Saturday, July 12, 2014

''မိုးကုတ်ဆရာတော်ဘုရားကြီး၏ မိုးကုတ်ဝိပဿနာ ရှု့ နည်း''

''မိုးကုတ်ဆရာတော်ဘုရားကြီး၏ မိုးကုတ်ဝိပဿနာ ရှု့ နည်း''
★★★★★★★★★★★★★★★★★★★★★★★★★★
မောင်ကျော်သိန်း မင်း တရားအားထုတ်ဖို့ အချိန်တော်ပြီ၊
အသေက ဦးသွားမယ်၊ 
ငါသည် ရခဲသော လူ့ဘဝ
ကြုံကြိုက်ခဲလှသော ဘုရားသာသနာတော်ကြီးနဲ့ 
တွေ့ကြုံနေချိန်မှာ၊
အို နာ သေ မွဲ ကွဲ ဆိုတဲ့
သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင်
ဝိပဿနာအကျင့်မြတ်ကို
အားထုတ်တော့မယ်လို့ ဆုံးဖြတ်ပါ။

ပြီးတော့ မင်းရဲ့ အရောင်းအ၀ယ်အလုပ်ဆီကို
လုံးဝစိတ်မရောက်ရဘူး။
ပစ္စည်း ဥစ္စာ သားမယားကို တခါတည်း ဉာဏ်နဲ့ စွန့်ပစ်ထားပါ။
အဓိပတိ ၃-ပါးကို အားထားပြီး မင်း တရားအားထုတ်ရမယ်။
အဓိပတိ ၃-ပါးဆိုတာက
အတ္တာဓိပတိ၊ လောကာဓိပတိ၊ ဓမ္မာဓိပတိလို့ ၃-မျိုးရှိတယ်။

(၁) မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။
ငါဟာ စားစရာ နေထိုင်စရာမရှိလို့ အားထုတ်တာမဟုတ်ဘူး။
အိုဘေး၊ နာဘေး၊ သေဘေး မွဲကွဲတည်းဟူသော
သံသရာဝဋ်ဆင်းရဲတို့မှ လွတ်မြောက်နိုင်အောင်လို့
တရားအားထုတ်ခြင်းဖြစ်တယ်။
အဲဒါ အတ္တာဓိပတိလို့ ခေါ်တယ်။

(၂) လောကကြီးကိုလဲ အဓိပတိထားပြီး အားထုတ်ရမယ်။
ငါသည် တရားအားထုတ်တယ်လို့အမည်ခံပြီး တရားအားထုတ်ချိန်မှာ လောဘ၊ ဒေါသ၊ မောဟတရားတွေ ဖုံးလွှမ်းပြီး
အရောင်းအ၀ယ်ကိစ္စတွေ စဉ်းစား တွေးတောမနေနဲ့၊
ထိနမိဒ္ဓလဲမဖြစ်နဲ့၊ ပျင်းလဲမဖျင်းနဲ့၊ အိပ်လဲမနေနဲ့၊
စိတ်ကလဲ လေလွင့်မနေနဲ့၊ မတော်တာတွေလုပ်နေရင်
ကိုယ်စောင့်နတ်နှင့် သမ္မာဒေ၀နတ်ကောင်း နတ်မြတ်များကလဲ သိတယ်။
အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ်များကလဲ သိတယ်။
ဒါကြောင့် လောကကြီးကို ရှက်ကြောက်ပြီး အားထုတ်ရမယ်။
အဲဒါ လောကကို အဓိပတိထားပြီး အားထုတ်လို
့ လောကာဓိပတိလို့ ခေါ်တယ်။

(၃) တရားတော်ကိုလဲ အဓိပတိထားပြီး
ရိုသေလေးစားပြီး တရားအားထုတ်ရမယ်။
တရားတော်ကို ၀ိပဿနာဉာဏ်နဲ့ မမြင် မြင်အောင်ကြည့်ရမယ်။
တရားမမြင် တရားမပေါက်တာဟာ တရားကမရှိလို့မဟုတ်ဘူး။
ငါက တရားတော်ကို မလေးစားလို့ မမြင်တာလို့ ဆုံးဖြတ်ချက်ချပြီး
တရားတော်ကို အဓိပတိထားပြီး အားထုတ်ရမယ်။
အဲဒါကို ဓမ္မာဓိပတိလို့ခေါ်တယ်။

ပြီးတော့ တရားအားထုတ်တဲ့အခါ
သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ိရိယ၊ ပညာနဲ့ ကြိုးစားပြီးလုပ်ရမယ်။
တရားအားထုတ်တော့မယ်ဆိုရင်
ရှစ်ပါးသီလကို အမြဲဆောက်တည်ရမယ်။
ပြီးတော့ ယုံကြည်ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊
လွန်စွာအားထုတ်၊ နာမ်နှင့်ရုပ်ကို၊ ဖြစ်ချုပ်ဉာဏ်မြင်၊
ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း ဆိုတဲ့ ဆောင်ပုဒ်ကို
အရကျက်မှတ်ထားပြီး အဲဒီအတိုင်း လိုက်နာကျင့်သုံးရမယ်။

တရားအားထုတ်တော့မယ်ဆိုရင်
ပုဗ္ဗကိစ္စ ၅-ပါး (ဦးစွာလုပ်ဆောင်ရမဲ့ကိစ္စ ၅-ပါး)ကို လုပ်ဆောင်ရမယ်။
(၁) တရားအားထုတ်တဲ့ အချိန်မှာ
မိမိ ခန္ဓာကိုယ်ကို ဘုရားမှာ လှူထား၊
(၂) ဆရာမိဘပုဂ္ဂိုလ်မြတ်တို့ကို ကံသုံးပါးဖြင့် ပြစ်မှားမိက ထိုအပြစ်တို့မှ ပျောက်ပါစေခြင်းငှာ တောင်းပန်ဝန်ချ ကန်တော့ ပါ၏လို့-ဆို၊
(၃)ကိုယ်စောင့်နတ် အိမ်စောင့်နတ်၊ မြို့စောင့်နတ်၊
သာသနာစောင့်နတ်နဲ့တကွ သတ္တ၀ါအားလုံး ဘေးရန်ကင်း၍ ကျန်းမာချမ်းသာပါစေလို့ မေတ္တာစိတ်ကို ပွားများပေးရမယ်။
(၄) ရှေးဘ၀ ယခုဘ၀ ငါပြုသမျှသော
ဒါနစတဲ့ကုသိုလ်တို့သည် ငါအလိုရှိသော
မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်စေခြင်းငှာ
လျင်မြန်စွာ ကျေးဇူးပြုပါစေသတည်းလို့ -ဆို၊
(၅) မရဏာနုဿတိ= ငါသည် ဘ၀များစွာက သေခဲ့တာများလှပြီ၊
ယခုဘ၀ မသေခင်မှာ တရားအားထုတ်မှပဲလို့ သေခြင်းတရားကို ပွားများပြီး အားထုတ်မှုအရှိန် ပြင်းထန်အောင် မိမိကိုယ်ကို တိုက်တွန်းပါ။
တရားအားထုတ်တော့မယ်ဆိုရင် ရှေးဦးစွာ ရုပ်နဲ့နာမ်ခွဲတတ်ရမယ်။

ငါပြောပြမယ်။
မင်း မြင်စရာအဆင်းနဲ့ မြင်တဲ့မျက်စိက ရုပ်ပဲ။
သိမှုက နာမ်လို့ ခေါ်တယ်။
အာရုံ ၆-ပါးမှာ အဲဒီလို ရုပ်နဲ့နာမ်ဟာ အမြဲတွဲနေတာပဲ။
ပြီးတော့ တရားအားထုတ်ရာမှာ ပရိညာ ၃-ပါးနဲ့ သိ-သိသွားရမယ်။
(၁) ဉာတပရိညာ= ဖြစ်ဆဲရုပ်နာမ်ကို ဒီဟာက ရုပ်၊
ဒီဟာကနာမ်ဆိုတာ ခွဲခြားပြီး သိ-သိသွားရမယ်၊
(၂) တီရဏပရိညာ= ဖြစ်ဆဲရုပ်နာမ်တို့၏
“ အနိစ္စ၊ ဒုက္ခ၊ အနတ္တ” သဘောကို ပိုင်းခြားပြီးသိရမယ်။
(၃) ပဟာနပရိညာ= ရုပ်နာမ်တို့ အပေါ်မှာ
ငါ့ရုပ်ဆိုတဲ့ တဏှာစွဲ၊
ရုပ်ဟာငါပဲဆိုတဲ့ မာနစွဲ
ဒီရုပ်ဟာ ငါ့ကိုယ်ဆိုတဲ့ ဒိဋ္ဌိစွဲ၊
ဒီအစွဲ ၃-ပါးကို မင်းသိအောင်လုပ်ပြီး ပြုတ်အောင် ဖြုတ်ရမယ်။

တရားအားထုတ်ရာမှာ မင်း ရုပ်နာမ်ကို ပိုင်းခြားသိရမယ်။
ပြီးတော့ ဈာန်လမ်းခေါ်တဲ့ သမထလမ်းကို မလိုက်ပဲ၊
သမာဓိရရုံလောက်သာ သမထကိုအားထုတ်ပြီး၊
သမာဓိရလာတာနဲ့ တပြိုင်နက် ၀ိပဿနာကို ပြောင်းပြီးလုပ်ရမယ်။
ဝိပဿနာကို ပြောင်းတယ်ဆိုတာ
မီးရထားခေါင်းတွဲ လမ်းလွှဲလိုက်သလို၊
သမထ(သမာဓိ)လမ်းက ၀ိပဿနာ(ပညာ)လမ်းကို စိတ်လွှတ်ပြီး ရုပ်နာမ်တို့ရဲ့ ဖြစ်ပျက်နေတဲ့လက္ခဏာကို ဆင်ခြင်တာပါပဲ။
အဲဒါ ဉာဏ်က ဦးစီးတယ်လို့မှတ်၊

အဲဒီတော့ မင်း အာနပါနဆိုတာ
ဝင်လေ ထွက်လေ (၀င်သက်ထွက်သက်)ကို ခေါ်တယ်။
ဒီ ၀င်လေ ထွက်လေကို ရှူရာမှာ
လေကိုဝအောင်ရှူ၊ လျှော့ပြီးလည်း မရှူရဘူး၊
သိပ်ပြင်းပြင်းထန်ထန်လည်း မရှူရဘူး၊
မှန်မှန်ပဲ ရှူရမယ်၊ ရှိုက်ရမယ်။
ပြီးတော့ မင်းစိတ်ကို နှာသီးဖျား, အထက်နှုတ်ခမ်း,
ရင်ညွန့်ဆိုတဲ့ သုံးနေရာတွင် ကြိုက်ရာတနေရာမှာထားပါ။
သတိနဲ့ကပ်ထားရမယ်။
မလစ်စေရဘူး။

ဝင်လေထွက်လေရှူရှိုက်တဲ့အခါမှာ
နှာသီးဖျားမှာ ထိတာကို သိရမယ်။
သူ့သဘောအတိုင်း မှန်မှန်လေး (၀င်သက်ထွက်သက်)ကို
သိနေတဲ့ အာရုံမှတပါး
တခြားဘယ်ကိုမှ မရောက်ရဘူး၊ အာရုံမပြုရဘူး။
အာနာပါနလုပ်ပြီး သမာဓိအားကောင်းလာတဲ့ ယောဂီဟာ
ရုပ်နာမ် ၂-ပါးကို ပိုင်းခြားသိပြီး ခန္ဓာငါးပါးဆိုတာလည်း ပိုင်းခြားသိရမယ်။

(၁) ရုပ်က ရူပက္ခန္ဓာ၊
(၂) သိစိတ်က ၀ိညာဏက္ခန္ဓာ၊
(၃) ခံစားမှု=ဝေဒနာက ဝေဒနာက္ခန္ဓာ၊
(၄) မှတ်သားမှု=သညာက သညာက္ခန္ဓာ၊
(၅) ဖဿစေတနာစတဲ့ ကျန်စေတသိက် ၅၀ က သင်္ခါရက္ခန္ဓာလို့ သိမှတ်ရမယ်။

ဒါတွေ သိပြီးတဲ့နောက် ပဋိစ္စသမုပ္ပါဒ်နည်းနဲ့လဲ
အကြောင်းအကျိုးခွဲပြီး ဒိဋ္ဌိခွာရဦးမယ်။
ဒီလိုသိမှုကို အရင်ပေးပြီးမှ အလုပ်ကိုပေးလို့ဖြစ်မယ်။
ဒီတော့ ခန္ဓာငါးပါးကို ပိုင်းခြားပြီး သိမြင်ပြီးရင်
ရုပ်နာမ်ခန္ဓာကို ဖြစ်စေတတ်တဲ့ ရှေးကဖြစ်ပြီးခဲ့တဲ့
အ၀ိဇ္ဇာ၊ တဏှာ၊ သင်္ခါရတို့ဟာ အကြောင်းတရား၊
ဒီရုပ် နာမ် ခန္ဓာတို့ဟာ အကျိုးတရားလို့
အကြမ်းအားဖြင့် မင်း သိမြင်ရမယ်။

ကဲ...... မင်း တရားအားထုတ်ဖို့ ကမ္မဋ္ဌာန်းတောင်း လိုက်ဆို၊
ကမ္မဋ္ဌာနံ မေ ဘန္တေ ဒေထ၊
သံသာရ၀ဋ္ဋဒုက္ခတော မောစနတ္ထာယ။
ဘန္တေ၊ အရှင်ဘုရား။ မေ၊ တပည့်တော်အား။
သံသာရ၀ဋ္ဋဒုက္ခတော၊ သံသရာဝဋ်ဆင်းရဲမှ။
မောစနတ္ထာယ၊ ကျွတ်လွတ် ထွက်မြောက်ပါစေခြင်း အကျိုးငှာ။
ကမ္မဋ္ဌာနံ၊ မဂ် ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း အကောင်းဆုံးဖြစ်တဲ့ ကမ္မဋ္ဌာန်းကို။
ဒေထ၊ ကရုဏာရှေ့ထား ပေးသနားတော်မူပါဘုရား။ အဲဒါ ၃-ခေါက်ဆိုပါ။

ကဲ ငါပြောသလို “အာနာပါန”ကို သွားအားထုတ်ချေတော့။
(နောက် တနာရီလောက် အားထုတ်ပြီး ပြန်လာတော့)
မင်း အာနာပါနကို အားထုတ်တာ
တနာရီလောက် သမာဓိရတယ်ဆိုတာဟာ ၀ိရိယရှိလို့ပေါ့။
အဲဒါ သမ္မာဝါယာမလို့ ခေါ်တယ်။
မင်းစိတ်က လေကိုရှူတိုင်း ရှူတိုင်း
ရင်ညွန့်ကို ရောက်တိုင်း ရောက်တိုင်း သိရဲ့လား၊ (သိပါတယ်ဘုရား)။

အေး.... မင်း အဲဒါကို သိနေတယ်ဆိုတာ
သတိကို လက်မလွှတ်လို့ သိတာ၊
အဲဒါ သမ္မာသတိလို့ ခေါ်တယ်။
မင်း အာနာပါနကို အားထုတ်နေတုန်း၊
မင်းစိတ်ဟာ ထားတဲ့ရင်ညွန့်မှာပဲ ရှိနေပြီး
တခြားအာရုံသို့ ရောက်မသွားတာကို
သမ္မာသမာဓိ လို့ခေါ်တယ်။
စိတ်က ကိုယ်ထားတဲ့နေရာမှာ တည်နေတာပေါ့။
အေး..... မင်း သမာဓိတော့ရပါပြီ။

