Monday, June 23, 2014

ဆင်းရဲခြင်းအမှန်

ဆင်းရဲခြင်းအမှန်

ပဋိသန္ဓေနေခြင်းသည် ဆင်းရဲ၏ဟု မြတ်ဗုဒ္ဓ
ဟောတော်မူ၏။ သို့သော် အချို့သောသူတို့
က မည်သူဆင်းရဲသနည်း။ သန္ဓေလောင်း
ဆင်းရဲခြင်းလော ( သို့ ) သန္ဓေလောင်းကို
ဆောင်သော မိခင်လောင်းကဆင်းရဲခြင်းလော
ဟု တွေးကြ၏။ မေးကြ၏။

သူတို့အလိုအရ သန္ဓေသားလောင်းဟူသည်
သူ့ကိုယ်သူ ဘာကိုမျှမသိ၍ ဤနေရာ၌အမိ
ဝမ်းထဲ ဆင်းရဲသည်ဆိုသည်မှာ ယုံလောက်
ဖွယ်မရှိ.။ မိခင်လောင်းကဆင်းရဲသည်ဆို
သည်မှာလည်း တတ်နိုင်သူများအဖို့ငွေကြေး
အကူ ဆေးသိပ္ပံအတတ်အကူတို့ဖြင့် သက်
သာချမ်းသာစွာ နေထိုင်နိုင်ကြရကား ဆင်းရဲ
ဟူ၍ပြောလောက်ဖွယ်မရှိဟု အာဘောဂအမှု
မှတ်ချက်ပြုကြပြန်လေသည်။

ဘာသာခြားတို့၏အယူစကားဆိုလျှင်ကား
အထူးပြောဖွယ်မရှိသော်ငြား အံ့သြဖွယ်ကောင်း
သည်မှာ ထိုသို့တွေးသူ မေးသူများသည် ဗုဒ္ဓ
ဘာသာဝင်အမည်ခံထားသူများ ဖြစ်နေသော
ကြောင့်ပင်တည်း။

ဗုဒ္ဓဘာသာဝင်တို့မည်သည် ဗုဒ္ဓသာသနာအရိပ်
အာဝါသအောက်တွင် ခိုလှုံနေရသဖြင့် ဒုက္ခစစ်
၏သဘောသရုပ်ကို ခပ်လွယ်လွယ်နှင့်သိရှိနေ
ကြရပေသည်။ လွယ်လွယ်ကူကူသိရှိနေကြရ
ပေသည်။ လွယ်လွယ်ကူကူသိရှိနိုင်သဖြင့်ခပ်
ပေါ့ပေါ့ သဘောထားလွန်းပါက မိမိတို့ထက်ပေါ့
လွန်းသူ ပေါလွန်းသူ အတုမရှိဖြစ်ပေရာ၏။
မျောက်အုန်းသီးရ အသုံးမကျဆိုသကဲ့သို့လည်း
ဖြစ်နိုင်ပေသေး၏။ ထို့ကြောင့်ဒုက္ခစစ်၏ သဘော
အမှန်နှင့် သရုပ်သဏ္ဍာန်ကို လေးနက်စွာသိရှိ
ရန် အရေးကြီးလှပေတော့သည်။

ဒုက္ခစစ်ကား အခြားမဟုတ်၊ အပြင်မှာမရှိ၊ ဝေဟင်
မှာမရှိ၊ ဓာတ်ခွဲရုံစသည်မှာလည်း ရှာဖွေမတွေ့နိုင်
ဒုက္ခစစ်ဟူသည်ကား ကျွန်ုပ်တို့၏ ခန္ဓာပင်တည်း။

