျွတ်လွတ် ထွက်မြောက်ပါစေခြင်း အကျိုးငှာ။
ကမ္မဋ္ဌာနံ၊ မဂ် ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း အကောင်းဆုံးဖြစ်တဲ့ ကမ္မဋ္ဌာန်းကို။
ဒေထ၊ ကရုဏာရှေ့ထား ပေးသနားတော်မူပါဘုရား။ အဲဒါ ၃-ခေါက်ဆိုပါ။

ကဲ ငါပြောသလို “အာနာပါန”ကို သွားအားထုတ်ချေတော့။
(နောက် တနာရီလောက် အားထုတ်ပြီး ပြန်လာတော့)
မင်း အာနာပါနကို အားထုတ်တာ
တနာရီလောက် သမာဓိရတယ်ဆိုတာဟာ ၀ိရိယရှိလို့ပေါ့။
အဲဒါ သမ္မာဝါယာမလို့ ခေါ်တယ်။
မင်းစိတ်က လေကိုရှူတိုင်း ရှူတိုင်း
ရင်ညွန့်ကို ရောက်တိုင်း ရောက်တိုင်း သိရဲ့လား၊ (သိပါတယ်ဘုရား)။

အေး.... မင်း အဲဒါကို သိနေတယ်ဆိုတာ
သတိကို လက်မလွှတ်လို့ သိတာ၊
အဲဒါ သမ္မာသတိလို့ ခေါ်တယ်။
မင်း အာနာပါနကို အားထုတ်နေတုန်း၊
မင်းစိတ်ဟာ ထားတဲ့ရင်ညွန့်မှာပဲ ရှိနေပြီး
တခြားအာရုံသို့ ရောက်မသွားတာကို
သမ္မာသမာဓိ လို့ခေါ်တယ်။
စိတ်က ကိုယ်ထားတဲ့နေရာမှာ တည်နေတာပေါ့။
အေး..... မင်း သမာဓိတော့ရပါပြီ။

ဒါပေမယ့် ဒါထက် သမာဓိကောင်းကောင်းကြီးရဖို့
အားထုတ်ရန်လိုနေသေးတယ်။
ဝင်လေထွက်လေရှူတဲ့အခါ နှာခေါင်းထဲက ရှူရမယ်။
ပါးစပ်က မရှူရဘူး။
နှာခေါင်းကရှူလည်း ဘယ်ဘက်က ရှူတယ်
ညာဘက်ကရှူတယ် ဆိုတာတွေ လိုက်နေဖို့မလိုဘူး။
သမာဓိရဖို့ပဲ အရေးကြီးတယ်။
နှာခေါင်းက ရှူရင် ရှူတာသိရမယ်။
ရှိုက်ရင် ရှိုက်တာသိရမယ်။
မင်းကို ပထမ အာနာပါန အားထုတ်ခိုင်းစဉ်က
စိတ်ကို ရင်ညွန့်မှာ အကပ်ခိုင်းတယ်။

အခုတစ်ခါ အားထုတ်ရမှာက
(နှာသီးဖျား, ရင်ညွန့်, ချက်) ရောက်တိုင်း ရောက်တိုင်း
ဝင်လေရှူလိုက်တဲ့အခါ
နှာသီးဖျားကအစ၊
ရင်ညွန့်အလယ်၊
ချက်အဆုံး ၀င်တာကိုသိရမယ်။

လေထုတ်လိုက်တဲ့အခါမှာလဲ
ချက်အစ၊ ရင်ညွန့်အလယ်၊ နှာသီးဖျားအဆုံး
ထွက်တာကို သိလိုက်ရမယ်။
ဒီလိုအားထုတ်ပြီး အသိလိုက်သွားရင်
အာရုံတခြားထွက်မသွားပဲ၊
သမာဓိကောင်းကောင်းကြီး ရနိုင်တယ်။