ဒါပေမယ့် ဒါထက် သမာဓိကောင်းကောင်းကြီးရဖို့
အားထုတ်ရန်လိုနေသေးတယ်။
ဝင်လေထွက်လေရှူတဲ့အခါ နှာခေါင်းထဲက ရှူရမယ်။
ပါးစပ်က မရှူရဘူး။
နှာခေါင်းကရှူလည်း ဘယ်ဘက်က ရှူတယ်
ညာဘက်ကရှူတယ် ဆိုတာတွေ လိုက်နေဖို့မလိုဘူး။
သမာဓိရဖို့ပဲ အရေးကြီးတယ်။
နှာခေါင်းက ရှူရင် ရှူတာသိရမယ်။
ရှိုက်ရင် ရှိုက်တာသိရမယ်။
မင်းကို ပထမ အာနာပါန အားထုတ်ခိုင်းစဉ်က
စိတ်ကို ရင်ညွန့်မှာ အကပ်ခိုင်းတယ်။

အခုတစ်ခါ အားထုတ်ရမှာက
(နှာသီးဖျား, ရင်ညွန့်, ချက်) ရောက်တိုင်း ရောက်တိုင်း
ဝင်လေရှူလိုက်တဲ့အခါ
နှာသီးဖျားကအစ၊
ရင်ညွန့်အလယ်၊
ချက်အဆုံး ၀င်တာကိုသိရမယ်။

လေထုတ်လိုက်တဲ့အခါမှာလဲ
ချက်အစ၊ ရင်ညွန့်အလယ်၊ နှာသီးဖျားအဆုံး
ထွက်တာကို သိလိုက်ရမယ်။
ဒီလိုအားထုတ်ပြီး အသိလိုက်သွားရင်
အာရုံတခြားထွက်မသွားပဲ၊
သမာဓိကောင်းကောင်းကြီး ရနိုင်တယ်။

နောက် အလေ့အကျင့်ကောင်းကောင်းရသွားရင်
၁၅ မိနစ်လောက်နဲ့ သမာဓိထူထောင်နိုင်တယ်။
မင်း သိဖို့ရာ မင်း အခု ရှူရှိုက်နေတာကရုပ်၊
ဒီ ရှူရှိုက်နေတာကို သိတာက နာမ်၊
အဲဒီ ရုပ်နာမ် နှစ်ပါး ပိုင်းခြားသိတဲ့အခါ
နာမရူပပရိစ္ဆေဒဉာဏ်။ ၀ိသုဒ္ဓိလို ပြောရင်
ဒိဋ္ဌိဝိသုဒ္ဓိ တစ်ပေါင်းတည်း ဖြစ်လာတယ်။
မြဲမြဲမှတ်ထားနော်၊
မင်း ကမ္မဋ္ဌာန်းအလုပ်ဝင်တဲ့အခါ သိဖို့ရာက
(၁) အာရုံနဲ့ သိမှတ်တဲ့စိတ်လို့ ၂-မျိုးမှတ်ထားရမယ်။
(၂) အာရုံနဲ့ သိမှတ်တဲ့စိတ်ဟာ တည့်တည့်နေအောင် ရှူရမယ်။
(၃) အာရုံထဲက စိတ်ထွက်မသွားအောင် သတိပြုရမယ်။
(၄) ကမ္မဋ္ဌာန်း အလုပ်ဝင်တဲ့အခါ စိတ်က ဘာတခုမှမစဉ်းစားနဲ့။

ဘာအာရုံမှ ၀င်မလာစေနဲ့၊
မင်းဟာ စိတ်တစ်လုံးကိုနိုင်အောင် ဆုံးမနိုင်ရင်
ကိလေသာနူနာအမြစ်ပြတ်နိုင်တယ်။
စိတ်တစ်လုံးကို မနိုင်ရင်တော့ လောကီအလိုလည်း
မင်းချမ်းသာရာရမှာ မဟုတ်ဘူး။
လောကုတ္တရာအလိုလည်း
ထောင့်ငါးရာ ကိလေသာနူနာ
အမြစ်ပြတ်မှာမဟုတ်ဘူး။
မင်း စိတ်ကိုနိုင်အောင် ဒီလိုဆုံးမ။

ငါ ဥပမာလေးပြမယ်။
(၁) နွားကျောင်းသားဟာ နွားရိုင်းကို ဆုံးမချင်ရင်
ချည်တိုင်ကို ခိုင်ခိုင်စိုက်၊ နွားရိုင်းကို နဖားကြိုးထိုး၊
ချည်တိုင်မှာ ကြိုးနဲ့ မြဲမြဲချည်ပြီး ဆုံးမသလိုပဲ၊
ချည်တိုင်နဲ့တူတဲ့ ကမ္မဋ္ဌာန်း အာရုံမှာ
နွားရိုင်းနဲ့တူတဲ့ စိတ်ကို ကြိုးနဲ့တူတဲ့
သတိ တရားဖြင့် တင်းတင်းကြပ်ကြပ်ချည်ပြီး ဆုံးမရမယ်။
မင်းစိတ်ကို ဒီအတိုင်းဆုံးမ။

(၂) ကဲကွာ..... မင်းကို နောက်တစ်မျိုးထပ်ပြောအုံးမယ်။
အပေါက် ၆-ပေါက်ရှိတဲ့ တောင်ပို့ကြီးထဲမှာရှိနေတဲ့
ဖွတ်တစ်ကောင်ကို အမိဖမ်းချင်ရင်
အပေါက်ငါးပေါက်ကို လုံအောင်ပိတ်၊
ကျန်တဲ့အပေါက်ကနေပြီး စောင့်ဖမ်းရင်
ဒီဖွတ်ကိုမိသလို မင်းရဲ့ မျက်စိ, နား, နှာခေါင်း, လျှာ, ကိုယ်ဆိုတဲ့
ဒွါရ ငါးပေါက်ကိုပိတ်ပြီး ကျန်တဲ့
မနောဆိုတဲ့အပေါက်က စောင့်ဖမ်းရင်
မင်းရဲ့ ဖွတ်နဲ့တူတဲ့စိတ်ကို မိရောပေါ့။

ကဲ... ကဲ.... မင်း သမာဓိကို
ကောင်းကောင်းရအောင် ထပ်ပြီး အားထုတ်ချေဦး။
(နောက်တစ်နေ့ရောက်တော့)
မင်း မနေ့က သမာဓိကောင်းကောင်းရရဲ့လား။
(ထိနမိဒ္ဓ၀င်လို့ သမာဓိခပ်ကျဲကျဲပဲ ရတယ်ဘုရား)။
တယ်....ရှော်တာကိုး။
အဲဒါ မင်း ၀ီရိယလွန်လို့ပဲ၊
ဝီရိယလွန်တော့လဲ ထိနမိဒ္ဓ၀င်တာပဲ။
အဲဒီအချိန်မှာ မင်းထိုင်တဲ့ ဣရိယာပုတ်ကိုဖျက်ပြီး
လမ်းလျှောက်ရင်း အားထုတ်ရတယ်။
မင်း မြဲမြဲမှတ်ထား၊ သတိသာလွန်တယ်လို့မရှိတာ။
သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယဆိုတာကို
ညီတူတပြိုင်တည်းလွှတ်ရတယ်။

တပြိုင်တည်း တညီတည်းဖြစ်အောင်
အားမထုတ်နိုင်ရင်
ဥဒ္ဓစ္စ(စိတ်ပျံ့လွင့်မှု)ဖြစ်ဖြစ်၊
ထိနမိဒ္ဓ(စိတ်ထိုင်းမှိုင်းမှု)ဖြစ်ဖြစ် တခုခုတော့ဝင်မှာပဲ။
(အခုအားထုတ်ခိုင်းတာက)
သမထသက်သက် သမာဓိရရုံခိုင်းတာ။
ဝိပဿနာ မရောစေနဲ့ဦး။
သဒ္ဓါ၊ ပညာ၊ သမာဓိ၊ ၀ီရိယတို့ကိုအပိုအလိုမရှိ၊
မလျော့မတင်း စောင်းကြိုးညှင်းဆိုသလို အားထုတ်ရမယ်။

မင်းက တခါမှ အားမထုတ်ဘူးလို့
ငါက ဒါလောက် အချိန်အကုန်ခံပြီး ပြောပြနေရတာ၊
ဒီ အာနာပါန ၀င်လေထွက်လေ ရှူရှိုက်ပြီး
အားထုတ်တာ ဘာခက်တာလိုက်လို့၊
ကဲ အကျင့်ရအောင်သွားအားထုတ်စမ်း၊
သမာဓိကောင်းကောင်းရမှ ငါ့ဆီလာခဲ့။
(၂-နာရီလောက် အားထုတ်ပြီးလာတော့)
မင်း သမာဓိကောင်းကောင်းရပြီလား၊ (ရပါပြီဘုရား)။
မင်းက သမာဓိကောင်းကောင်းရတယ်တာပြောတာ၊
မင်းရဲ့ ရုပ်လက္ခဏာက သမာဓိကောင်းကောင်းရတဲ့
လက္ခဏာမဟုတ်သေးဘူး။

သမာဓိရတဲ့ လက္ခဏာက
သမာဓိကောင်းကောင်းရတဲ့
လက္ခဏာနဲ့ မရသေးတဲ့ လက္ခဏာဟာ
အပုံကြီးခြားနားတယ် ဆိုတာ နောက်တော့ ငါပြောပြမယ်။
မင်း အခု ထမင်းစား ရေချိုး နောက်
ခန္ဓာဝန်ကို ပြည့်စုံအောင် ဆောင်ရွက်၊
တရားထိုင်ချိန်ကျမှ အခင်းကြီး, အခင်းလေးတွေ မပေါ်စေနဲ့၊
ဒီကိစ္စတွေဟာ အများကြီး အနှောင့်အယှက် ဖြစ်တယ်။
ကဲ ဒါတွေပြည့်စုံအောင်လုပ်ပြီးအားထုတ်ချေ။
(၂-နာရီလောက် အားထုတ်ပြီး ပြန်လာတော့)

မင်း သမာဓိ ကောင်းကောင်းရပြီလား၊ (ရပါပြီဘုရား)၊
အေး... ဒါလောက်ဆိုရင် တော်လောက်ပြီ၊
ဒီတစ်ခါ ၀ိပဿနာရှုရမယ်။
ရှေးဦးစွာ သမာဓိကောင်းကောင်း ထူထောင်ရမယ်။
နောက် ၀ိပဿနာဘက်ပြောင်းပြီးရှုရမယ်။
ဝိပဿနာဆိုတာက ပညာလမ်းကို စိတ်ညွတ်ပြီး
ရုပ်နာမ်လက္ခဏာ ဖြစ်ပေါ်လာတာတွေကို ဆင်ခြင်တာပါပဲ။
ယခုလက်ရှိ ခန္ဓာကြီးဟာ ပဋိသန္ဓေကစပြီး
သေသည့်တိုင်အောင် မပြတ်မစဲ,
ထပ်တလဲလဲ ဖြစ်ပျက်နေကြတယ်။

အနိစ္စ, ဒုက္ခ, အနတ္တ၊ လက္ခဏာရေး ၃-ပါးတို့သာ
မုချဧကန် ဖြစ်ပျက်နေကြပါတကားလို့ သိမြင်ရတယ်။
ရုပ်နာမ်နှစ်ပါးတို့ကား မမြဲ, ဆင်းရဲ, ငါလဲမဟုတ်။
ရုပ်နာမ်တွေဟာ “အနတ္တ”ဟု ထင်မြင်မှု များလာတဲ့အခါ
ဖစ်လိုက်ချုပ်လိုက်နဲ့ ချုပ်ချယ်နေကြတာကို တွေ့မြင်တဲ့အခါ၊
ဥဒယဗ္ဗယဉာဏ် ရောက်တယ်လို့ သိရမယ်။
နားလည်ပြီလား။
တရားမထိုင်ခင်က အသိဉာဏ်နဲ့
ဒီလိုမရှင်းရင် ခရီးရောက်မှာမဟုတ်ဘူး။
အဲဒီတော့ ဒိဋ္ဌိ ၀ိစိကိစ္ဆာကို ထပ်ပြီးပယ်ပေးရဦးမယ်။
မင်း သောတာပန်ဖြစ်ချင်ရင် “ဒိဋ္ဌိဝိစိကိစ္ဆာ”ကို အရင်ပယ်ရမယ်။

(မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတရားများမှ
(၁၃၁၉-ခု တော်သလင်းလ၌ “ထေရုပ္ပတ္တိနှင့် ကျင့်စဉ်”ရေးသူ
ဦးကျော်သိန်း အား ဟောကြားသော တရား ၃-ပုဒ်မှ))

အခြေခံဝိပဿနာ တရားအားထုတ်နည်း (၂) မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