ကျွန်ုပ်တို့သည် မိခင်ဝမ်းကြာတိုက်၌ သန္ဓေသား
လေးဖြစ်ခဲ့ရ၏။ ရေကြည်ကလလမှ ခက်မစုံလင်
သည်အထိ တဖြည်းဖြည်းပြည့်ဖြိုးလာရ၏။ အချိန်
တန်လျှင် မိခင်ဝမ်းဗိုက်မှ ဂျွမ်းစိုက်၍ ဆင်းသက်
လာရပေ၏။ ကိုယ့်ဘ၀ကိုယ်တစ်ပတ်ဂျွမ်းဖြင့်စတင်
စတင်ထွက်ပေါ်ရ၏။ ၀မ်းကကျွတ်လျှင်ကျွတ်ချင်း
တအဲ့အဲ့ငိုခဲ့ရ၏။ ဘ၀ကိုမျက်ရည်ဖြင့်အစပျိုးခဲ့ရ
ပုံကို မေ့နေကြပေသည်။

ရေကြည်စွဲသည်မှ ငိုမည်ပွဲစရချိန်ထိ ကျွန်ုပ်တို့
ပင်ပန်းဆင်းရဲခဲ့ကြရပါသည်။ နွမ်းနယ်ခွေလျော့
ခဲ့ကြရသည်။ ဂန္ဓ၀င်စကားဖြင့်ပြောရပါမှု ဘ၀ကို
ဇာတိ ဒုက္ခ ငိုချင်းချဖြင့် ကားလိပ်တင်ခဲ့ကြသည်
မဟုတ်ကြပါလော။ သို့သော် လူတိုင်းထိုလွမ်းချင်း
ကို မေ့နေကြလေပြီ။

ငိုခြင်းဖြင့် ဘ၀ကို စတင်ခဲ့ကြပြီးသည်နောက်
အကြီးအကျယ် ပြောင်းလဲ ပျက်စီးရမည့် အချိန်
တစ်ချိန်စီသို့ အပြင်းအထန်ဆက်လက်ချီတက်
နေကြရသူများမှာလည်း ကျွန်ုပ်တို့ပင် ဖြစ်ပေ
သည်။ တောင်လေဖိသဖြင့် ပြိုအိလာသောတိမ်
လိပ်ကြီးသည် မြောက်ဘက်သို့သာလျှင် အစဉ်
တစိုက် ရွေ့လျား သွားရောက်ရသည့် နည်းတူ
ကျွန်ုပ်တို့သည်လည်း ဘ၀နိဂုံးမှတ်တိုင်သို့ ဦး
လည်မသုန်အရောက်သွားနေကြရ၏။

ထိုသို့သွားရာ၌လည်း ချော့မွေ့သက်သာ ဖြောင့်
ဖြူးချမ်းသာစွာမဟုတ်၊ ကိုယ်တွင်း ကိုယ်ပ နှစ်
ဌာန၀ယ် စက္ကန့်မလပ်ပြုပြင်စီရင်မှုသဘောတရား
ဒဏ်ချက်တို့ဖြင့် ခရီးနှင်ကြရပေသည်။ ဇာတိကို
အခြေပြုထားကြသူများပီပီ ရလာဒ်ဇရာတရားအ
ဖြစ် အသက်မကြီးချင်ဘဲ ကြီးလာရခြင်း မဟိုင်း
ချင်ဘဲဟိုင်းလာရခြင်း၊ ခြေရေ၊ လက်ရေ၊ ပါးရေ၊
နားရေမတွန့်ချင်ဘဲတွန့်လာရခြင်းဆံပင်မဖြူချင်
ဘဲဖြူရခြင်း၊သွားမကျိုးချင်ဘဲ ကျိုးရခြင်း မျက်စိ
မမှုန်ချင်ဘဲမှုန်ရခြင်းနားမထုံချင်ဘဲထုံရခြင်း မှဲ့နီ
မှဲ့ခြောက် ထူကဲပေါက်ရောက်လာချိန်တွင် အ
ကြောပြိုင်းပြိုင်း ခါးကိုင်းကိုင်း နားအူ နားထိုင်း၊
လူတိုင်းမသတီစရာအပိုင်းဖြစ်လာရ၏။