နောက် အလေ့အကျင့်ကောင်းကောင်းရသွားရင်
၁၅ မိနစ်လောက်နဲ့ သမာဓိထူထောင်နိုင်တယ်။
မင်း သိဖို့ရာ မင်း အခု ရှူရှိုက်နေတာကရုပ်၊
ဒီ ရှူရှိုက်နေတာကို သိတာက နာမ်၊
အဲဒီ ရုပ်နာမ် နှစ်ပါး ပိုင်းခြားသိတဲ့အခါ
နာမရူပပရိစ္ဆေဒဉာဏ်။ ၀ိသုဒ္ဓိလို ပြောရင်
ဒိဋ္ဌိဝိသုဒ္ဓိ တစ်ပေါင်းတည်း ဖြစ်လာတယ်။
မြဲမြဲမှတ်ထားနော်၊
မင်း ကမ္မဋ္ဌာန်းအလုပ်ဝင်တဲ့အခါ သိဖို့ရာက
(၁) အာရုံနဲ့ သိမှတ်တဲ့စိတ်လို့ ၂-မျိုးမှတ်ထားရမယ်။
(၂) အာရုံနဲ့ သိမှတ်တဲ့စိတ်ဟာ တည့်တည့်နေအောင် ရှူရမယ်။
(၃) အာရုံထဲက စိတ်ထွက်မသွားအောင် သတိပြုရမယ်။
(၄) ကမ္မဋ္ဌာန်း အလုပ်ဝင်တဲ့အခါ စိတ်က ဘာတခုမှမစဉ်းစားနဲ့။

ဘာအာရုံမှ ၀င်မလာစေနဲ့၊
မင်းဟာ စိတ်တစ်လုံးကိုနိုင်အောင် ဆုံးမနိုင်ရင်
ကိလေသာနူနာအမြစ်ပြတ်နိုင်တယ်။
စိတ်တစ်လုံးကို မနိုင်ရင်တော့ လောကီအလိုလည်း
မင်းချမ်းသာရာရမှာ မဟုတ်ဘူး။
လောကုတ္တရာအလိုလည်း
ထောင့်ငါးရာ ကိလေသာနူနာ
အမြစ်ပြတ်မှာမဟုတ်ဘူး။
မင်း စိတ်ကိုနိုင်အောင် ဒီလိုဆုံးမ။

ငါ ဥပမာလေးပြမယ်။
(၁) နွားကျောင်းသားဟာ နွားရိုင်းကို ဆုံးမချင်ရင်
ချည်တိုင်ကို ခိုင်ခိုင်စိုက်၊ နွားရိုင်းကို နဖားကြိုးထိုး၊
ချည်တိုင်မှာ ကြိုးနဲ့ မြဲမြဲချည်ပြီး ဆုံးမသလိုပဲ၊
ချည်တိုင်နဲ့တူတဲ့ ကမ္မဋ္ဌာန်း အာရုံမှာ
နွားရိုင်းနဲ့တူတဲ့ စိတ်ကို ကြိုးနဲ့တူတဲ့
သတိ တရားဖြင့် တင်းတင်းကြပ်ကြပ်ချည်ပြီး ဆုံးမရမယ်။
မင်းစိတ်ကို ဒီအတိုင်းဆုံးမ။

(၂) ကဲကွာ..... မင်းကို နောက်တစ်မျိုးထပ်ပြောအုံးမယ်။
အပေါက် ၆-ပေါက်ရှိတဲ့ တောင်ပို့ကြီးထဲမှာရှိနေတဲ့
ဖွတ်တစ်ကောင်ကို အမိဖမ်းချင်ရင်
အပေါက်ငါးပေါက်ကို လုံအောင်ပိတ်၊
ကျန်တဲ့အပေါက်ကနေပြီး စောင့်ဖမ်းရင်
ဒီဖွတ်ကိုမိသလို မင်းရဲ့ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်ဆိုတဲ့
ဒွါရ ငါးပေါက်ကိုပိတ်ပြီး ကျန်တဲ့
မနောဆိုတဲ့အပေါက်က စောင့်ဖမ်းရင်
မင်းရဲ့ ဖွတ်နဲ့တူတဲ့စိတ်ကို မိရောပေါ့။

ကဲ... ကဲ.... မင်း သမာဓိကို
ကောင်းကောင်းရအောင် ထပ်ပြီး အားထုတ်ချေဦး။
(နောက်တစ်နေ့ရောက်တော့)
မင်း မနေ့က သမာဓိကောင်းကောင်းရရဲ့လား။
(ထိနမိဒ္ဓ၀င်လို့ သမာဓိခပ်ကျဲကျဲပဲ ရတယ်ဘုရား)။
တယ်....ရှော်တာကိုး။
အဲဒါ မင်း ၀ီရိယလွန်လို့ပဲ၊
ဝီရိယလွန်တော့လဲ ထိနမိဒ္ဓ၀င်တာပဲ။
အဲဒီအချိန်မှာ မင်းထိုင်တဲ့ ဣရိယာပုတ်ကိုဖျက်ပြီး
လမ်းလျှောက်ရင်း အားထုတ်ရတယ်။
မင်း မြဲမြဲမှတ်ထား၊ သတိသာလွန်တယ်လို့မရှိတာ။
သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယဆိုတာကို
ညီတူတပြိုင်တည်းလွှတ်ရတယ်။