အခြေခံဝိပဿနာ တရားအားထုတ်နည်း (၂)
■■■■■■■■■■■■■■■■■■■■■■■■
အခြေခံဝိပဿနာတရား အားထုတ်နည်းအကြောင်း ရေးသားတင်ပြပြီးနောက်မှာ သူတော် ကောင်းများရဲ့ အသံတွေကို ပြန်လည်ကြားလာရပါတယ်။ တစ်ချို့က ကျေးဇူးတင်တဲ့အကြောင်း၊ တစ်ချို့က သဘောကျတဲ့အတွက် တစ်ခြားသူများကိုလည်း တစ်ဆင့်ပြန်လည် မျှဝေဖြစ်ကြောင်း၊ တစ်ချို့က သူတို့လို အတွေ့အကြုံမရှိတဲ့ သူတွေအတွက် အလွယ်တကူ နားလည်လွယ်၊ လိုက်နာကျင့်သုံးဖို့ လွယ်ကြောင်း စသဖြင့် ပြန်လည်တုံ့ပြန်မှုများကို ရခဲ့ပါတယ်။
တစ်ချို့ကတော့ နောက်ဆက်တွဲအနေနဲ့ ဆက်လက်ဖော်ပြပေးဖို့နဲ့ တစ်ချို့ကြပြန်တော့ အားထုတ်နည်းကို သဘောကျပေမယ့် ဘ၀ရပ်တည်ရေး ရုန်းကန်လှုပ်ရှားနေရတဲ့ အတွက် ဘယ်လိုမှကို တရားအားထုတ်ဖို့ အချိန်မရဖြစ်နေကြောင်း၊ ဒါကြောင့် ဒီလို အချိန်မရတဲ့ သူတွေအတွက် ရနိုင်သမျှ လေ့ကျင့်နိုင်မယ့်နည်းလေးများကို ဆက်လက်ရေးသား ဖော်ပြပေးဖို့ လျှောက်ထားပါကြောင်း တောင်းဆိုလာကြပါတယ်။ ဒီလိုဒီလို ပြန်လည်တုံ့ပြန်မှုများကြောင့် ၀ိပဿနာ တရားအားထုတ်နည်း နောက်ဆက်တွဲကို ဆက်လက်ရေးသား တင်ပြပေးဖြစ်ခဲ့ပါတယ်။
ဘ၀ရဲ့ စားဝတ်နေရေး လှုပ်ရှားမှုတွေကြောင့် ဘယ်လိုမှ မအားလပ်တဲ့ သူတွေအများကြီး ရှိနေတယ်ဆိုတာ နားလည်ပေမယ့် ဒီလိုမအားလပ်မှုတွေကြောင့် တရားအားထုတ်ချင်ပေမယ့် အားမထုတ်နိုင် ဖြစ်ရတယ် ဆိုတာကိုတော့ ပြောပြပေးဖို့လိုပါတယ်။ တကယ်တော့ ၀ိပဿနာ အလုပ်ဆိုတာ ရိပ်သာသွားပြီး အချိန်ပြည့် ထိုင်ပြီးမှ အားထုတ်ရတဲ့ တရားအားထုတ်မှု မဟုတ်ပါဘူး။
အသက်ရှင်နေရင်၊ စိတ်နဲ့ခန္ဓာကိုယ်ရှိနေရင်၊ ခန္ဓာငါးပါး ရှိနေရင် ဘယ်လိုနေရာ၊ ဘယ်လိုအနေအထား၊ ဘယ်လိုအချိန်မှာမဆို အားထုတ်လို့ ရပါတယ်။။ နေ့စဉ် လှုပ်ရှားမှုများထဲမှာကိုပဲ လှုပ်ရှားနေတုန်း တရားအားထုတ်နိုင်တဲ့ နည်းတွေရှိပါတယ်။ အမှန်တော့ သတိအမှတ်သာ ရှိနေမယ်ဆိုရင် အဲဒီလှုပ်ရှားမှုတွေကပဲ တရားမှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာပါ။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ဘုရားရှင်ကလည်း ခန္ဓာကိုယ်ရဲ့ ဖြစ်သမျှ အနေအထားတွေ အပေါ်မှာ တရားရှာနိုင်ကြောင်း ဟောတော်မူပါတယ်။
ခန္ဓာကိုယ်က ထိုင်နေတဲ့အခါမှာလည်း ထိုင်နေတဲ့အနေအထား၊ လဲလျောင်းနေတဲ့အခါမှာလည်း လဲလျောင်းနေတဲ့ အနေအထား၊ ရပ်နေရင်လည်း ရပ်နေတဲ့အနေအထား၊ သွားနေရင်လည်း သွားနေတဲ့ အနေအထား စတဲ့ ဘယ်လိုပုံစံမျိုးမှာမဆို တရားရှာနိုင်ပါတယ်တဲ့။ ဒါကို မဟာသတိပဋ္ဌာနသုတ်မှာ ဣရိယာပုတ်ကို ဆင်ခြင်နည်းအဖြစ် ဖွင့်ပြထားပါတယ်။
ဒီသုတ်တော်မှာ ဗုဒ္ဓမြတ်စွာက “ရဟန်းတို့… ရဟန်း (တရားအားထုတ်တဲ့ ယောဂီ)သည် သွားလျှင်လည်း သွားသည်ဟု သိ၏။ ထိုင်လျှင်လည်း ထိုင်သည်ဟု သိ၏။ ရပ်လျှင်လည်း ရပ်သည်ဟု သိ၏။ လျောင်းလျှင်လည်း လျောင်းသည်ဟု သိ၏။ ထိုရဟန်း (ယောဂီ)၏ ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏။ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏” လို့ ဟောတော်မူထားပါတယ်။
ဒီဟောကြားချက်ကို ကြည့်ရင် တရားမှတ်တာ ဘယ်လိုပုံစံမျိုးမှာမဆို မှတ်နိုင်တယ်ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင်က “ရဟန်းတို့ တစ်ဖန် ထို့ပြင် ရဟန်းသည် ရှေ့သို့တိုးရာ၊ နောက်သို့ဆုတ်ရာ၌ သိလျက်ပြုလေ့ရှိ၏။ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကွေးရာဆန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျှက် ပြုလေ့ရှိ၏။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သိလျက် ပြုလေ့ရှိ၏။ ကျင်ကြီးကျင်ငယ်စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏။ သွားရာရပ်ရာ ထိုင်ရာအိပ်ရာ နိုးရာ တိတ်ဆိတ်နေရာ၌ သိလျက် ပြုလေ့ရှိ၏။”ဟု အသေးစိပ် ထပ်မိန့်ပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် မြတ်ဗုဒ္ဓက နေ့စဉ်လှုပ်ရှားမှုများမှာပဲ မှတ်တတ်အောင်၊ မှတ်နိုင်အောင် မိန့်တော်မူထားတာကို တွေ့ရပါတယ်။
နောက်ဆုံး အပေါ့အလေး အညစ်အကြေး စွန့်တာကအစ အမှတ်သတိနဲ့ ပြုမူမယ်ဆိုရင် အမှတ်အာရုံ ဖြစ်ကြောင်း အတိအလင်း ရှင်းတော်မူထားပါတယ်။ ဒါကြောင့် အလုပ်တွေများပြီး မအားလို့ တရားအားမထုတ်နိုင်ဘူး ဆိုသူတွေအတွက် မြတ်ဗုဒ္ဓရဲ့ ဖော်ပြပါ ဟောကြားချက်များက ဒီလိုနေ့စဉ် လှုပ်ရှားနေမှုများ၊ မအားလပ်မှုများကပင် မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတယ်ဆိုတာ သတိပြုခိုင်းနေပါတယ်။
မှန်ပါတယ်။ တကယ့်ကို သတိအမှတ်နဲ့သာ မှတ်သိနေမယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့ နေ့စဉ်လှုပ်ရှား ရုန်းကန်မှုတွေဟာ မှတ်စရာတွေပါပဲ။ နေ့စဉ်ဖြစ်ပျက် လှုပ်ရှားနေတဲ့အတွက် သတိမမူမိ ဖြစ်နေကြလို့သာ တရားအားထုတ်ဖို့ အချိန်မရ ဖြစ်နေကြတာပါ။ သတိကပ်ပြီး ဘာပဲဖြစ်ဖြစ် သိနေလိုက်ရင် နေ့စဉ်လှုပ်ရှားမှုတွေဟာ တရားအမှတ်တွေပါပဲ။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်က လွဲလို့ မနက်အိပ်ရာကထ ညအိပ်ရာဝင် အိပ်မပျော်ခင် အချိန်အထိ ဖြစ်ပျက်နေတာတွေဟာ မှတ်စရာ အာရုံတွေပါပဲ။ ဒီအဖြစ်အပျက်တွေကိုသာ လိုက်သိနေမယ်ဆိုရင် ရိပ်သာသွားပြီး အထွေအထူး တရားအားထုတ်ဖို့တောင် လိုမယ်မထင်ပါဘူး။ မနက်အိပ်ရာက နိုးတာနဲ့ တစ်ပြိုက်နက် စိတ်မှာ အသိဝင်လာပါပြီ။ အဲဒီအချိန်ကစပြီး ကိုယ့်ရဲ့အမူအရာကို စိတ်နဲ့မြင်အောင် ကြည့်ကြည့်ပါ၊ မှတ်ကြည့်ပါ။ အိပ်ရာက နိုးနိုးချင်း ချက်ချင်းမထချင်သေးလို့ လှဲနေတဲ့အချိန်မှာ စိတ်ကိုနှာသီးဖျားမှာ အာရုံပြုလို့ ထွက်သက်ဝင်သက်လေး မှတ်ကြည့်ပေါ့။ ထလာပြီး စောင်ခေါင်းအုံး ခေါက်သိမ်းတဲ့ အခါလည်း အဲဒီလှုပ်ရှားမှုကို သတိထားပြီး လုပ်ကြည့်လိုက်ပါ။ စောင်ကိုမတာ၊ လက်နှစ်ဖက်နဲ့ ခေါက်နေတာ၊ ပြီးတော့ သိမ်းတာစသဖြင့် ဘာပဲလုပ်လုပ် အဲဒီလုပ်နေတဲ့ လှုပ်ရှားမှုမှာ အသိလေးတွေနဲ့ လိုက်လုပ်ကြည့်လိုက်ပါ။
အဲဒီလို သိပြီးလုပ်နေတဲ့ အချိန်မှာ ကိုယ့်စိတ်မှာ တစ်ခြားလောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ စတာတွေ ကင်းနေတတ်ပါတယ်။ လုပ်သမျှ လှုပ်ရှားမှုတွေအပေါ် သိပြီးနေနေတာ၊ သိပြီးလုပ်နေတာတွေဟာ တရားအားထုတ်နေတာပါပဲ။
ပြီးတော့ ရေချိုးခန်း အိမ်သာဝင်ဖို့ သွားတဲ့အခါမှာလည်း လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်လိုက်ပါ။ ဘယ်ခြေလှမ်းရင် ဘယ်လှမ်းတယ်၊ ညာခြေလှမ်းရင် ညာလှမ်းတယ်လို့ သိပြီး လှမ်းသွားကြည့်လိုက်ပါ။ ဒါဟာ ခြေလှမ်းတိုင်းအတွက် သိမှတ်နေတာဖြစ်ပြီး ဒီလိုသိပြီး လှမ်းနေတဲ့အချိန်မှာ ကိုယ့်သန္တာန်မှာ တစ်ခြားကိလေသာတွေ မဖြစ်ပါဘူး။ လှမ်းတိုင်းလှမ်းတိုင်း သိပြီးလှမ်းနေမယ်ဆိုရင် ဒီခေတ်ပြောနေတဲ့ ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာထက် ပိုပြီးအကျိုးကြီးနေပါတယ်။
ဆရာတော်တစ်ပါးက သူ့ယောဂီစစ်သားတစ်ယောက်ကို တရားပြတုန်းက “ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ် ညာလှမ်းရင်လည်း ညာလှမ်းတယ်လို့ သိပြီးလှမ်းပါ”လို့ သင်ပြတဲ့အခါ အဲဒီစစ်သားက “ဒါလား…တရားအားထုတ်တာ စစ်တပ်မှာဆို နေ့တိုင်းဘယ်ညာ အော်နေရတာ“လို့ ပြောပါတယ်တဲ့။ ဒီတော့ ဆရာတော်က စစ်သားလေးကို “အဲဒီလို အော်ပြီးဘယ်ညာ လှမ်းတုန်းက လှမ်းနေတဲ့အမူအရာ ဘယ်ညာခြေလှမ်းတွေကို သိပြီးလှမ်းဖူးလား”လို့ မေးလိုက်တော့မှ စစ်သားလေးက “ဒီလိုပဲ နေ့စဉ်လှမ်းနေကျဆိုတော့ လှမ်းလိုက်တာပဲ”လို့ ဖြေပါတယ်။
ဒီတော့ ဆရာတော်က “အခုမှတ်ခိုင်းတာက အဲဒီလို မသိဘဲ လှမ်းနေတာတွေကို သိပြီးလှမ်းခိုင်းတာပဲ”လို့ မိန့်တော့မှ စစ်သားလေး သဘောပေါက်သွားတယ်လို့ ပြောဖူးပါတယ်။
ဟုတ်ပါတယ်။ ဒီအတိုင်းပါပဲ။ ဘယ်သူမဆို ခြေလှမ်းတွေတော့ လှမ်းနေကြတာပါပဲ။ ဒါပေမယ့် လှမ်းတဲ့ခြေလှမ်းတိုင်းကို အသိမကပ်ဘဲ လှမ်းနေကြခြင်းပါ။ ပုံမှန်သွားလာနေတဲ့အတွက် ဒီသွားလာနေတဲ့ အပေါ် သတိမပြုမိခြင်း ဖြစ်ပါတယ်။
သွားလာနေတဲ့ ခြေလှမ်းတွေဟာ သိပြီးလှမ်းနေရင် လှမ်းတိုင်းလှမ်းတိုင်း မှတ်စရာ အမှတ်အာရုံတွေ ဖြစ်နေတာကို သတိမပြုမိကြခြင်း ဖြစ်ပါတယ်။ အသိဒကာမလေး တစ်ယောက်ကို ဒီသွားနေတဲ့ ခြေလှမ်းတိုင်းကို သိပြီးလှမ်းကြည့်ပါ စိတ်တည်ငြိမ်ပါတယ်လို့ ပြောပြဖူးပါတယ်။
တစ်နေ့ အဲဒီဒကာမလေးဟာ စာကြည့်တိုက်က အပြန်မှာ ဒီစကားလေးကို သတိရပြီး သူလှမ်းနေတဲ့ ခြေလှမ်းတိုင်းမှာ သိပြီးလှမ်းကြည့်တဲ့အကြောင်း၊ ဒီလို သိပြီးလှမ်းလာခဲ့တဲ့အတွက် စိတ်မှာတစ်ခြား အတွေးတွေ မ၀င်ဘဲ လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ ပေါ့ပါးသွက်လပ်နေကြောင်း၊ နောက်ဆိုရင် ဘယ်သွားသွား လှမ်းတဲ့ခြေလှမ်းတွေကို တတ်နိုင်သမျှ သိပြီးလှမ်းသွားနိုင်အောင် ကြိုးစားလေ့ကျင့် ကြည့်ပါမည့်အကြောင်း လျှောက်ထားဖူးပါတယ်။
ဒါကြောင့် နေ့စဉ်သွားလာနေရတဲ့ ကိုယ့်ရဲ့သွားနေတဲ့ ခြေလှမ်းတိုင်းကို တစ်ခါတစ်လေ သိပြီးလှမ်းကြည့်ကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။
ပြီးတော့ ရေချိုးခန်းရောက်၊ မျက်နှာသစ်တဲ့အခါမှာလည်း ရေခွက်ကိုင်တာ၊ ရေထည့်တာ၊ ရေကိုလက်နဲ့ခံတာ၊ လက်နဲ့မျက်နှာကို ပွတ်တာတွေ၊ သွားတိုက်ဖို့ သွားတိုက်တံကို ကိုင်တာ၊ သွားတိုက်ဆေးထည့်တာ၊ မှန်ကြည့်ပြီး သွားတိုက်နေတာတွေက အစ ရေချိုးခန်း၊ အိမ်သာတွင်းမှာ လှုပ်ရှားနေတဲ့ အမူအရာ မှန်သမျှကို လှုပ်ရှားမှုနဲ့ သိမှုတစ်ခါတည်း ကပ်နေ၊သိနေတယ်ဆိုရင် ဒါဟာ တရားအားထုတ်နေတာပါပဲ။
နေ့စဉ်အလုပ်တွေထဲမှာ တရားရှာနေတာ၊ တရားအားထုတ်နေတာပါ။ ဘုရားရှင်က ဘယ်လောက်အထိတောင် ပြောလည်းဆိုရင် အိမ်သာဝင်ပြီး အိမ်သာတက်တာကအစ သိပြီးလှုပ်ရှားနေဖို့ ပြောပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ် လှုပ်ရှားမှုမှန်သမျှကို စိတ်က သိနေဖို့ပါပဲ။
နေ့စဉ်လှုပ်ရှားမှုတွေထဲက တစ်ခြား အ၀တ်အစားလဲတာ၊ အလှပြင်တာ၊ မနက်စာပြင်စားတာ၊ အိမ်ကထွက်ပြီး လုငန်းခွင်းသွားတဲ့အခါ၊ ကားရထားစီးဖို့ စောင့်နေတဲ့အခါ၊ ကားပေါ်ရထားပေါ်မှာ ထိုင်နေတဲ့အခါ စတဲ့ ကိုယ့်ရဲ့လှုပ်ရှားမှု ဣရိယာပုတ်တွေမှာလည်း သိသိပြီး နေမယ်ဆိုရင် ဒါဟာ တရားအားထုတ်တာပါပဲ။
တစ်ခြားအချိန်တွေမှာ မသိနိုင်တာတောင်မှ ကားပေါ်ရထားပေါ်မှာ ထိုင်ပြီး နေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့နှာသီးဖျားလေးမှာ စိတ်ကို ကပ်ထားပြီး မျက်လွှာလေးကို မသိမသာချလို့ ထွက်လေ၊ ၀င်လေလေးတွေကို နှာသီးဖျားက တိုးထွက်တိုးဝင်လာတဲ့ အတိုင်း အစအဆုံး သိနေမှတ်နေဖြစ်ရင်ကိုပဲ နေ့စဉ်လှုပ်ရှားမှုတွေထဲက တရားအားထုတ်မှုလေးတွေ ဖြစ်နေတာပါ။
လုပ်ငန်းခွင်မှာလည်း အလုပ်ရှိလို့ အလုပ်လုပ်နေတဲ့ အချိန် လှုပ်ရှားနေတဲ့ အလုပ်အပေါ်မှာ အသေးစိပ်သိပြီး လိုက်လုပ်နေရင်လည်း စိတ်က အလုပ်မှာပဲ အာရုံရောက်ကာ တည်ငြိမ်နေပါတယ်။ ဒီလို အချိန်မှာ ကိုယ့်စိတ်မှာ လောဘဖြစ်စရာ။ ဒေါသဖြစ်စရာ စတာတွေ မရှိဘဲ ဖြစ်နေတတ်လို့ အလုပ်လုပ်ရင်း တရားမှတ်နေဖြစ်ပါတယ်။ အလုပ်မရှိလို့ ထိုင်နေတဲ့အခါလည်း အားတာနဲ့ အာနာပါနလေး လုပ်ကြည့်မယ်ဆိုရင် ဒါဟာ တရားမှတ်ဖြစ်သွားတာပါပဲ။
နောက်ဆုံး အိမ်ပြန်ရောက်လို့ စားသောက်ပြီး လုပ်စရာရှိတာတွေကို တတ်နိုင်သမျှ လုပ်ကိုင်ဆောင်ရွက်ပြီးလို့ အိပ်ရာဝင်တဲ့အချိန် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အိပ်ရာပေါ်လှဲချ၊ မျက်လွှာလေးချ၊ စိတ်ကိုနှာသီးဖျားမှာ အာရုံပြု၊ ထွက်လေ၀င်လေ အစအဆုံး လိုက်သိပြီး အိပ်ပျော်သွားတဲ့အထိ မှတ်သိနိုင်လိုက်ပြီဆိုရင်တော့ အဲဒီနေ့တစ်နေ့လုံး ကိုယ့်အတွက် တရားအားထုတ်မှုနဲ့ အဆုံးသတ်သွားခဲ့ပါပြီ။ ဒီလိုနည်းနဲ့ မနက်အိပ်ရာထမှ ညအိပ်ရာဝင်တဲ့အထိ လှုပ်ရှားမှုများအပေါ် သတိကပ်ကာ တရားမှတ်နိုင်ပါတယ်။ တကယ်မှတ်ချင်ရင် အခုပြောခဲ့သလို တစ်နေ့တာ လှုပ်ရှားမှုများမှာ ကြိုက်သလို မှတ်နိုင်ပါတယ်။ သတိသာ ထားလိုက်မယ်ဆိုရင် မှတ်စရာတွေချည်းပါပဲ။
ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် တကယ်တရား အားထုတ်ချင်တယ်ဆိုရင် အထပ်ဖော်ပြပါအတိုင်း နေ့စဉ်လှုပ်ရှားမှုများကိုပဲ တတ်နိုင်သမျှ သိအောင်ကြိုးစား နေနိုင်ပါက စားဖို့သောက်ဖို့ ရှားရင်း တရားအလုပ်ပါ တစ်ခါတည်း လုပ်ပြီးသား ဖြစ်နေတာပါလို့ ဆိုခြင်းဖြစ်ပါတယ်။
အချုပ်ကတော့ ဘုရားရှင် မိန့်တော်မူသလို လျောင်း၊ထိုင်၊ရပ်၊သွား လေးပါးဣရိယာများနဲ့ ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုး တွေမှာမဆို သိပြီးလှုပ်ရှားနေပါက နေ့စဉ်အလုပ်တွေမှာ ဉာဏ်စဉ်တွေ ထုတ်ဖြစ်နေတာဖြစ်လို့ ဘာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် ဖြစ်ခိုက်လုပ်ခိုက်ကို သိအောင်လုပ်ပါလို့ ဆိုတာပါပဲ။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