တယိုင်ယိုင် တယိမ်းယိမ်း ကတိမ်းကပါး စိတ်
သွားတိုင်း ကိုယ်မပါ အိုနာစွဲကပ်မှုကိုလည်းကြုံ
တွေ့ကြ၏။ သူတစ်ပါး ပေးစာ ကမ်းစာ လှမ်း
စာမျှဖြင့် အသက်ရှင်ရပြီး မှဲ့ပျော်သက်ကြီးသေ
ခါနီးသော အချိန်မခါကို ညှိုးငယ်လှစွာခံယူနေ
ကြရပေသည်။

ထို အိုနာဆိုးကြီးကြောင့် ကျန်းမာရေးကိုအထူး
ဂရုပြု နေထိုင်၍ ဆေးအမျိုးမျိုး ဓာတ်စာအဖုံဖုံ
တို့ဖြင့် ကိုယ်ကာယကိုမွေးမြူပါသော်ငြားလည်း
နောက်ဆုံးတွင်အပြင်းအထန်ထိုးနှက်ဝင်ရောက်
စွဲကပ်လာသော ဗျာဓိ ( သေနာရောဂါ ) အား
ကျွန်ုပ်တို့သည် အရှုံးပေးစရမြဲ ဖြစ်ပေသည်။

ခေတ်မှီ ဆေးပစ္စည်းများ ကိရိယာများကလည်း
ထိုဗျာဓိ ( သေနာရောဂါ )ကို ဘယ်သောအခါမျှ
နိုင်နင်းအောင် မဖြိုခွင်းနိုင်ကြ။ ကမ္ဘာကျော်သမား
တော်ကြီးများပင်လျှင် သူတို့၏ဂုဏ်သရုပ်ကိုဖော်
ထုတ်ချိန်ပင် မရနိုင်တော့ဘဲ အချိန်တန်သော်သေ
နာရောဂါအောက် ပြားပြားမှောက်ရသည်ချည်း
ဖြစ်သည်။

နောက်ဆုံးတွင် ငြင်း၍လည်းမရ။ ခယတောင်းပန်
လို့လည်းမဖြစ်၊ ခုခံတိုက်ခိုက်လို့လည်းမနိုင်သော
ရွေ့လျားခြင်းသဘော ပျက်စီးကွယ်ပျောက်ကုန်
ခမ်းခြင်းသဘော သတ်ဖြတ်ခြင်းသဘောက ကျွ
န်ုပ်တို့နှင့် ကျွန်ုပ်တို့လောက ပတ်ဝန်းကျင်ကိုအ
ဆက်ဖြတ်ချလိုက်ပေတော့သည်။ ထိုအခါကျွန်ုပ်
တိုကသည် အကူအညီမဲ့မဲ့၊ အားကိုးစရာမဲ့မဲ့အ
ခြေသို့ ရောက်ကာ၊ စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်း
အတိဖြင့် မချိမဆံ့ဒုက္ခဝေဒနာကြီးကို လူးလဲခံစား
ကြရှာရင်း သေမင်းပြုသမျှနုရရှာလေသည်။

ထို့ကြောင့် ရင့်ကျက်သောပညာရှိတို့သည် လူ
သားတို့၏ ကိုယ်ခန္ဓာအား သန္ဓေယူခြင်း၊ ရင့်
ရော်ခြင်း၊ သေနာစွဲခြင်း၊ သတ်ဖြတ်ခြင်း ( ဇာတိ၊
ဇရာ၊ ဗျာဓိ၊ မရဏ ) ဟူသော ဒုက္ခအသိုက်အမြုံ
ကြီးသာဖြစ်သည်။ စိုးရိမ် ညှိုးပိန်၊ ငိုကြွေး၊ ပူဆွေး
ရခြင်း ဆင်းရဲခြင်း မုန်းသူယှဉ်တွဲ ချစ်သူကွဲကို
လည်းမရခြင်းဟူသော ( သောက၊ ပရိဒေ၀၊ ဒုက္ခ၊
ဒေါမနဿ၊ ဥပါယာသ ) ဟူသော ရွံမုန်းစရာပြတ်
ပြတ်သားသား အမနာပတရား အနိဋ္ဌာရုံများဆုံစည်း
ဖြစ်ထွန်းရာ ဂေဟာကြီးဖြစ်၏ဟူ၍ အသိအမြင်ရှင်း
ကြလေသည်။