တပြိုင်တည်း တညီတည်းဖြစ်အောင်
အားမထုတ်နိုင်ရင်
ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်မှု)ဖြစ်ဖြစ်၊
ထိနမိဒ္ဓ(စိတ်ထိုင်းမှိုင်းမှု)ဖြစ်ဖြစ် တခုခုတော့ဝင်မှာပဲ။
(အခုအားထုတ်ခိုင်းတာက)
သမထသက်သက် သမာဓိရရုံခိုင်းတာ။
ဝိပဿနာ မရောစေနဲ့ဦး။
သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယတို့ကိုအပိုအလိုမရှိ၊
မလျော့မတင်း စောင်းကြိုးညှင်းဆိုသလို အားထုတ်ရမယ်။

မင်းက တခါမှ အားမထုတ်ဘူးလို့
ငါက ဒါလောက် အချိန်အကုန်ခံပြီး ပြောပြနေရတာ၊
ဒီ အာနာပါန ၀င်လေထွက်လေ ရှူရှိုက်ပြီး
အားထုတ်တာ ဘာခက်တာလိုက်လို့၊
ကဲ အကျင့်ရအောင်သွားအားထုတ်စမ်း၊
သမာဓိကောင်းကောင်းရမှ ငါ့ဆီလာခဲ့။
(၂-နာရီလောက် အားထုတ်ပြီးလာတော့)
မင်း သမာဓိကောင်းကောင်းရပြီလား၊ (ရပါပြီဘုရား)။
မင်းက သမာဓိကောင်းကောင်းရတယ်တာပြောတာ၊
မင်းရဲ့ ရုပ်လက္ခဏာက သမာဓိကောင်းကောင်းရတဲ့
လက္ခဏာမဟုတ်သေးဘူး။

သမာဓိရတဲ့ လက္ခဏာက
သမာဓိကောင်းကောင်းရတဲ့
လက္ခဏာနဲ့ မရသေးတဲ့ လက္ခဏာဟာ
အပုံကြီးခြားနားတယ် ဆိုတာ နောက်တော့ ငါပြောပြမယ်။
မင်း အခု ထမင်းစား ရေချိုး နောက်
ခန္ဓာဝန်ကို ပြည့်စုံအောင် ဆောင်ရွက်၊
တရားထိုင်ချိန်ကျမှ အခင်းကြီး, အခင်းလေးတွေ မပေါ်စေနဲ့၊
ဒီကိစ္စတွေဟာ အများကြီး အနှောင့်အယှက် ဖြစ်တယ်။
ကဲ ဒါတွေပြည့်စုံအောင်လုပ်ပြီးအားထုတ်ချေ။
(၂-နာရီလောက် အားထုတ်ပြီး ပြန်လာတော့)

မင်း သမာဓိ ကောင်းကောင်းရပြီလား၊ (ရပါပြီဘုရား)၊
အေး... ဒါလောက်ဆိုရင် တော်လောက်ပြီ၊
ဒီတစ်ခါ ၀ိပဿနာရှုရမယ်။
ရှေးဦးစွာ သမာဓိကောင်းကောင်း ထူထောင်ရမယ်။
နောက် ၀ိပဿနာဘက်ပြောင်းပြီးရှုရမယ်။
ဝိပဿနာဆိုတာက ပညာလမ်းကို စိတ်ညွတ်ပြီး
ရုပ်နာမ်လက္ခဏာ ဖြစ်ပေါ်လာတာတွေကို ဆင်ခြင်တာပါပဲ။
ယခုလက်ရှိ ခန္ဓာကြီးဟာ ပဋိသန္ဓေကစပြီး
သေသည့်တိုင်အောင် မပြတ်မစဲ,
ထပ်တလဲလဲ ဖြစ်ပျက်နေကြတယ်။

အနိစ္စ, ဒုက္ခ, အနတ္တ၊ လက္ခဏာရေး ၃-ပါးတို့သာ
မုချဧကန် ဖြစ်ပျက်နေကြပါတကားလို့ သိမြင်ရတယ်။
ရုပ်နာမ်နှစ်ပါးတို့ကား မမြဲ, ဆင်းရဲ, ငါလဲမဟုတ်။
ရုပ်နာမ်တွေဟာ “အနတ္တ”ဟု ထင်မြင်မှု များလာတဲ့အခါ
ဖစ်လိုက်ချုပ်လိုက်နဲ့ ချုပ်ချယ်နေကြတာကို တွေ့မြင်တဲ့အခါ၊
ဥဒယဗ္ဗယဉာဏ် ရောက်တယ်လို့ သိရမယ်။
နားလည်ပြီလား။
တရားမထိုင်ခင်က အသိဉာဏ်နဲ့
ဒီလိုမရှင်းရင် ခရီးရောက်မှာမဟုတ်ဘူး။
အဲဒီတော့ ဒိဋ္ဌိ ၀ိစိကိစ္ဆာကို ထပ်ပြီးပယ်ပေးရဦးမယ်။
မင်း သောတာပန်ဖြစ်ချင်ရင် “ဒိဋ္ဌိဝိစိကိစ္ဆာ”ကို အရင်ပယ်ရမယ်။