အခြေခံ ဝိပဿနာ တရားအားထုတ်နည်း (၁) မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

အခြေခံ ဝိပဿနာ တရားအားထုတ်နည်း (၁)
■■■■■■■■■■■■■■■■■■■■■■■■
ဒီပို့စ်လေးဟာ ၀ိပဿနာတရားကို အတော်အသင့် အားထုတ်းဖူးသူများ၊ အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံရှိထားသူများ၊ ၀ိပဿနာ ဉာဏ်အဆင့်အတန်း အထိုက်အလျှောက် မြင့်ထားသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ဘဲ ၀ိပဿနာအလုပ် တစ်ခါမှ မလုပ်ဖူးသူများ၊ စမ်းပြီးတရား အားထုတ်ချင်ပေမယ့် ဘယ်လိုအားထုတ်ရမယ်ဆိုတဲ့ အခြေခံ အားထုတ်နည်းကိုပင် မသိသူများ စသူတို့အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။
စိတ်ဝင်စားသူများ အနေဖြင့် သေသေချာချာ အချိန်ယူပြီး နားလည် သဘောပေါက်အောင် အကြိမ်ကြိမ် ဖတ်ရှုကာ လက်တွေ့အားထုတ်ကြည့်စေ ချင်ပါတယ်။ ဒီနေရာမှာ ၀ိပဿနာ တရားအားထုတ်နည်းကို မပြောခင် ၀ိပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အရင်ပြောလိုပါတယ်။
ဝိပဿနာဆိုတာ ၀ိဝိဓေန ပဿနာ ၀ိပဿနာလို့ စာပေမှာဆိုတဲ့အတိုင်း ၀ိဝိဓေန- အထူးထူးအပြားပြားအားဖြင့် ပဿနာ- မြင်ခြင်း၊ ကြည့်ခြင်း၊ ပိပဿနာ- အထူးထူးအပြားပြား မြင်ခြင်းကြည့်ခြင်းလို့ စာလိုနားလည်ထား နိုင်ပါတယ်။ အထူးထူး အပြားပြား မြင်တယ်ဆိုတာ ဘာပဲဖြစ်ဖြစ် မြင်ခြင်းသိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
ဆိုလိုတာက စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှအရာကို သိနေခြင်း၊ ဉာဏ်မျက်စိဖြင့် မြင်သလို မြင်နေခြင်းလို့ ဆိုလိုပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင် ဖြစ်သမျှအရာတွေ အပေါ်မှာ သတိကပ်နေခြင်းပါပဲ။ အဲဒါကို သတိပဋ္ဌာန- သတိ၏ မြဲစွာတည်ခြင်း၊ သတိရှိနေခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် အချို့က တရားအားထုတ်တာကို ၀ိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သတိပဋ္ဌာနသုတ်လာ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်ခြင်းကိုပဲ ၀ိပဿနာ တရားအားထုတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
ဒါကြောင့် သတိပဋ္ဌာန်လို့ပဲဆိုဆို၊ ၀ိပဿနာလို့ပဲဆိုဆို၊ သတိပဋ္ဌာန် ၀ိပဿနာလို့ပဲ ပြောပြော အဓိပ္ပါယ်ကတော့ စိတ်နဲ့ရုပ်မှာ ဖြစ်ပေါ်တတ်တဲ့ အာရုံတွေကို မလွတ်တမ်း သတိကပ်နေခြင်း၊ ဘာပဲဖြစ်ဖြစ် သတိရှိနေခြင်းပါပဲ။ ဒါကြောင့် ဒီနေရာမှာ တင်ပြပေးမယ့် အခြေခံဝိပဿနာ တရားအားထုတ်နည်းဟာလည်း မဟာသတိပဋ္ဌာန သုတ်လာ ဘုရားရှင်ဟောကြားတော်မူတဲ့ နည်းကိုပဲ အခြေခံပြီး နားလည်လွယ်အောင် တစ်ဆင့်ပြန်လည် တင်ပြပေးမှာ ဖြစ်ပါတယ်။
မဟာသတိပဋ္ဌာနသုတ်ကို ကြည့်ရင် ၀ိပဿနာတရား ဘာကြောင့် အားထုတ်ဖို့လိုကြောင်း အကြောင်းပြချက်မှစပြီး အားထုတ်တဲ့အခါ နေရာရွေးချယ်ထိုင်ပုံနည်းကအစ ဖော်ပြပေးထားတာကို တွေ့ရပါတယ်။ လောကသားတို့၏ စိုးရိမ်သောက ပူဆွေးမှုများမှစ၍ ကိလေသာကုန်ခမ်းပြီး ငြိမ်းချမ်းရာ နိဗ္ဗာန်ကို သွားရန်မှာ တစ်ခြားနည်းမရှိဘဲ ဒီသတိပဋ္ဌာန်နည်းပဲ ရှိတယ်ဆိုတာကို မဟာသတိပဋ္ဌာန သုတ်မှာအတိအလင်း ဖော်ပြထာိးပါတယ်။
ဗုဒ္ဓက “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏ စိတ်စင်ကြယ်စေရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ကို ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏။
ယင်းသည့်ခရီးလမ်းကား ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားတို့၌ ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားဟူ၍ သတိသမ္ပဇဉ်ဖြင့် မလွတ်အောင် အကြိမ်ကြိမ် ရှုမှတ်၍နေခြင်း ဟူသော ဤသတိပဋ္ဌာန်လေးပါး အကျင့်တရားတို့ပင်တည်း…”လို့ ဟောကြားတော်မူပါတယ်။ ဆိုလိုတာက စိုးရိမ်သောက ပူဆွေးမှုအားလုံး ချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက် စိတ်၊ ဝေဒနာ၊ ရုပ်နှင့် ဓမ္မခေါ် သဘောတရားတွေမှာ ဉာဏ်ပညာဖြင့် မလွတ်တမ်း သတိရှိရှိ မှတ်သိနေဖို့လိုကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။
ဒါကြောင့် စိုးရိမ်သောက ပူဆွေးမှုများ ကုန်ဆုံးကာ ကိလေသာငြိမ်းရာ နိဗ္ဗာန်ကို သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြစ်သည့် ဒီသတိပဋ္ဌာန် ၀ိပဿနာ အလုပ်ကို အားထုတ်ဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။
ပြီးတော့ ၀ိပဿနာတရား စတင်အားထုတ်တဲ့ ယောဂီဟာ “တောသို့သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာထား၍ သတိကို ရှေးရှုဖြစ်စေလျှက် ထိုင်ရမည်ဖြစ်ကြောင်း” ဒီသုတ်တော်မှာ ပြထားပါတယ်။
ဒါကြောင့် စတင်အားထုတ်မယ့် ပုဂ္ဂိုလ်ဟာ တောတောင်သစ်ပင် စသည်များ ရှိတဲ့နေရာကို မသွားနိုင်တာတောင်မှ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုခုမှာနေပြီး အမျိုးသားဆိုရင် သက်သောင့်သက်သာ တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးဆိုရင်လည်း သင့်လျှော်သလို သက်သောင့်သက်သာ ထိုင်၊ ခါးနဲ့ခေါင်းကို ဖြောင့်မတ်စွာထားပြီး မျက်လွှာချကာ လက်အနေအထားကတော့ ဘယ်ဘက်လက်ပေါ် ညာဘက်လက် ထပ်ပြီးထားလိုကထား၊ ဒူးနှစ်ဘက်ပေါ်မှာ တစ်ဘက်စီထားလိုကထားပြီး ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။
အဲဒီလို ပြင်ဆင်ပြီး ကာယာနုပဿနာလို့ခေါ်တဲ့ အာနာပါန ထွက်လေ၊ ၀င်လေကစပြီး သတိကပ်ကာ ရှုမှတ်ရပါမယ်။
ဗုဒ္ဓက “ရဟန်းသည် (ယောဂီသည်) သတိရှိလျက်သာလျင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊ ရှည်ရှည်ရှိုက်ရှူလျှင်လည်း ရှည်ရှည်ရှိုက်ရှူသည်ဟု သိ၏၊ တိုတိုရှိုက်ရှူလျှင်လည်း တိုတိုရှိုက်ရှူသည်ဟု သိ၏၊ ထွက်လေ၀င်လေ၏ အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်ရှူမည်ဟု သိလျှက်ကျင့်၏…” စသဖြင့် အခြေခံ အာနာပါန မှတ်နည်းကို ပြတော်မူပါတယ်။
ဒါကြောင့် ၀ိပဿနာ တရားအားထုတ်မယ့် ယောဂီဟာ နေရာထိုင်ခင်းနှင့် ခန္ဓာကိုယ်ကို အဆင်ပြေသလို ပြင်ဆင်ပြီး စိတ်မှာတစ်ခြား ဘာအာရုံမှ မရှိစေဘဲ (အားလုံးကို မေ့နိုင်အောင် ကြိုးစား) ကိုယ့်ရဲ့စိတ်ကို အခြေခံ အမှတ်အာရုံဖြစ်တဲ့ နှာသိးဖျားကို အာရုံပြုထားရပါမယ်။ အဲဒီလိုစိတ်နဲ့ နှားသီးဖျားကို အာရုံပြု မြင်အောင်ကြည့်ပြီး ထွက်လေ၀င်လေကစ မှတ်ရပါမယ်။
နှာခေါင်းအပေါက်လေးကနေ တိုးပြီး အပေါ်နှုတ်ခမ်းစပ်လေးကို ထိထွက်လာတဲ့ ထွက်လေ၊ ထွက်လေဆုံးပြီး ပြန်ပြီးတိုးဝင်လာတဲ့ ၀င်လေကို အလိုက်သင့်လိုက်ပြီး မှတ်သိပေးနေရပါမယ်။
ဒီလို မှတ်တဲ့အခါမှာ အရှိအတိုင်းလေးပဲ မှတ်သိပေးနေရပါမယ်။ အသက်ကို လုပ်မရူရပါဘူး။ သူ့ပုံမှန် ရှူရှိုက်နေကျ အတိုင်းပဲ လိုက်သိနေရုံပါပဲ။ အဲဒီလို လိုက်သိမှတ်တဲ့အခါမှာ အမှတ်အာရုံကို ထွက်သွားတဲ့လေ၊ ၀င်လာတဲ့လေလေး ဆုံးသွားအောင် နှာသီးဖျားနဲ့ အထက်နှုတ်ခမ်းကြားကနေပြီး အလိုက်သင့်စောင့်ကြည့် သိမှတ်ပေးရပါမယ်။ တစ်နေရာတည်းကပဲ စောင့်ကြည့်မှတ်ပေးရမယ်လို့ ဆိုလိုပါတယ်။
ထွက်လာ၊ ၀င်လာတဲ့လေရဲ့နောက်ကို လိုက်ပြီး ရင်ခေါင်းမှတစ်ဆင့် ၀မ်းဗိုက်အထိ လိုက်နေစရာ မလိုပါဘူး။ နှာသီးဖျားလေးကပဲ စောင့်ပြီး ထွက်လေ၀င်လေ ဆုံးအောင်တိုးထိလာတဲ့ လေလေးကို အလိုက်သင့်လိုက်မှတ် ပေးရပါမယ်။ ထွက်လေ၀င်လေကို အစအဆုံး အလိုက်သင့် လိုက်သိနေရမယ်ဆိုတာ အဲဒီနှာသီးဖျားနဲ့ အထက်နှုတ်ခမ်းဖျား နေရာလေးကပဲ စောင့်ကြည့်ပြီး တိုးထွက်လာတဲ့ ထွက်လေဆုံးသွားတဲ့အထိ၊ ထွက်လေဆုံးတာနဲ့ တစ်ပြိုင်နက် ၀င်လာတဲ့လေကိုလည်း အဲဒီနေရာကနေ တိုးဝင်လာတဲ့ လေလေးဆုံးသွားတဲ့အထိ စိတ်ကနေ သိမှတ်ပေးနေရပါတယ်။ အဲဒီလို ထွက်လေအစအဆုံး၊ ၀င်လေအစအဆုံးကို တစ်နေရာတည်းကနေ စောင့်ကြည့်သိရှိပေးနေတာကိုပဲ အစအလယ်အဆုံး ရှုမှတ်တယ်လို့ ဆိုပါတယ်။
အစကနေ ဆုံးသွားတဲ့အထိ မလွတ်တမ်းမှတ်နေရင် အလယ်မှာလည်း မလွတ်တော့ပါဘူး။ ဒါကိုပဲ မလွတ်တမ်း မှတ်တယ်လို့ ဆိုပါတယ်။ ဒီနည်းအတိုင်း မလွတ်အောင် ကြိုးစားပြီး အကြိမ်ကြိမ် မှတ်သိပေးရပါတယ်။ ရှုမှတ်တယ်ဆိုတာ တိုးထွက်တိုးဝင်လာတဲ့ လေကို မလွတ်အောင် သတိကပ်ပြီး လိုက်သိပေးနေတာကို ဆိုလိုတာဖြစ်တဲ့အတွက် အကြိမ်ကြိမ် မှတ်သိပေးနေရပါတယ်။
ခုမှ စမှတ်တဲ့ ယောဂီတွေအတွက် မှတ်ခါစမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ သမာဓိ မရှိသေးတဲ့အတွက် စိတ်မှာ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ၀င်တတ်ပါတယ်။ ဒီထွက်လေ၀င်လေကိုပဲ ကောင်းကောင်းမှတ် မရတာတွေလည်း ရှိတတ်ပါတယ်။ ထွက်လေ၀င်လေ မထင်ရှားတာကို ပြောတာပါ။ အဲဒီလို အခါမျိုးမှာ ကိုယ်အသက်ရှုနေတယ်ဆိုတဲ့ အသိလေးတော့ ရှိတတ်ပါတယ်။ အဲဒီအသိအတိုင်း သိမှတ်နေရင်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ မှတ်နေရင်းနဲ့ စိတ်ကအပြင်ရောက်ပြီး အတွေးစိတ်ကူးတွေနောက် ပါသွားတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သတိရတိုင်း ပြန်ပြီးနှာသီးဖျား အမှတ်အာရုံကို ပြန်ယူပြန်မှတ်ပေးရပါတယ်။