ဆိုခဲ့ပါ ဆင်းရဲဒုက္ခသဘာဝသည် အတိတ်ကလည်း
မှန်ခဲ့ပြီး ယခုလည်းမှန်ဆဲဖြစ်သည့်အပြင်၊ နောင်
တွင်လည်း ဆက်လက်၍ အမှန်တရားအနေဖြင့်
ရပ်တည်နေပေမည်။ ပဉ္စုပါဒါနက္ခန္ဓာကိုအကြောင်း
ခံ၍ ဇာတိကို အမှီပြုထားသည့်တရားများဖြစ်သော
ကြောင့် ဒုက္ခသစ္စာ၌သွင်းယူအပ်၏ဟု ဗုဒ္ဓဟော
ကြားခဲ့၏။ ပညတ်ချထားခဲ့၏။ ဖွင့်ပြဝေဖန်ခဲ့၏။
ပေါ်လွင်ထင်ရှားစွာသိမြင်စေခဲ့၏။

အပူငွေ့နှင့်မီးခိုးကိုဖြစ်လျှင် မီးကိုမတွေ့ရှိသော်ငြား
မီးရှိနေသည်ဟုဉာဏ်ဖြင့်သိအပ်သကဲ့သို့ ဇရာ ဗျာဓိ
မရဏတို့ကို ဆင်းရဲဒုက္ခဟုဆိုခဲ့ပါအတိုင်း ကောင်းစွာ
သိမြင်သူတို့သည် အကြောင်းခံဖြစ်သော ဇာတိ( ပဋိ
သန္ဓေ )နှင့်တကွ သန္ဓေသားလောင်း၏ သဘာဝကို
လည်း ( ၀ါ ) နာမ်တရားနှင့် တကွကလာပ်စည်းရုပ်
သုံးဆယ် အပေါင်းစုကိုလည်း ဒုက္ခသစ္စာ ဆင်းရဲခြင်း
အမှန်တရားအဖြစ်သိမြင်ပြီးဖြစ်ရာ၏။ သန္ဓေသား
လောင်း၏ မိခင်အတွက်မှာကား သည်ပုပ်ထဲက
သည်ပဲဖြစ်၍ ဆိုဖွယ်မရှိပြီ။ ကျွန်နှင့်သဘောက်မွေး
ဖောက်ခြင်းပင်တည်း။

နိဂုံးချုပ်ရပါမူကား
သင်္ခတဋ္ဌော = အဖန်ဖန်ထူထောင်အပ်ခြင်းသဘော
ရှိနေသော၊ သန္တောပဋ္ဌော = ထူထောင်သော်ငြား
အဖန်ဖန်ပူလောင်ခြင်းဖြင့်သာတည်မြဲနေကုန်သော၊
ဝိပရိနာမဋ္ဌော = တစ်ချိန်ချိန်တွင်တစ်နည်းနည်းဖြင့်
ကြေမွပျက်သုန်းလက်စတုန်းကုန်မည့် သဘောသာ
လျှင်ရှိကြကုန်သော စသောသဘောတရားတို့ဖြင့်
ပိဠနဋ္ဌော = မပြတ်နှိပ်စက်အပ်ကုန်သည့် ဇာတိအစ
မရဏအဆုံး ၀ဋ်တရားအားလုံးတို့သည် ( ၀ါ ) သင်္ခ
တ ဓမ္မပေါင်းစည်းသမူ အစုအပုံဟူသည် ခန္ဓာစုတို့
သည် မြတ်ဗုဒ္ဓဟောကြားတော်မူသည့်အတိုင်းဒုက္ခ
သစ္စာအမှန်ပင်ဖြစ်ပေတော့သတည်း။

အနန္တဂုဏ်ရည်မဂ္ဂဇင်း
အတွဲ ၄၊ အမှတ် ၁၀။

0 comments:

Post a Comment