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
(၁၃၁၉-ခု တော်သလင်းလ၌ “ထေရုပ္ပတ္တိနှင့် ကျင့်စဉ်”ရေးသူ
ဦးကျော်သိန်း အား ဟောကြားသော တရား ၃-ပုဒ်မှ))

အခြေခံဝိပဿနာ တရားအားထုတ်နည်း (၂) မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

အခြေခံဝိပဿနာ တရားအားထုတ်နည်း (၂)
■■■■■■■■■■■■■■■■■■■■■■■■
အခြေခံဝိပဿနာတရား အားထုတ်နည်းအကြောင်း ရေးသားတင်ပြပြီးနောက်မှာ သူတော် ကောင်းများရဲ့ အသံတွေကို ပြန်လည်ကြားလာရပါတယ်။ တစ်ချို့က ကျေးဇူးတင်တဲ့အကြောင်း၊ တစ်ချို့က သဘောကျတဲ့အတွက် တစ်ခြားသူများကိုလည်း တစ်ဆင့်ပြန်လည် မျှဝေဖြစ်ကြောင်း၊ တစ်ချို့က သူတို့လို အတွေ့အကြုံမရှိတဲ့ သူတွေအတွက် အလွယ်တကူ နားလည်လွယ်၊ လိုက်နာကျင့်သုံးဖို့ လွယ်ကြောင်း စသဖြင့် ပြန်လည်တုံ့ပြန်မှုများကို ရခဲ့ပါတယ်။
တစ်ချို့ကတော့ နောက်ဆက်တွဲအနေနဲ့ ဆက်လက်ဖော်ပြပေးဖို့နဲ့ တစ်ချို့ကြပြန်တော့ အားထုတ်နည်းကို သဘောကျပေမယ့် ဘ၀ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတဲ့ အတွက် ဘယ်လိုမှကို တရားအားထုတ်ဖို့ အချိန်မရဖြစ်နေကြောင်း၊ ဒါကြောင့် ဒီလို အချိန်မရတဲ့ သူတွေအတွက် ရနိုင်သမျှ လေ့ကျင့်နိုင်မယ့်နည်းလေးများကို ဆက်လက်ရေးသား ဖော်ပြပေးဖို့ လျှောက်ထားပါကြောင်း တောင်းဆိုလာကြပါတယ်။ ဒီလိုဒီလို ပြန်လည်တုံ့ပြန်မှုများကြောင့် ၀ိပဿနာ တရားအားထုတ်နည်း နောက်ဆက်တွဲကို ဆက်လက်ရေးသား တင်ပြပေးဖြစ်ခဲ့ပါတယ်။
ဘ၀ရဲ့ စားဝတ်နေရေး လှုပ်ရှားမှုတွေကြောင့် ဘယ်လိုမှ မအားလပ်တဲ့ သူတွေအများကြီး ရှိနေတယ်ဆိုတာ နားလည်ပေမယ့် ဒီလိုမအားလပ်မှုတွေကြောင့် တရားအားထုတ်ချင်ပေမယ့် အားမထုတ်နိုင် ဖြစ်ရတယ် ဆိုတာကိုတော့ ပြောပြပေးဖို့လိုပါတယ်။ တကယ်တော့ ၀ိပဿနာ အလုပ်ဆိုတာ ရိပ်သာသွားပြီး အချိန်ပြည့် ထိုင်ပြီးမှ အားထုတ်ရတဲ့ တရားအားထုတ်မှု မဟုတ်ပါဘူး။
အသက်ရှင်နေရင်၊ စိတ်နဲ့ခန္ဓာကိုယ်ရှိနေရင်၊ ခန္ဓာငါးပါး ရှိနေရင် ဘယ်လိုနေရာ၊ ဘယ်လိုအနေအထား၊ ဘယ်လိုအချိန်မှာမဆို အားထုတ်လို့ ရပါတယ်။။ နေ့စဉ် လှုပ်ရှားမှုများထဲမှာကိုပဲ လှုပ်ရှားနေတုန်း တရားအားထုတ်နိုင်တဲ့ နည်းတွေရှိပါတယ်။ အမှန်တော့ သတိအမှတ်သာ ရှိနေမယ်ဆိုရင် အဲဒီလှုပ်ရှားမှုတွေကပဲ တရားမှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာပါ။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ဘုရားရှင်ကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်သမျှ အနေအထားတွေ အပေါ်မှာ တရားရှာနိုင်ကြောင်း ဟောတော်မူပါတယ်။