ဒီလို စိတ်ထွက်လိုက် သတိရတဲ့အခါ ပြန်မှတ်လိုက် ထပ်ခါထပ်ခါ အကြိမ်ကြိမ်လုပ်ပေးရင် တဖြည်းဖြည်း သမာဓိ ရလာပါလိမ့်မယ်။ စမှတ်ကာစ သမာဓိ အားနည်းနေသေးတဲ့ အချိန်မှာ စိတ်ဓာတ်မကျ ဇွဲမလျှော့ဘဲ ကြိုးစားမှု ၀ီရီယကို ပိုပြီးအားဆိုက် ပေးရပါတယ်။ ဒါမှ သမာဓိ အားကောင်းလာမှာပါ။
ခုလို အာနာပါနကို အခြေခံပြီး အားထုတ်နေတာဟာ ကာယာနုပဿနာရှုနေတာ ဆိုပေမယ့် တကယ့်ဝိပဿနာပိုင်းကို သွားဖို့အတွက် သမာဓိ တည်ထောင်နေတာလို့ ပြောနိုင်ပါတယ်။ အာနာပါနကို ပင်တိုင်အမှတ်အာရုံ အဖြစ်ထားပြီး ၀ိပဿနာပိုင်းကို ကူးရင်ပိုပြီး အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။
ဒါကြောင့် စမှတ်တဲ့ ယောဂီအနေဖြင့် ဒီထွက်လေ၀င်လေကို မလွတ်တမ်း အစအဆုံး မှတ်တဲ့အလုပ် တစ်ခုတည်းကိုပဲ အချိန်ပေးပြီး မှတ်စေချင်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ တခြားအာရုံတွေနောက်ကို လိုက်မမှတ်သေးပဲ အာနာပါန တစ်ခုတည်းကိုပဲ မှတ်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမာဓိ မတည်သေးခင် ၀ိပဿနာပိုင်းကို ကူးတဲ့အခါမှာ မှတ်ရတာ ခက်တတ်လို့ပါ။ အာနပါနကိုပဲ တစ်နာရီမှာ တစ်နာရီနီးပါးလောက် မလွတ်တမ်း မှတ်နိုင်ပြီဆိုမှ ခန္ဓာကိုယ်မှ ပေါ်လာတတ်တဲ့ ထုံတာ၊ ကျင်တာ၊ နာတာ၊ ကိုက်တာ၊ ယားတာ စတဲ့ ဝေဒနာတွေကို ပြောင်းပြီး ပေါ်ရာပေါ်ရာကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး မှတ်သိပေးရပါတယ်။
အဲဒီလို မှတ်တဲ့အခါမှာ ဝေဒနာရဲ့ သဘောကို စိတ်ကလေးနဲ့ မြင်အောင်ကြည့်ပြီး မှတ်သိပေးရပါတယ်။ ဝေဒနာရဲ့ သဘောဆိုတာက ကျင်ရင်ကျင်နေတဲ့ ခံစားမှု၊ ယားရင်ယားနေတဲ့ ခံစားမှု၊ ပူရင်ပူးနေတဲ့ ခံစားမှု စတာကို ပြောတာပါ။
တစ်ခါတစ်ရံ ဝေဒနာက နှစ်ခုသုံးခု ပေါ်နေတတ်တာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး၊ မှတ်လို့အကောင်းဆုံးဖြစ်တဲ့ ခံစားမှု ဝေဒနာတစ်ခုကိုပဲ ရွေးချယ်မှတ်ပေးရပါတယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ ဝေဒနာက ပိုပြီးပြင်းထားလာတာလည်း ရှိတတ်သလို လျှော့သွားတာလည်း ရှိတတ်ပါတယ်။
ပိုးယားလာတာ၊ ပိုပူလာတာ၊ ပိုကျင်လာတာ စတာတွေပေါ့။ များသောအားဖြင့် ပိုပြင်းလာတတ်ပါတယ်။ ဖြစ်နိုင်ရင် ပေါ်သမျှဝေဒနာကို သီးခံပြီး ဒီဝေဒနာကို ကျော်သွားအောင် မှတ်ကြည့်စေချင်ပါတယ်။ ဆိုလိုတာက ဝေဒနာကပဲ ပိုပိုပြင်းနိုင်မလား ကိုယ်ကပဲ အမှတ်မလွတ်အောင် သီးခံပြီး မှတ်နိုင်မလားဆိုတဲ့ သဘောပါ။ တတ်နိုင်သမျှ သီးခံပြီးမှတ်လို့မှ ဝေဒနာက မလျှော့ဘဲ ပိုပြီး တိုးတိုးလာနေတယ် ဘယ်လိုမှ မခံနိုင်တော့ဘူးဆိုရင်တော့ ဒီဝေဒနာကို လစ်လျူရှုပြီး အာနာပါနကို ပြန်မှတ်ကြည့်ပါ။
ဒါလည်းမရ ပိုပြီးပြင်းလာတယ်၊ မှတ်ရင်းနဲ့ မခံမရပ်နိုင်ဖြစ်လာပြီး မပျောက်ရကောင်းလားဆိုတဲ့ ဒေါသအတွေးတွေပါ ဖြစ်လာတယ်ဆိုရင်တော့ ထိုင်ထားတဲ့ ဣရိယပုတ်လေးကို သတိလေးနဲ့ ပြင်ပြီးထိုင်မှတ်ကြည့်ပါ။ ဣရိယာပုတ် ပြောင်းသွားရင် ဝေဒနာလည်း ပြောင်းသွားတတ်ပါတယ်။ ဒါက နောက်ဆုံး ဝေဒနာကို ဘယ်လိုမှ သီးခံလို့ မရတော့မှ ပြောင်းကြည့်ဖို့ပါ။ ဒီနည်းအတိုင်း ပေါ်ရာပေါ်ရာကို လိုက်လိုက်မှတ်ပေးတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။
နောက်သမာဓိ အားကောင်းလာတဲ့ အခါမှာ ကိုယ့်ရဲ့စိတ်အစဉ်ကိုပါ သိလာတတ်ပါတယ်။ စိတ်မှာအတွေးတွေ ၀င်တော့မယ် ၀င်နေတယ် ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ကို သတိနဲ့ သိအောင်မှတ်ပေးရပါတယ်။ စိတ်ဆိုတဲ့ သဘောက တစ်ခါတည်း ချုပ်ကိုင်ထားလို့ မရတဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က သိလိုက်တာနဲ့ ရှေ့စိတ်ပျောက်ပြီး နောက်သိစိတ်က ပေါ်လာတာပါပဲ။ အဲဒီလို တစ်စိတ်ပြီး တစ်စိတ်မှတ်မှတ် သိပေးရင်ကိုပဲ စိတ္တာနုပဿနာ ဖြစ်နေတာပါ။
ဆိုကြပါစို့..။ စိတ်မှာ အလိုမကျဖြစ်တဲ့အခါ အဲဒီအလိုမကျတာကို သိလိုက်တာနဲ့ ဒီအလိုမကျတဲ့ စိတ်မဖြစ်တော့ဘဲ သိစိတ်က ဖြစ်ပေါ်လာပါတယ်။ ဒီသိစိတ်ဟာလည်း နောက်နောက်စိတ်တွေက ထပ်ထပ်ပြီး ပေါ်ပေါ်လာတဲ့အခါ အသစ်အသစ် ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ်လာသမျှ စိတ်အစဉ်ကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်သိပေးနေနိုင်ရင် ဒီစိတ်ဟာ ရှေ့ဆက်မဖြစ်တော့ ပါဘူး။ အဲဒီလို ပေါ်သမျှကို လိုက်သိပေးနေတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။
အထက်မှာ ပြောခဲ့တဲ့နည်းအတိုင်း အာနာပါနမှ စပြီး ရှုမှတ်ကာ သမာဓိထူထောင်လို့ ၀ိပဿနာပိုင်းကူးပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အရာမှန်သမျှကို လိုက်ပြီးသိမှတ်ပေးနေရုံနဲ့ပဲ ဗုဒ္ဓပြောတဲ့ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်နေပြီးသား ဖြစ်နေပါတယ်။ တစ်ထိုင်တည်းမှာပဲ ပေါ်ရာပေါ်ရာကို လိုက်လိုက်ပြီး မှတ်သိနေတဲ့အတွက် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ သဘောတရားကို မှတ်သိတဲ့ ဓမ္မာနုပဿနာကို ရှုမှတ်ပြီးသား ဖြစ်နေပါတယ်။ ဒါက အမည်နာမအနေနဲ့သာ ပြောခြင်းဖြစ်ပါတယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ပေါ်ရာပေါ်ရာကို လိုက်မှတ်နေရုံပါပဲ။
တကယ်တော့ အားတဲ့အခါတိုင်း ဒီအမှတ်လေးနဲ့ နေတတ်တဲ့ အကျင့်လေးလုပ်ပေးရင် ကောင်းပါတယ်။ တိတ်ဆိတ်ငြိမ်သက်ရာမှာ ထိုင်ပြီး မှတ်ရမယ်လို့ အထက်မှာ ဆိုထားပေမယ့် လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုတ်လေးမျိုးလုံးကို ဘယ်လိုနေရာ ဘယ်လိုအချိန်၊ ဘယ်လိုအခြေ အနေမျိုးဖြစ်ဖြစ် မှတ်သိနိုင်ပါတယ်။
ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် ကိုယ့်နေရာလေးမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်မှာ သတိလေးကပ်ပြီး သိမှတ်ပေးနေရင်လည်း တရားမှတ်တာပါပဲ။ အိပ်ရာပေါ် လှဲနေတဲ့အချိန်မှာလည်း တစ်ခြားအရာတွေ လျှောက်တွေးနေတာထက်စာရင် နှာသီးဖျားမှာ စိတ်လေးကပ်ပြီး အာနာပါနမှတ်နေရင်လည်း ကုသိုလ်ဖြစ်ပြီး သမာဓိတည်နေကာ အမှတ်သတိနဲ့ နေနေတာဖြစ်ပါတယ်။ တစ်နေရာရာကို ကားစီး၊ ရထားစီး သွားရင်လည်း အာနာပါနလေးနဲ့၊ အမှတ်သတိလေးနဲ့ မှတ်သွားနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်မှာ အာရုံဆိုက်ပြီး လှုပ်ရှားနေတဲ့ ကိုယ်အမူအရာတွေကို သတိကပ်ပြီး လိုက်သိပေးနေတာလည်း အလုပ်ခွင်မှာ တရားမှတ်တာလို့ ပြောနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တရားမှတ်မှုကို လျောင်း၊ထိုင်၊ရပ်၊သွား ဣရိယာပုတ်လေးပါးလုံးမှာ အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်မှတ်နိုင်တယ် ဆိုတာပါပဲ။
အာနာပါနကို အခြေခံထားတဲ့ အခြေခံ ၀ိပဿနာ ရှုနည်းကို တစ်နေ့တစ်နေ့ အချိန်လေး နဲနဲစီပေးပြီး ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ပုံစံမျိုးနဲ့ မှတ်ပြီးလေ့ကျင့်နိုင်ဖို့ ဒီအခြေခံ ၀ိပဿနာရှုနည်းကို တင်ပြပေးလိုက်ပါတယ်။
ဘုရားရှင်ရဲ့ ဒီမဟာသတိပဋ္ဌာနသုတ် တစ်ခုလုံးရဲ့ အချုပ်စကားက ”ယထာဘူတံ ပဇာနာတိ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဟုတ်တိုင်းမှန်စွာ သိပါဆိုတဲ့ အဓိပ္ပါယ်ပါ။ ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာက ခုနပြောခဲ့သလို ပေါ်သမျှ ဖြစ်သမျှ အာရုံတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ သိအောင်လုပ်ပါလို့ ဆိုလိုတာဖြစ်ပါတယ်။
ဒါကြောင့် စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ပေါ်သမျှကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး သိမှတ်ပေးနေတာဟာ ၀ိပဿနာ အားထုတ်ထာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်များမှာ ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် သတိကပ်ကာ လိုက်သိ၊ လိုက်မှတ်ကြည့်ပါဟု တိုက်တွန်းလိုက်ပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

“ရတနာသုံးပါး ပြည့်စုံသော ဓမ္မစကြာ အခါတော်နေ့”

“ရတနာသုံးပါး ပြည့်စုံသော ဓမ္မစကြာ အခါတော်နေ့”
••••••••••••••••••••••••••••••••••••••••
ဝါဆိုလပြည့်နေ့ ညနေချမ်း အချိန်အခါ သာမယ. . .
ဘုရားဖြစ်တော်မူရာ ဥရုဝေလာ မဟာဗောဓိပင်မှ 
မဟာသက္ကရာဇ် (၁၀၃) ခု၊ ၀ါဆိုလဆန်း (၁၃) ရက်နေ့မှ 
စတင်၍ ခရီးထွက်ခဲ့သော မြတ်ဗုဒ္ဓသည်
ကာသိတိုင်း၊ ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောအုပ်သို့
ရောက်ရှိခဲ့လေသည်။ ထိုတောအုပ် နေရာသည် ဘုရင်မင်း
အဆက်ဆက်မှ သားကောင်များကို ဘေးမဲ့ပေး ထားရာ
တောမြိုင် နေရာဖြစ်သောကြောင့်
“မိဂဒါဝန၊ မိဂဒါယ၊ မိဂဒါဝုန်” ဟု ခေါ်ပေသည်။
အထူးသဖြင့် သားသမင်များ ပေါများသော တောအုပ် ဖြစ်သည်။

ဘုရား မဖြစ်မီ ၀တ်ကြီးဝတ်ငယ် ပြုခဲ့ပေးဖူးကြသော
တပည့်ဟောင်း (၅) ဦး ရှိနေသည့် ဤနေရာ တောအုပ်ဝယ်
တရားဦး ဟောကြားတော် မူရန်လည်း ကြွရောက်ရခြင်း ဖြစ်ပေသည်။
တပည့်ဟောင်း ငါးဦးသည် မြတ်ဗုဒ္ဓကို
“ခရီးဦးကြိုဆိုမှု မပြုစတမ်း”ဟု အချင်းချင်း ကတိက၀တ်
ပြုထားကြသော်လည်း မြတ်ဗုဒ္ဓကို ဖူးမြင်ရသော အခါတွင်
ထိုကတိက၀တ် ကိုပင် မေ့လျော့နေကြကာ မြတ်ဗုဒ္ဓအား
ခရီးဦးကြိုဆို ခဲ့ကြလေသည်။

မိုးနှင့် မြေ ထိနေသည်ဟု မှတ်ထင်ရသော အနောက်မိုးကုပ်
စက်ဝိုင်းကြီးတွင် ကမ္ဘာလောကကြီးကို ရွှေရည် သွန်းလောင်းနေသော
နေမင်းကြီးက ၀င်လုလု။
အရှေ့လောကဓာတ် ကောင်းကင်ယံ တွင်လည်း
ငွေရည်အပြည့် ပက်ဖျန်းနေသော လပြည့်ဝန်း ကလည်း
အားအင် အပြည့်ဖြင့် ပေါ်ထွက်လာလေပြီ။
ရွှေရည် ငွေရည် သွန်းလောင်း ပက်ဖျန်း ထားသော
လောကကြီးအား အေးချမ်းမှု ဓာတ်တို့ဖြင့်
ပြည့်နှက်နေစေလေပြီ။
သားသမင်၊ ကျေးငှက် သာရကာတို့သည်လည်း
အိပ်တန်းဝင်ချိန် ဖြစ်သည့် အားလျော်စွာ အော်မြည် တေးသီ
တွန်ကြူးနေကြသော ပတ်ဝန်းကျင် သဘာဝ ရှုခင်းသည်လည်း
ညနေ ဆည်းဆာချိန် နောက်ခံ တေးဂီတအလား
ကြည်နူးဖွယ် ကောင်းလှပါဘိ။ ရွှေရည် ငွေရည်တို့၏
စွမ်းအားဓာတ်ကြောင့် ဖူးပွင့်လာကြကုန်သော ပန်းပေါင်းစုံသည်
ရနံ့မွှေးကြိုင်စွာ တောအုပ် ၀န်းကျင် တစ်ခုလုံးကို သင်းပျံ့
ထုံမွှမ်း စေခဲ့လေပြီ။

ထိုအခါသမယတွင် မြတ်ဗုဒ္ဓသည် ပဉ္စ၀ဂ္ဂီ ငါးဦးအား
“ဒွေ မေ ဘိက္ခဝေ အန္တာ နသေ၀ိတဗ္ဗာ” အစချီ၍ ဓမ္မစကြာ
တရားတော်ကို စတင် ဟောတော်မူခဲ့ လေသည်။
ထိုတရားတော်သည် မြတ်ဗုဒ္ဓ၏ တရားဦး ဓမ္မစက်ပင် ဖြစ်တော့သည်။
တရားဦး ဓမ္မစက်၏ အနှစ်သာရသည် -
(၁) ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
(၂) လိုက်နာ ကျင့်သုံးရန် အလယ်လမ်းနှင့်
(၃) ထိုးထွင်းသိမြင်ရန် သစ္စာလေးပါး တို့ပင်ဖြစ်သည်။
ထိုအနှစ်သာရ သုံးပါးအား အကျဉ်းချုံး၍ ဖော်ပြပေအံ့။

(၁) ရှောင်ရှားရန် အစွန်းနှစ်ဘက်
•••••••••••••••••••••••••••••••••••••••
ထိုအစွန်းနှစ်ဘက်သည်
- ကာမသုခလ္လိကာနုယောဂနှင့်
- အတ္တကိလမထာနုယောဂ တို့ဖြစ်သည်။
အစွန်းတစ်ဘက် ဖြစ်သော ကာမသုခလ္လိကာနုယောဂ ဟူသော
ကာမဂုဏ် ခံစားခြင်းသည် ယုတ်၏၊ ညံ့၏၊ လူညံ့တို့၏
ခံစားမှုသာလျှင် ဖြစ်၏။ ကိလေသာကို တိုးပွားစေသည်။
အသိဉာဏ်ကိုလည်း မှေးမှိန်စေသည်။
မရောင့်ရဲနိုင်သောကြောင့် ဒုက္ခသက်သက်သာလျှင် ဖြစ်သည်။
ကာမဂုဏ်၏ အပြစ်တို့ကို သိစေပြီး ထိုအစွန်းကို စွန့်လွှတ်ရန်
မြတ်စွာဘုရားက ဟောကြားတော်မူသည်။

အတ္တကိလမထာနုယောဂသည် ရုပ်ခန္ဓာတွင်
ကိလေသာများ ရှိနေသည်ဟု ယူဆပြီး
ကိလေသာကို နှိပ်စက်၊ နည်းပါးစေရန် ရည်ရွယ်ချက်ဖြင့်
ခန္ဓာကိုယ်ကို ညှဉ်းပန်း နှိပ်စက်သော အကျင့်ဖြစ်သည်။
ကိလေသာ တည်ရှိနေသော
ရုပ်ခန္ဓာကို ရေစိမ်ခြင်း၊ နေလှမ်းခြင်း၊ မီးမြှိုက်ခြင်း၊
ဆူးခက်ဖြင့်ရိုက်ခြင်း၊ ဆူးခက်တွင် အိပ်ခြင်း၊
ဝင်လေ ထွက်လေကို အောင့်ပိတ်၍ ရပ်စေခြင်းများသာ ဖြစ်ခဲ့သည်။
ထိုအကျင့်သည် ခန္ဓာကိုယ်ကို ညှဉ်းဆဲ နှိပ်စက်ခြင်း
သည်သာ ဖြစ်သည်။ နိဗ္ဗာန်ကို ဦးတည်စေသော
ပညာရင့်သန် စေမည့် နည်းလမ်း မဟုတ်ပေ။
ထိုကြောင့် မြတ်ဗုဒ္ဓသည် ပဉ္စ၀ဂ္ဂီငါးဦးကို ထိုအစွန်း
နှစ်ဘက် ရှောင်ကြရန် ပဏာမ ရှေးဦးစွာ ဟောကြားတော်မူခဲ့သည်။

(၂) လိုက်နာ ကျင့်သုံးရန် အလယ်လမ်း
•••••••••••••••••••••••••••••••••••••••••••
ထပ်မံ၍ လိုက်နာရန် အလယ်လမ်း ဖြစ်သော
“မဂ္ဂင်ရှစ်ပါး” အကျင့်တရားကို ဟောတော်မူသည်။
တစ်နည်းအားဖြင့် ၄င်းသည် ဆောင်ရန် တရားဖြစ်သည်။
ထိုရှစ်ပါးသည် အ၀ိဇ္ဇာ၊ တဏှာ ဦးဆောင်သော ကိလေသာတို့၏
အကြွင်းမဲ့ ကုန်ခမ်းရာ နိဗ္ဗာန်သို့ ဦးတည်သွားသော
“မစ္ဈိမပဋိပဒါ အရိယာမဂ် လမ်းစဉ်”၊ သူမြတ်တို့ လျှောက်လှမ်းရာ လမ်းပင်ဖြစ်သည်။
မဂ္ဂင်ရှစ်ပါးသည် -
(၁) သမ္မာဒိဋ္ဌိ - မှန်သော အယူအမြင်၊
(၂) သမ္မာသင်္ကပ္ပ - မှန်သော အတွေးအကြံ၊
(၃) သမ္မာဝါစာ - မှန်သော စကား၊
(၄) သမ္မာကမ္မန္တ - မှန်သော အမှုအလုပ်၊
(၅) သမ္မာအာဇီဝ - မှန်သော အသက်မွေးဝမ်းကြောင်း၊
(၆) သမ္မာဝါယာမ - မှန်သော အားထုတ်မှု၊
(၇) သမ္မာသတိ - မှန်သော အောက်မေ့မှု နှလုံးသွင်းမှု၊
(၈) သမ္မာသမာဓိ - မှန်သော တည်ကြည်မှု စူးစိုက်မှု၊
တို့ပင် ဖြစ်သည်။
အစွန်းနှစ်ပါးနှင့် မစ္ဈိမပဋိပဒါ လမ်းစဉ်တို့သည် လုံးဝတူညီမှု
မရှိဘဲ ဖြောင့်ဖြောင့် ဆန့်ကျင်နေလေသည်။
အန္တအစွန်း နှစ်ပါးသည် လူတို့၏ စိတ်နှင့် ပညာဉာဏ်တို့ကို
ထုံထိုင်း၊ နှေးလေး၊ မှေးမှိန်စေပြီး မစ္ဈိမပဋိပဒါ လမ်းသည်
စိတ်ဓာတ်ရေးရာတွင် ပေါ့ပါး သွက်လက် ထက်မြက်လာ၍
အသိဉာဏ်အရာတွင် စူးရှ တောက်ပလာလေသည်။
ထိုနောက် သဘာဝ အရှိ အမှန်တို့ကို အရှိအတိုင်း၊
အမှန်အတိုင်း သင်္ခါရဓမ္မ အားလုံးတို့၏ မြင်ကွင်းများကို
သဘာဝကျကျ မြင်သိ လာလေသည်။

(၃) ထိုးထွင်းသိမြင်ရန် သစ္စာလေးပါး
••••••••••••••••••••••••••••••••••••••••••
မြတ်ဗုဒ္ဓသည် ရှောင်ရန်အန္တ အစွန်းနှစ်ပါးနှင့် ဆောင်ရန် ၊
မဂ္ဂင်ရှစ်ပါး မစ္ဈိမပဋိပဒါ တို့ကို ရှေးဦးစွာ ဟောကြားတော်မူပြီး၊
သစ္စာလေးပါး တရားတော်ကို အသေးစိတ် ထပ်မံ၍ ဟောတော်မူသည်။
သစ္စာလေးပါး ဟူသည်ကား -
(၁) ဒုက္ခသစ္စာ၊
(၂) သမုဒယသစ္စာ၊
(၃) နိရောဓသစ္စာ၊
(၄) မဂ္ဂသစ္စာ၊
တို့ ဖြစ်သည်။
ခန္ဓာကိုယ်၏ ဖြစ်ခြင်း ပျက်ခြင်း၊ ဖောက်ပြန်ခြင်း၊
ဆွေးမြေ့ရင့်ရော်ခြင်း၊ နာကျင်နှိပ်စက်ခြင်း၊ သေဆုံး ပျက်စီးရခြင်း
စသည်တို့နှင့်အတူ ကိလေသာတို့၏ အကျိုးဆက်များ ဖြစ်ကြသော
ချစ်ခြင်း၊ မုန်းခြင်း၊ အလိုမပြည့်ခြင်း၊ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း၊
သောကမီးများ တောက်လောင်ခြင်း၊
ချစ်သောသူနှင့် ကွေကွင်းရခြင်း၊
မနှစ်သက်သော သူနှင့်လည်း ပေါင်းဖော်နေရခြင်း စသည် စသည်
ဒုက္ခပေါင်းမျိုးစုံနှင့် ခံစားနေကြရသော ကမ္ဘာလောကကြီးတွင်
နေထိုင်နေကြရသည်။ ခန္ဓာသည် ဒုက္ခသာလျှင် အမှန်ဖြစ်၏
ဆိုသည့်တရားကို တကယ် သိရမည့် ဒုက္ခသစ္စာတရားဖြစ်သည်။

ကာမ၌ တပ်မက်သော တဏှာ၊ ဘ၀၌ တပ်မက်သော တဏှာ၊
ဘ၀ပြတ်စဲမှု၌ တပ်မက်သော တဏှာ ထိုတဏှာ သုံးပါးသည်
ဆင်းရဲခြင်း မျိုးစုံကို ပြည့်နှက်စေသော ခန္ဓာကိုယ်
တည်ဆောက်ရာ အဓိက ပဓာန လက်သည်ပင် ဖြစ်သည်။
တဏှာသည် ရောင့်ရဲနိုင်ခြင်း မရှိပေ။
အ၀ိဇ္ဇာ၊ ကံ၊ သင်္ခါရ တို့၏ အကူအညီဖြင့်
ထိုတဏှာသည် ဒုက္ခအစုအပုံကို အကြိမ်ကြိမ် ဖန်ဆင်းခဲ့လေသည်။
ထိုကြောင့် တဏှာသည် ဒုက္ခ၏ သမုဒယ ဖြစ်သည်။
ဒုက္ခဇာတ်ကို အဆုံးသတ်လိုသူတို့သည် ထိုတဏှာကို
အကြွင်းမဲ့ ပယ်နှုတ်ရမည် ဖြစ်သည်။
တဏှာလောဘ သည် ဒုက္ခအားလုံးတို့၏ အကြောင်းရင်း
“သမုဒယသစ္စာ”သာလျှင် ဖြစ်သည်။

ဒုက္ခအားလုံး၏ အကြောင်းအရင်း ဖြစ်သော တဏှာကို
အကြွင်းမဲ့ ပယ်ခြင်း၊ နှုတ်ခြင်း၊ သတ်ခြင်း၊ ချုပ်ငြိမ်းစေခြင်း၊
စွဲလမ်းတပ်မက်မှု များကို စွန့်လွတ်ခြင်း၊
တဏှာ၏ နှိပ်စက်နှောင်ဖွဲ့မှု တို့မှ အပြီးတိုင်
လွတ်မြောက်ခြင်းတို့သည် ဒုက္ခမှ လွတ်မြောက်ခြင်း
ဖြစ်သောကြောင့် နိရောဓသစ္စာ ဆိုက်သွားလေသည်။
ထိုကဲ့သို့ နိရောဓသစ္စာ ဆိုက်ရောက်စေရန်မှာ
မစ္ဈိမပဋိပဒါ လမ်းစဉ်ကိုသာ ကျင့်ကြံပွားများအားထုတ်ဖို့
လိုအပ်ပေသည်။မဂ္ဂသစ္စာ ဆိုသည်မှာ မဂ္ဂင်ရှစ်ပါး လမ်းပင်တည်း။

ထိုတရားများကို မြတ်စွာဘုရားသည်း ပဉ္စ၀ဂ္ဂီငါးပါးအား
ဟောကြားတော်မူ ပြီးနောက်တွင် ထိုနေ့ ၀ါဆိုလပြည့်နေ့
ညချမ်းမှာပင် အရှင်ကောဏ္ဍည သည် ပထမဦးဆုံး
ဓမ္မစက္ခု တရားမျက်လုံး ရရှိသွားပြီး မြတ်ဗုဒ္ဓထံတော်တွင်
“ဧဟိဘိက္ခု ရဟန်း” ဖြစ်သွားလေသည်။
ဗုဒ္ဓသာသနာတော်တွင် “အရှင်ကောဏ္ဍည” သည်
သက်တော်အကြီးဆုံး၊ သိက္ခာတော် အကြီးဆုံး
သာဝက တစ်ဆူ ဖြစ်သည်။