ခန္ဓာကိုယ်က ထိုင်နေတဲ့အခါမှာလည်း ထိုင်နေတဲ့အနေအထား၊ လဲလျောင်းနေတဲ့အခါမှာလည်း လဲလျောင်းနေတဲ့ အနေအထား၊ ရပ်နေရင်လည်း ရပ်နေတဲ့အနေအထား၊ သွားနေရင်လည်း သွားနေတဲ့ အနေအထား စတဲ့ ဘယ်လိုပုံစံမျိုးမှာမဆို တရားရှာနိုင်ပါတယ်တဲ့။ ဒါကို မဟာသတိပဋ္ဌာနသုတ်မှာ ဣရိယာပုတ်ကို ဆင်ခြင်နည်းအဖြစ် ဖွင့်ပြထားပါတယ်။
ဒီသုတ်တော်မှာ ဗုဒ္ဓမြတ်စွာက “ရဟန်းတို့… ရဟန်း (တရားအားထုတ်တဲ့ ယောဂီ)သည် သွားလျှင်လည်း သွားသည်ဟု သိ၏။ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏။ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏။ လျောင်းလျှင်လည်း လျောင်းသည်ဟု သိ၏။ ထိုရဟန်း (ယောဂီ)၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏။ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏” လို့ ဟောတော်မူထားပါတယ်။
ဒီဟောကြားချက်ကို ကြည့်ရင် တရားမှတ်တာ ဘယ်လိုပုံစံမျိုးမှာမဆို မှတ်နိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင်က “ရဟန်းတို့ တစ်ဖန် ထို့ပြင် ရဟန်းသည် ရှေ့သို့တိုးရာ၊ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကွေးရာဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျှက် ပြုလေ့ရှိ၏။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ တိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။”ဟု အသေးစိပ် ထပ်မိန့်ပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် မြတ်ဗုဒ္ဓက နေ့စဉ်လှုပ်ရှားမှုများမှာပဲ မှတ်တတ်အောင်၊ မှတ်နိုင်အောင် မိန့်တော်မူထားတာကို တွေ့ရပါတယ်။
နောက်ဆုံး အပေါ့အလေး အညစ်အကြေး စွန့်တာကအစ အမှတ်သတိနဲ့ ပြုမူမယ်ဆိုရင် အမှတ်အာရုံ ဖြစ်ကြောင်း အတိအလင်း ရှင်းတော်မူထားပါတယ်။ ဒါကြောင့် အလုပ်တွေများပြီး မအားလို့ တရားအားမထုတ်နိုင်ဘူး ဆိုသူတွေအတွက် မြတ်ဗုဒ္ဓရဲ့ ဖော်ပြပါ ဟောကြားချက်များက ဒီလိုနေ့စဉ် လှုပ်ရှားနေမှုများ၊ မအားလပ်မှုများကပင် မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတယ်ဆိုတာ သတိပြုခိုင်းနေပါတယ်။
မှန်ပါတယ်။ တကယ့်ကို သတိအမှတ်နဲ့သာ မှတ်သိနေမယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေဟာ မှတ်စရာတွေပါပဲ။ နေ့စဉ်ဖြစ်ပျက် လှုပ်ရှားနေတဲ့အတွက် သတိမမူမိ ဖြစ်နေကြလို့သာ တရားအားထုတ်ဖို့ အချိန်မရ ဖြစ်နေကြတာပါ။ သတိကပ်ပြီး ဘာပဲဖြစ်ဖြစ် သိနေလိုက်ရင် နေ့စဉ်လှုပ်ရှားမှုတွေဟာ တရားအမှတ်တွေပါပဲ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်က