ဓမ္မစကြာ တရားဦး ဓမ္မစက်ကို ဟောတော်မူသည့်
ဝါဆိုလပြည့်နေ့တွင် သံဃရတနာ စတင် ပေါ်ထွန်းလာခဲ့သည်။
ဤနေ့သည် “ဗုဒ္ဓ၊ ဓမ္မ၊ သံဃ” ရတနာ သုံးပါး ပြည့်စုံသွားလေပြီ။
ထိုကြောင့် ၀ါဆိုလပြည့်နေ့ကို
ရတနာသုံးပါး ပြည့်စုံသောနေ့ အဖြစ်လည်းကောင်း၊
ဓမ္မစကြာ အခါတော်နေ့ အဖြစ်လည်းကောင်း
အမည်နာမည် အမျိုးမျိုးဖြင့် ခေါ်ဆိုကြပေသည်။

ယခုအခါတွင် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ပြုသွားပြီ
ဖြစ်သော်လည်း တရားကို သိမြင်သောသူသည်
ဘုရားကို သိမြင်သောသူနှင့် တူပေသည်။
ထိုကြောင့် အသင်သူတော်ကောင်း အပေါင်းတို့သည်
တရားကို ကျင့်ကြံပွားများ အားထုတ်ကြလျှင်
ဗုဒ္ဓမြတ်စွာဘုရားကို မြင်ခြင်းသာလျှင် ဖြစ်၍
ဗုဒ္ဓရတနာနှင့် ဓမ္မရတနာကို သိမြင်ပြီးသူများ ဖြစ်လိမ့်မည်။
ထို့အပြင် သီလ၊ သမာဓိ၊ ပညာ သိက္ခာ သုံးပါးကို
ကျင့်ကြံပွားများ အားထုတ်နေကြသော ရဟန်းသံဃာများလည်း
ယခု ခေတ်တွင် ရှိနေသေးသည့် အတွက် ၊
သံဃာရတနာ များကိုလည်း ဖူးမြင် ရနေပေသေးသည်။
ဆည်းကပ်ခွင့်၊ တရားနာယူခွင့် တို့လည်း ရနေပေသေးသည်။

သို့အတွက် အသင်သူတော်စင် အပေါင်းတို့၏
အဇ္ဈတ္တ စိတ်သန္တန်နှလုံး အိမ်ဝယ် တရားဓမ္မများ အချိန်တိုင်း ၊
အစဉ်ကိန်းအောင် နေစေရန် ရတနာ သုံးပါးကို ယုံကြည်ဆည်းကပ်
ကိုးကွယ်ကြ၍ သစ္စာတရားများကို သိမြင်ကြကာ ဒုက္ခကင်းငြိမ်းရာ
နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော တရားကျင့်ကြံအားထုတ်မှုများဖြင့်
ထုံမွှမ်းနေပါစေသတည်း။

- [အရှင်ဉာဏဒီပ(ဓမ္မရတနာ) ]- ဒေလီတက္ကသိုလ်

ဣဿာ မစ္ဆရိယ ဟူသည်

ဣဿာ မစ္ဆရိယ ဟူသည်

ဣဿာ

ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊
ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊
congratulations မလုပ်နိုင်ဘူးပေါ့လေ။

လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို
အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊
လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊
မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊

ဒါကလည်း ဒေသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊
စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊
လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊
အကောင်းမပြောနိုင်ဘူး၊
ဒါ ဣဿာပဲ။

မစ္ဆရိယ

နောက်တစ်ခု ‘မစ္ဆရိယ’ ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊
ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊
ဒါ မစ္ဆရိယ ခေါ်တယ်။

မစ္ဆရိယဆိုတာလည်း အတူတူပဲ၊ ဒေါသနဲ့ ယှဉ်တွဲတယ်၊
အရပ်ထဲမှာတော့ မစ္ဆရိယ ဆိုတာ နှမြောတာ၊
‘နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး’ လို့ ပြောကြတယ်။

မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊
မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ။

မစ္ဆရိယ ၅-မျိုး

မစ္ဆရိယ ၅-မျိုးရှိတယ်။

(၁) အာဝါသမစ္ဆရိယ တဲ့၊
ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊
ဟုတ်လား၊ ကိုယ့်အဆောက်အဦးထဲ သူများလာရင် မကြိုက်တာ ‘အာဝါသမစ္ဆရိယနော်’။ ‘အာဝါသမစ္ဆရိယ’ ဆိုတာ အိမ်မှာတင် မစ္ဆရိယ ဖြစ်တာမဟုတ်ဘူး၊
မီးရထားနဲ့ သွားတာတောင် ပေါင်ကားထိုင်သေးတယ်၊
အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊
နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယ ဆိုတာ။

(၂) ‘ကုလမစ္ဆရိယ’
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမများကို
သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊
ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊ ကုလမစ္ဆရိယ။

(၃) ‘လာဘမစ္ဆရိယ’၊
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) ‘ဝဏ္ဏမစ္ဆရိယ’ ဆိုတာ
ကျော်ကြားမှုနဲ့ သတ်သက်လာလို့ ရှိရင် ကိုယ်ပဲကျော်ကြားချင်တယ်၊
သူများ မကျော်ကြားစေချင်ဘူး။

(၅) ‘ဓမ္မမစ္ဆရိယ’ဆိုတာ
ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊ သူတစ်ယောက်ထဲပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ် ပေါ့လေ၊ တစ်လောကလုံးရဲ့ ဂုရုကြီး၊ သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊ အဲဒါ ဓမ္မမစ္ဆရိယ လို့ခေါ်တယ်။

‘အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ’ ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊

မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊ ဒါလည်းပဲ မရစေချင်ဘူး ဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးပြီး
တိရစ္ဆာန်ရုံကို သွားကြည့်တာပေါ့၊ တိရစ္ဆာန်ရုံ သွားတဲ့အခါမှာ အထူးအားဖြင့်
ဘာကြည့် ချင်တုန်းဆိုတော့ ညနေဘက် ကျားတွေ ခြင်္သေ့တွေ
အစာကျွေးတာကို ကြည့်ချင်တယ်၊ ပိုစိတ်ဝင်စားတယ်၊

အဲဒီမှာ ဘာအကဲခတ်မိလဲဆို ကျားတွေ ခြင်္သေ့တွေက အစာဝဝစားရတာ မဟုတ်ဘူး၊
သူတို့ခမျာ ပိန်ပြီး ဆာလောင်နေတာလေ၊ ညနေ အစာကျွေးမယ့်သူ လာလို့ရှိရင်
သူတို့ ယောက်ယက်ခတ်နေပြီ၊ အစာကျွေးမယ့်လူက အမဲသားတစ်ပေါင်လောက် တစ်တုံးလောက် အထဲကို ပစ်ထည့်လိုက်ပြီဆိုရင်
အဲဒီ ကျားတွေ ခြင်္သေ့တွေက ပါးစပ်နဲ့ အစာကို ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့၊ ဆာနေတာ စားလိုက်ပါလား၊ အေးအေးဆေးဆေး မစားဘူး။

ဘာကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုရင် မစ္ဆရိယကြောင့်၊
သူရထားတဲ့ အစာကို လာမထိနဲ့ပေါ့၊ အဲဒီအဓိပ္ပါယ်မျိုး ရှိတယ်။

ကြောင်လေးတွေ ကြွက်ခုတ်ပြီးရင် ပါးစပ်ထဲမှာ အစာရောက်သွားရင်
မာန်ဖီတော့တာပဲ မဟုတ်လား၊
အဲဒီတော့ မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှားတယ်၊
ခွေးကလေး နှစ်ကောင်၊ ကစားနေတဲ့ ကြားထဲမှာ အမဲရိုးလေး ပစ်ချကြည့်၊ ကိုက်ကြပြီ၊ ဒါကြောင့်မို့ မစ္ဆရိယဟာ ဒေါသနဲ့ ယှဉ်တယ်လို့ ပြောတာ၊
မစ္ဆရိယ ပေါ်လာရင် ဒေါသ ဝင်လာတာပဲ၊ ဣဿာ ပေါ်လာရင်လည်း ဒေါသပဲ။

သို့သော် အဲဒီ မစ္ဆရိယနဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး၊ ဘာဖြစ်လို့တုံး၊ အာရုံချင်း မတူဘူး၊ စိတ်ရဲ့ ဦးတည်ချက်တွေဟာ မတူကြဘူးတဲ့၊

ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်တယ်၊
မစ္ဆရိယ ဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်တယ်၊ မတူကြဘူး။

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (ဣဿာ မစ္ဆရိယ ဟူသည်)

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

_(())_ ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ _(())_

မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ သာသနာတော်နှစ် ၂၅၅၈ခုနှစ်၊ 
ခရစ်နှစ်၂၀၁၄ခုနှစ် ယနေ့ ဇူလိုင်လ ၁၁-ရက်နေ့သည် 
“ဝါဆိုလပြည့်နေ့” ဖြစ်ပါသည် ။

ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့
အထိမ်းအမှတ်အဖြစ်ကျင်းပရခြင်းမှာ ထိုနေ့၌
ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ၊
ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇာ် ၁၀၃ ခုနှစ်
ဝါဆိုလပြည့်နေ့ နေ၀င် ၊လထွက်အချိန် ပဉ္စ၀ဂ္ဂီငါးဦးတို့အား
ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါ ပါဠိတော်
“ပဉ္စ၀ဂ္ဂိယကထာ” အမည်ဖြင့် လာရှိပါသည်။
ပဋီသမ္ဘိဒါမဂ္ဂ ပါဠိတော်၌
“ဓမ္မစက္က ပ၀တ္တန၀ါရ” အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်၌
“ဓမ္မစက္က ပ၀တ္တနသုတ္တ”အမည်ဖြင့် လာရှိပါသည်။

“ဓမ္မစက္က ပ၀တ္တန”၏အဓိပ္ပါယ်မှာ-
တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊
လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။
(ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ၊ လည်စေခြင်း)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို
ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏
အနှစ်ချုပ်တရားကို ဆိုထိုက်ပါသည်။
ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
“အစွန်း ၂ ခု”ကို ရှောင်ကြဉ်ရေး၊
မဇ္ဈိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး ၊
သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့်
ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

မြတ်စွာဘုရား၏ ဓမ္မစကြာ တရားတော်ကို နာကြားရသဖြင့်
“ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဓိယ၊ မဟာနံ၊ အဿဇိ” တည်းဟူသော
ပဉ္စ၀ဂ္ဂီ ငါးဦးနှင့်တကွ များစွာသော နတ်ဗြဟ္မာတို့ အကျွတ်တရား
ရရှိကြသည်။ ပဉ္စ၀ဂ္ဂီငါးဦးလည်း မြတ်စွာဘုရားထံတွင်
ရဟန်းအဖြစ်ကို ပြုခွင့်ပန်ကြ၏။
မြတ်စွာဘုရား ခွင့်ပြုသဖြင့် “ဧဟိဘိက္ခု ရဟန်း” အဖြစ်ကို ရရှိကြသည်။
“ဧဟိဘိက္ခု ရဟန်း” ဆိုသည်မှာ ဘုရားရှင် က ရဟန်းဖြစ်စေဟု
မိန့်တော်မူသဖြင့် ပရိက္ခရာ အစုံအလင်ဖြင့် ချက်ချင်း
ရဟန်း အဖြစ်ကို ရခြင်းပင်ဖြစ်သည်။

ဤသို့ ပဉ္စ၀ဂ္ဂီငါးဦးအား အမှူးထား၍ ဓမ္မစကြာ တရားဦးကို
ဟောကြားခြင်း၊ပဉ္စ၀ဂ္ဂီငါးဦးအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့
ခေါ်ဆောင်တော်မူခြင်းမှာ ဤ၀ါဆိုလပြည့်နေ့ပင် ဖြစ်၍
ဝါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်အဖြစ်ဖြင့်
သတ်မှတ်ကြခြင်း ဖြစ်သည်။ ၀ါဆိုလတွင် ပဉ္ဇင်းခံ၊
ရှင်ပြုခြင်းကို ရှေးအခါက ပြုခဲ့ကြခြင်း ဖြစ်သည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍
ဗုဒ္ဓဘာသာဝင်ရဟန်းရှင် လူတို့ကဓမ္မစကြာတရားတော်ကို
အထူးပင် အာရုံစိုက်၍ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပါသည်။
အမြို့မြို့အရွာရွာ၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး
ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

“၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ”
•••••••••••••••••••••••••••••
မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း၊ တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမဘုရားလောင်း၊ ဓမ္မစကြာတရား စတင်ဟောတော်မူသော
နေ့ဖြစ်၍ ထူးခြားခြင်း၊
၎။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍
ထူးခြားခြင်း။ဟူ၍ဖြစ်ပါသည်

“ဘယ်သူ့မှမချစ်နဲ့ ၊ ဘယ်သူ့မှမမုန်းနဲ့”

“ဘယ်သူ့မှမချစ်နဲ့ ၊ ဘယ်သူ့မှမမုန်းနဲ့”
•••••••••••••••••••••••••••••••••••••••••••
မြတ်စွာဘုရားရှင်က ဓမ္မစကြာဒေသနာတော်မှာ 
အစွန်းနှစ် ဖက်ကို ရှောင်ပြီးတော့ 
အလယ်လမ်းကနေ လျှောက်ရမယ်လို့
ညွှန်ကြားထားပါတယ်။ 

ကိုယ်က ချစ်ခြင်း ၊ မုန်းခြင်းတွေ
ဖြစ်ပြီးတော့ အစွန်းနှစ်ဖက် က လျှောက်နေပြီဆိုရင်
အလယ်လမ်းကလျှောက်ရမှ ရောက်နိုင်တဲ့
“နိဗ္ဗာန်”ဆိုတဲ့ လမ်းဆုံးပန်းတိုင်ကို မရောက်နိုင်တော့ပါဘူး။
အစွန်းနှစ်ဖက်က လျှောက်နေပြီ ဆိုမှတော့
အစွန်းနှစ်ဖက်ရဲ့ ဟိုဖက်မှာ ချောက်(ဂျောက်)တွေပဲ
ရှိတော့တယ်။

-【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】

"ဘယ်မှာ"ငါ" ဟု ရှိအံ့နည်း"

"ဘယ်မှာ"ငါ" ဟု ရှိအံ့နည်း"
-------------------------
လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊ မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု
... ငါသွေးတက်ကြွ ၊ လူ့ဗာလတို့
များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်
တဏှာဘီလူး ၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တလွှား ၊ရွှေကိုယ်လားဟု
ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်
သုဘရာဇာ ၊ မြေအောက်မှာပင်
ဘာသာလူမျိုး ၊ ချိန်မထိုးပဲ
ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း။
- (မိုးကုတ်ဆရာတော်ကြီး)

“သမ္မာဒိဋ္ဌိဉာဏ် (၅)မျိုး (အမြင်မှန်ဉာဏ် (၅)မျိုး)”

“သမ္မာဒိဋ္ဌိဉာဏ် (၅)မျိုး (အမြင်မှန်ဉာဏ် (၅)မျိုး)”
••••••••••••••••••••••••••••••••••••••••••••••••••••
သမ္မာဒိဋ္ဌိဉာဏ်(၅)မျိုးဟူသည် အမှန်ဆုံးသောအမြင် ၊
အမှန်ဆုံးသော အသိ ဖြစ်ပါသည်။
ထို(၅မျိုးမှတစ်ပါး အခြားခြားသော အမြင်အသိဟူသမျှတို့ကို 
ဘုရားရှင်ကိုယ်တော်မြတ်က အသိအမှန်ဟု မဟောကြားပါ။
ကိုယ်ထင်ရာ ကိုယ်မြင်နေကြ သည်၊ ကိုယ်ထင်ရာ ကိုယ်သိနေကြသည်။
ကိုယ်လိုရာ ကိုယ်ကြိုက်နေခြင်းများသာဖြစ်၍ တစ်ခုမျှ
အမှန်ဟူ၍ မဆိုနိုင်ပါ။
ထို့ကြောင့် သမ္မာဒိဋ္ဌိ အမြင်မှန် ဉာဏ်(၅)မျိုး အဓိပ္ပါယ်ကို
တစ်မျိုးစီ တစ်မျိုးစီ ခွဲခြားမှတ်သားကြရန် ပြဆိုပါသည်။
၁။ ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်
၂။ ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်
၃။ မဂ္ဂ သမ္မာဒိဋ္ဌိဉာဏ်
၎။ ဖလ သမ္မာဒိဋ္ဌိဉာဏ်
၅။ ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိဉာဏ်