လွဲလို့ မနက်အိပ်ရာကထ ညအိပ်ရာဝင် အိပ်မပျော်ခင် အချိန်အထိ ဖြစ်ပျက်နေတာတွေဟာ မှတ်စရာ အာရုံတွေပါပဲ။ ဒီအဖြစ်အပျက်တွေကိုသာ လိုက်သိနေမယ်ဆိုရင် ရိပ်သာသွားပြီး အထွေအထူး တရားအားထုတ်ဖို့တောင် လိုမယ်မထင်ပါဘူး။ မနက်အိပ်ရာက နိုးတာနဲ့ တစ်ပြိုက်နက် စိတ်မှာ အသိဝင်လာပါပြီ။ အဲဒီအချိန်ကစပြီး ကိုယ့်ရဲ့အမူအရာကို စိတ်နဲ့မြင်အောင် ကြည့်ကြည့်ပါ၊ မှတ်ကြည့်ပါ။ အိပ်ရာက နိုးနိုးချင်း ချက်ချင်းမထချင်သေးလို့ လှဲနေတဲ့အချိန်မှာ စိတ်ကိုနှာသီးဖျားမှာ အာရုံပြုလို့ ထွက်သက်ဝင်သက်လေး မှတ်ကြည့်ပေါ့။ ထလာပြီး စောင်ခေါင်းအုံး ခေါက်သိမ်းတဲ့ အခါလည်း အဲဒီလှုပ်ရှားမှုကို သတိထားပြီး လုပ်ကြည့်လိုက်ပါ။ စောင်ကိုမတာ၊ လက်နှစ်ဖက်နဲ့ ခေါက်နေတာ၊ ပြီးတော့ သိမ်းတာစသဖြင့် ဘာပဲလုပ်လုပ် အဲဒီလုပ်နေတဲ့ လှုပ်ရှားမှုမှာ အသိလေးတွေနဲ့ လိုက်လုပ်ကြည့်လိုက်ပါ။
အဲဒီလို သိပြီးလုပ်နေတဲ့ အချိန်မှာ ကိုယ့်စိတ်မှာ တစ်ခြားလောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ စတာတွေ ကင်းနေတတ်ပါတယ်။ လုပ်သမျှ လှုပ်ရှားမှုတွေအပေါ် သိပြီးနေနေတာ၊ သိပြီးလုပ်နေတာတွေဟာ တရားအားထုတ်နေတာပါပဲ။
ပြီးတော့ ရေချိုးခန်း အိမ်သာဝင်ဖို့ သွားတဲ့အခါမှာလည်း လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်လိုက်ပါ။ ဘယ်ခြေလှမ်းရင် ဘယ်လှမ်းတယ်၊ ညာခြေလှမ်းရင် ညာလှမ်းတယ်လို့ သိပြီး လှမ်းသွားကြည့်လိုက်ပါ။ ဒါဟာ ခြေလှမ်းတိုင်းအတွက် သိမှတ်နေတာဖြစ်ပြီး ဒီလိုသိပြီး လှမ်းနေတဲ့အချိန်မှာ ကိုယ့်သန္တာန်မှာ တစ်ခြားကိလေသာတွေ မဖြစ်ပါဘူး။ လှမ်းတိုင်းလှမ်းတိုင်း သိပြီးလှမ်းနေမယ်ဆိုရင် ဒီခေတ်ပြောနေတဲ့ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာထက် ပိုပြီးအကျိုးကြီးနေပါတယ်။
ဆရာတော်တစ်ပါးက သူ့ယောဂီစစ်သားတစ်ယောက်ကို တရားပြတုန်းက “ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ် ညာလှမ်းရင်လည်း ညာလှမ်းတယ်လို့ သိပြီးလှမ်းပါ”လို့ သင်ပြတဲ့အခါ အဲဒီစစ်သားက “ဒါလား…တရားအားထုတ်တာ စစ်တပ်မှာဆို နေ့တိုင်းဘယ်ညာ အော်နေရတာ“လို့ ပြောပါတယ်တဲ့။ ဒီတော့ ဆရာတော်က စစ်သားလေးကို “အဲဒီလို အော်ပြီးဘယ်ညာ လှမ်းတုန်းက လှမ်းနေတဲ့အမူအရာ ဘယ်ညာခြေလှမ်းတွေကို သိပြီးလှမ်းဖူးလား”လို့ မေးလိုက်တော့မှ စစ်သားလေးက “ဒီလိုပဲ နေ့စဉ်လှမ်းနေကျဆိုတော့ လှမ်းလိုက်တာပဲ”လို့ ဖြေပါတယ်။
ဒီတော့ ဆရာတော်က “အခုမှတ်ခိုင်းတာက အဲဒီလို မသိဘဲ လှမ်းနေတာတွေကို သိပြီးလှမ်းခိုင်းတာပဲ”လို့ မိန့်တော့မှ စစ်သားလေး သဘောပေါက်သွားတယ်လို့ ပြောဖူးပါတယ်။
ဟုတ်ပါတယ်။ ဒီအတိုင်းပါပဲ။ ဘယ်သူမဆို ခြေလှမ်းတွေတော့ လှမ်းနေကြတာပါပဲ။ ဒါပေမယ့် လှမ်းတဲ့ခြေလှမ်းတိုင်းကို အသိမကပ်ဘဲ လှမ်းနေကြခြင်းပါ။ ပုံမှန်သွားလာနေတဲ့အတွက် ဒီသွားလာနေတဲ့ အပေါ် သတိမပြုမိခြင်း ဖြစ်ပါတယ်။
သွားလာနေတဲ့ ခြေလှမ်းတွေဟာ သိပြီးလှမ်းနေရင် လှမ်းတိုင်းလှမ်းတိုင်း မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာကို သတိမပြုမိကြခြင်း ဖြစ်ပါတယ်။ အသိဒကာမလေး တစ်ယောက်ကို ဒီသွားနေတဲ့ ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်ပါ စိတ်တည်ငြိမ်ပါတယ်လို့ ပြောပြဖူးပါတယ်။
တစ်နေ့ အဲဒီဒကာမလေးဟာ စာကြည့်တိုက်က အပြန်မှာ ဒီစကားလေးကို သတိရပြီး သူလှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ သိပြီးလှမ်းကြည့်တဲ့အကြောင်း၊ ဒီလို သိပြီးလှမ်းလာခဲ့တဲ့အတွက် စိတ်မှာတစ်ခြား အတွေးတွေ မ၀င်ဘဲ လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ ပေါ့ပါးသွက်လပ်နေကြောင်း၊ နောက်ဆိုရင် ဘယ်သွားသွား လှမ်းတဲ့ခြေလှမ်းတွေကို တတ်နိုင်သမျှ သိပြီးလှမ်းသွားနိုင်အောင် ကြိုးစားလေ့ကျင့် ကြည့်ပါမည့်အကြောင်း လျှောက်ထားဖူးပါတယ်။
ဒါကြောင့် နေ့စဉ်သွားလာနေရတဲ့ ကိုယ့်ရဲ့သွားနေတဲ့ ခြေလှမ်းတိုင်းကို တစ်ခါတစ်လေ သိပြီးလှမ်းကြည့်ကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။
ပြီးတော့ ရေချိုးခန်းရောက်၊ မျက်နှာသစ်တဲ့အခါမှာလည်း ရေခွက်ကိုင်တာ၊ ရေထည့်တာ၊ ရေကိုလက်နဲ့ခံတာ၊ လက်နဲ့မျက်နှာကို ပွတ်တာတွေ၊ သွားတိုက်ဖို့ သွားတိုက်တံကို ကိုင်တာ၊ သွားတိုက်ဆေးထည့်တာ၊ မှန်ကြည့်ပြီး သွားတိုက်နေတာတွေက အစ ရေချိုးခန်း၊ အိမ်သာတွင်းမှာ လှုပ်ရှားနေတဲ့ အမူအရာ မှန်သမျှကို လှုပ်ရှားမှုနဲ့ သိမှုတစ်ခါတည်း ကပ်နေ၊သိနေတယ်ဆိုရင် ဒါဟာ တရားအားထုတ်နေတာပါပဲ။
နေ့စဉ်အလုပ်တွေထဲမှာ တရားရှာနေတာ၊ တရားအားထုတ်နေတာပါ။ ဘုရားရှင်က ဘယ်လောက်အထိတောင် ပြောလည်းဆိုရင် အိမ်သာဝင်ပြီး အိမ်သာတက်တာကအစ သိပြီးလှုပ်ရှားနေဖို့ ပြောပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ် လှုပ်ရှားမှုမှန်သမျှကို စိတ်က သိနေဖို့ပါပဲ။
နေ့စဉ်လှုပ်ရှားမှုတွေထဲက တစ်ခြား အ၀တ်အစားလဲတာ၊ အလှပြင်တာ၊ မနက်စာပြင်စားတာ၊ အိမ်ကထွက်ပြီး လုငန်းခွင်းသွားတဲ့အခါ၊ ကားရထားစီးဖို့ စောင့်နေတဲ့အခါ၊ ကားပေါ်ရထားပေါ်မှာ ထိုင်နေတဲ့အခါ စတဲ့ ကိုယ့်ရဲ့လှုပ်ရှားမှု ဣရိယာပုတ်တွေမှာလည်း သိသိပြီး နေမယ်ဆိုရင် ဒါဟာ တရားအားထုတ်တာပါပဲ။
တစ်ခြားအချိန်တွေမှာ မသိနိုင်တာတောင်မှ ကားပေါ်ရထားပေါ်မှာ ထိုင်ပြီး နေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့နှာသီးဖျားလေးမှာ စိတ်ကို ကပ်ထားပြီး မျက်လွှာလေးကို မသိမသာချလို့ ထွက်လေ၊ ၀င်လေလေးတွေကို နှာသီးဖျားက တိုးထွက်တိုးဝင်လာတဲ့ အတိုင်း အစအဆုံး သိနေမှတ်နေဖြစ်ရင်ကိုပဲ နေ့စဉ်လှုပ်ရှားမှုတွေထဲက တရားအားထုတ်မှုလေးတွေ ဖြစ်နေတာပါ။
လုပ်ငန်းခွင်မှာလည်း အလုပ်ရှိလို့ အလုပ်လုပ်နေတဲ့ အချိန် လှုပ်ရှားနေတဲ့ အလုပ်အပေါ်မှာ အသေးစိပ်သိပြီး လိုက်လုပ်နေရင်လည်း စိတ်က အလုပ်မှာပဲ အာရုံရောက်ကာ တည်ငြိမ်နေပါတယ်။ ဒီလို အချိန်မှာ ကိုယ့်စိတ်မှာ လောဘဖြစ်စရာ။ ဒေါသဖြစ်စရာ စတာတွေ မရှိဘဲ ဖြစ်နေတတ်လို့ အလုပ်လုပ်ရင်း တရားမှတ်နေဖြစ်ပါတယ်။ အလုပ်မရှိလို့ ထိုင်နေတဲ့အခါလည်း အားတာနဲ့ အာနာပါနလေး လုပ်ကြည့်မယ်ဆိုရင် ဒါဟာ တရားမှတ်ဖြစ်သွားတာပါပဲ။
နောက်ဆုံး အိမ်ပြန်ရောက်လို့ စားသောက်ပြီး လုပ်စရာရှိတာတွေကို တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပြီးလို့ အိပ်ရာဝင်တဲ့အချိန် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အိပ်ရာပေါ်လှဲချ၊ မျက်လွှာလေးချ၊ စိတ်ကိုနှာသီးဖျားမှာ အာရုံပြု၊ ထွက်လေ၀င်လေ အစအဆုံး လိုက်သိပြီး အိပ်ပျော်သွားတဲ့အထိ မှတ်သိနိုင်လိုက်ပြီဆိုရင်တော့ အဲဒီနေ့တစ်နေ့လုံး ကိုယ့်အတွက် တရားအားထုတ်မှုနဲ့ အဆုံးသတ်သွားခဲ့ပါပြီ။ ဒီလိုနည်းနဲ့ မနက်အိပ်ရာထမှ ညအိပ်ရာဝင်တဲ့အထိ လှုပ်ရှားမှုများအပေါ် သတိကပ်ကာ တရားမှတ်နိုင်ပါတယ်။ တကယ်မှတ်ချင်ရင် အခုပြောခဲ့သလို တစ်နေ့တာ လှုပ်ရှားမှုများမှာ ကြိုက်သလို မှတ်နိုင်ပါတယ်။ သတိသာ ထားလိုက်မယ်ဆိုရင် မှတ်စရာတွေချည်းပါပဲ။
ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် တကယ်တရား အားထုတ်ချင်တယ်ဆိုရင် အထပ်ဖော်ပြပါအတိုင်း နေ့စဉ်လှုပ်ရှားမှုများကိုပဲ တတ်နိုင်သမျှ သိအောင်ကြိုးစား နေနိုင်ပါက စားဖို့သောက်ဖို့ ရှားရင်း တရားအလုပ်ပါ တစ်ခါတည်း လုပ်ပြီးသား ဖြစ်နေတာပါလို့ ဆိုခြင်းဖြစ်ပါတယ်။
အချုပ်ကတော့ ဘုရားရှင် မိန့်တော်မူသလို လျောင်း၊ထိုင်၊ရပ်၊သွား လေးပါးဣရိယာများနဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုး တွေမှာမဆို သိပြီးလှုပ်ရှားနေပါက နေ့စဉ်အလုပ်တွေမှာ ဉာဏ်စဉ်တွေ ထုတ်ဖြစ်နေတာဖြစ်လို့ ဘာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ဖြစ်ခိုက်လုပ်ခိုက်ကို သိအောင်လုပ်ပါလို့ ဆိုတာပါပဲ။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)