၁။ “ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်”
••••••••••••••••••••••••••••••••••••••
ကံနှင့် ကံ၏ အကျိုးကို ယုံကြည်သော အသိ အမြင်ဉာဏ်၊
ပစ္စုပ္ပန်လောက တမလွန်လောကရှိ၏ဟု ယုံကြည်သော
အသိ အမြင်မှန်ဉာဏ်ကို ခေါ်ပါသည်။

၂။ “၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်”
••••••••••••••••••••••••••••••••••••••
ရုပ်နာမ်ခန္ဓာ အာယတနဓါတ်အစရှိသော တရားတို့ကို
မုချဧကန်အမှန်ရှိသည် ထိုတရားတို့ကို အနိစ္စ၊ဒုက္ခ၊အနတ္တ
သဘောဆိုက်အောင် အသိမှန် အမြင်မှန်ဖြင့် ရှုမြင်ပွားများအားပါလျှင်
ဝိပဿနာဉာဏ်တည်းဟူသော ၀ိပဿနာသမ္မာဒိဋ္ဌိဉာဏ်ရခြင်း ကို ခေါ်ပါသည်။
ဝိပဿနာဖြစ်မှ မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ဖြစ်နိုင်ပါသည်။
ထို့ကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရလိုလျှင် ရှေးဦးစွာ
ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံအောင်ကြိုးစား ရပါမည်။
သံသရာဝဋ်ဆင်းရဲညွှတ်မှ လွတ်မြောက်လိုသူ ဟူဟူသမျှတို့သည်
ဟုတ်တိုင်းမှန်စွာ သိတတ်သော ၀ိပဿနာပညာကို ရအောင်ကြိုးစားရပါမည်။

၃။ “မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်”
••••••••••••••••••••••••••••••••••••••
မဂ်ဉာဏ် မဂ်တရားရှိ၏ဟုယုံကြည်သိမြင်ခြင်း၊
သစ္စာလေးပါး တရား မြတ်တရားကိုထိုးထွင်းသိမြင်ခြင်း၊
ဝိပဿနာဉာဏ် အမြင်မှန်ရင့်သန်ပါသဖြင့် မဂ်ဉာဏ်ဖြစ်ပေါ်လာခြင်း၊
လောကီကို ကျော်ဖေါက် နိဗ္ဗာန်သို့ ဆိုက်ရောက်သော
အသိမှန် အမြင်မှန် ဉာဏ်ကို မဂ္ဂသမ္မာဒိဋ္ဌိဉာဏ် ခေါ်ပါသည်။

၎။ “ဖလသမ္မာဒိဋ္ဌိဉာဏ်”
••••••••••••••••••••••••••••••••••••••
မဂ်ဉာဏ်၏ အနန္တရ၌ အာနိသံသ ကျိုးဖလ ဖြစ်သည်။
မဂ်ဉာဏ်ရပြီးလျှင် အလိုအလျောက် သက်ဝင်သော ဉာဏ်ကို
ဖလသမ္မာဒိဋ္ဌိဉာဏ်ခေါ်ပါသည်။ အထူးကြိုးစား အားထုတ်ရန်မလို။
မဂ်အကျိုးဖြစ်၍ ရရှိပြီး နိဗ္ဗာန်အရသာကိုခံစားသော
ဉာဏ်လည်းဖြစ်ပါသည်။

၅။ ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဉာဏ်
••••••••••••••••••••••••••••••••••••••
ဖိုလ်ဉာဏ်သို့သက်ဝင်ပြီးသော ဖိုလ်ပုဂ္ဂိုလ်သည်
အဘယ်တရားစုကို ပယ်သတ်ပြီးဖြစ်သည်။
အဘယ်တရားစုကိုမူ မပယ်သတ်ရသေးဟု သိမြင်သော
အမြင်မှန်ဉာဏ် (သို့မဟုတ်) မိမိရပြီးတရားကို ပြန်လည်
ဆင်ခြင်သုံးသပ်သော ဉာဏ်ကို ခေါ်ပါသည်။
တစ်နည်းအားဖြင့် သိဖွယ်, မြင်ဖွယ်, ပယ်ရှင်းဖွယ်,
ကျင့်ဖွယ်, ကြံဖွယ်, အားထုတ်ဖွယ် ကိစ္စဟူသမျှ
ပြီးဆုံးကျွတ်လွတ်ပေပြီးဟု ဆင်ခြင်စိတ်ချ ဗျာပါရမရှိ
ကြောင့်ကြမဲ့ ကိစ္စပြီး အေးကြီး အေးရသော ဉာဏ်ကို
“ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဉာဏ်”ဟု ခေါ်ပါသည်။

အမြင်မှန်ဉာဏ် ငါးမျိုးအနက်၊
နံပါတ်(၁) ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်နှင့်
နံပါတ်(၂) ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် ထိုဉာဏ်နှစ်ပါးသည်
ပဓါနကျသည်၊ လိုရင်းဖြစ်၍ အရေးတကြီးသိရန် လိုအပ်သည်။
နောက်ဉာဏ်(၃)ပါးဖြစ်သော မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်၊ ဖလသမ္မာဒိဋ္ဌိဉာဏ်၊
ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဉာဏ်တို့မှာ အထူးကြိုးစားအားထုတ်ရန်
မလိုသော အမြင်မှန် ဉာဏ်တို့ဖြစ်ပါသည်။
အဓိပ္ပါယ်အားဖြင့် သောတာပတ္တိမဂ်ဉာဏ်ကို ရလိုလျှင်
ဝိပဿနာတရားကို ကြိုးစားမယုတ် အားထုတ်ရ၏။
ကြိုးစားအားထုတ်၍ ၀ိပဿနာဉာဏ် အမြင်မှန် ရှင်သန်ပါလျှင်
သောတာပတ္တိမဂ်ဉာဏ်ကိုရ၏။
သောတာပတ္တိ မဂ်ဇော-မဂ်ဝီထိကျလျှင် ဖိုလ်ဉာဏ်သည်
အလိုအလျောက် သက်ဝင်တော့၏။
သောတာပတ္တိဖိုလ် ပုဂ္ဂိုလ်အဖြစ်ဖြင့် ရပြီး ရောက်ပြီး တရားကို
ပြန်လည် ဆင်ခြင်သုံးသပ်သော ဉာဏ်သည်
ပစ္စဝေက္ခဏာ သမ္မာဒိဋ္ဌိဉာဏ်ဖြစ်ပါသည်။
ထို့ကြောင့် နောက်ဉာဏ်သုံးပါးသည် ကြိုးစားအားထုတ်ရန်မလိုပေ။

ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ်သည်လည်း
ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကြ၏။
နားလည်ကြ၏။ အကုသိုလ် မကောင်းမှုပြုလျှင် မကောင်းကျိုးတွေပေးမည်၊
ကုသိုလ်ကောင်းမှု ပြုလျှင် ကောင်းကျိုးတွေ ပေးမည်ဟု
ယုံကြည်ပြီး ဖြစ်ကြသည်။ ထို့ကြောင့် -
ကမ္မဉ္စ၊ ကံကိုလည်းကောင်း။
ကမ္မဖလဉ္စ၊ ကံ၏အကျိုးကိုလည်းကောင်း။
သဒ္ဓဟိတွာ ယုံကြည်ကြပါကုန်သည်ဖြစ်၍
တိသရဏေန သရဏဂုံသုံးပါးနှင့်
သဟ၊ တကွ။ ပဉ္စသီလံ၊ ငါးပါးသော သီလတော်မြတ်ကို။
သမ္မာဓိယိတွာ၊ ကျင့်သုံးဆောက် တည်ပြီး၍
ဣမာနိ ဒါတဗ္ဗ၀တ္ထုနိ၊ ဤအထူးထူးသော လှူဖွယ်ဝတ္ထုအစုစုတို့ကို။
အာယသ္မာတာနံ၊ အရှင်ဘုရားတို့အား။
ဒေမပူဇေမ၊ သဒ္ဓါကြည်ဖြူ ကပ်လှူပါ၏။ ပူဇော်ပါ၏။
အလှူအတန်းပြုလုပ်တိုင်း ရေစက်ချကြ၏။
ကံ, ကံ၏အကျိုးကို တပည့်တော်တို့ ယုံကြည်ပါသည်ဟု
ပဋိညာဉ်ခံပြီးသား တာဝန်ယူပြီးသား ဖြစ်နေ၏။
ကောင်းမှုကုသိုလ်ကံပြုလျှင် ကောင်းကျိုးချမ်းသာပေးလိမ့်မည်။
မကောင်းသောအကုသိုလ် ကံ ဒုစရိုက် ဒုရာဇီဝတွေလုပ်လျှင်
အပါယ်လေးပါးလားမည်။ မကောင်းကျိုးတွေပေးမည်ဟု ယုံကြည်၏။
ဤသည်ပင် ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ရခြင်း ဖြစ်ပါသည်။

ထိုဉာဏ်ကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အနေဖြင့်
အထူးသင်ကြားရသည် မဟုတ်ဘဲ၊ ငယ်စဉ်တောင်ကျေး
ကလေးဘ၀အရွယ်ကပင် မိဘ, ဆရာတို့၏ အဆိုအဆုံးမ ရကြသဖြင့်
အလိုလိုနားပြည့်လာကြသည်။ နားလျှံလာကြသည်၊ နားရည်ဝလာကြသည်၊
နားလည်ခွင့်ရကြသည်။အတော်အသင့် အရွယ်ရောက်သောအခါ
ဆရာအရှင်တို့၏ သွန်သင်မှုကြောင့် ဘုရားဂုဏ်၊ တရားဂုဏ်၊
သံဃာဂုဏ်တော်တို့ကို ယုံကြည်သောအသိဉာဏ်ကို ရကြသည်။

ဤသို့ ယုံကြည်သည်အားလျော်စွာ ဒါနကုသိုလ်၊ သီလကုသိုလ်၊
သမထကုသိုလ် တို့ကို မိမိတို့တတ်စွမ်းသည့် အလျောက်ပြုကြ၏။
မကောင်းသောဒုရာဇီဝ အကုသိုလ်တရားတွေကို ပြုလျှင် မကောင်းကျိုးတွေရမည်။အင်မတန်ကြောက်စရာကောင်း သည်ဟု
ယုံကြည်သော အမြင်မှန်ဉာဏ်ကို ဗုဒ္ဓဘာသာဝင် မြန်မာတို့အနေဖြင့်
မပင်မပန်းပဲ အလွယ်တကူရယူနိုင်ခြင်း ဖြစ်ပါသည်။
နောက်နောက်က ပါရမီဓါတ်ခံ ရင့်သန်သောကြောင့်
ကာမာဝစရကုသိုလ် ကံကောင်းသောကြောင့် ဗုဒ္ဓဘာသာ
အမှန်တရားထွန်းကားသော မြန်မာနိုင်ငံတွင် လူလာဖြစ်ကြရ၏။
ဖြစ်ပြန်တော့လည်း ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သည့်
မိဘနှစ်ပါးတို့ထံ လာ၍ဖြစ်ကြရ၏။
မိမိတို့ရရှိသည့် အကြောင်းကံကောင်း အထောက် အပံ့ကို
သာမညမမှတ်ထင်ပါနှင့်၊ အလွန့်အလွန် ကောင်းလှပါသည်။
ကံ, ကံ၏အကျိုးကို ယုံကြည်သော အမြင်မှန်ရသည်ကပင်
တန်ဖိုးမဖြတ်နိုင်ပါ။ တန်ဖိုးလည်းထားကြပါ။
လူတိုင်းလူတိုင်းမရနိုင်ပါလားဟု ဟုတ်, မဟုတ် ကိုယ့်အမြင်အသိနှင့်
ကမ္ဘာကို ဝေဖန်ကြည့်ကြပါကုန်။

ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ကို မိမိတို့
လွယ်လွယ်ကူကူရသကဲ့ သို့ လူမှန်တိုင်း လွယ်ကူသည်မဟုတ်ပါ။
ကမ္ဘာ့လူဦးရေ မည်မျှပင်များပြားသည် ဆိုစေ ကာမူ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအတွင်းလက်တစ်ဆုပ်စာမျှလောက်သော
လူနည်းစု သည်သာ ရကြပါသည်။ မြန်မာနိုင်ငံအပြင်ဘက်
ထွက်ကြည့်လိုက်လျှင် ဤအမြင်မှန် ဉာဏ်ရသူ အလွန်ရှားပါသည်။

မနုဿတ္တဘာဝေါ ဒုလ္လဘောဟု ဟောတော်မူသည့်အတိုင်း
လူ့ဘ၀ လူဖြစ်သူတိုင်း တန်ဖိုးအရှိဆုံးဖြစ်သော
အမြင်မှန်ဉာဏ်(၅)မျိုး ရရန်အလွန်ခက်ခဲလှပါသည်။
(၅)မျိုးမဆိုထားဘိ နံပါတ်(၁) ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်၊
အမြင်မှန်ဉာဏ်ရရန်ပင် မလွယ်ကူလှပါ။

ဒုစရိုက်ကို သုစရိုက်အမှတ်နှင့် အမှားမှား အရမ်းရမ်းတွေ
ကျင့်သူကကျင့်၊ မဟုတ်တာတွေကို အဟုတ်ထင် ၊
မမှန်တာကို အမှန်ထင် ၊မကျင့်ကောင်းသည်တို့ကို
ကျင့်ကောင်းသည်ထင်ပြီး ဖေါက်လွဲဖေါက်ပြန်တွေ ကျင့်သူက ကျင့်၊
တစ်ချို့လည်း ကံ၊ကံ၏ အကျိုးဟူသည် အဓိပ္ပါယ်မရှိဘူး၊
အကြောင်းတရား ဆိုသည်လည်း မရှိဘူး၊
အကျိုးဆိုသည်လည်း မရှိဘူး၊
ဒီကနေပြီး ကောင်းတာတွေလုပ်လျှင် နောက်ဘ၀ကောင်း ကျိုးတွေ
ပေးမည်ဆိုတာ ယုံကြည်စရာမရှိ၊ ဒီဘ၀ ဟိုဘ၀ နောက်ဘ၀ဟူသည် မရှိ၊
အတိတ် အနာဂါတ် ပစ္စုပ္ပန် ဘ၀သုံးပါးဟူသည်မရှိ၊
ယခုဖြစ်ဆဲဘ၀ပဲ သေဆုံးလောင်တုံး စသော ၀ါဒဆိုးတွေလွှမ်းမိုးနေ၏။
ဤသို့သော ၀ါဒဆိုးတွေနှင့် တိုးမိတိုက်မိကြလျှင်
ကြောက်စရာ အလွန်ကောင်း ပါသည်။
ကိုယ်ကျိုးနည်းကြမည်။
သံသရာမှာ ပေါ်စရာအကြောင်းမရှိပါ။
ကံကောင်းထောက်မသောကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့
အဆိုပါ ၀ါဒ ဆိုးတွေ ဘေးမှလွတ်ကြရ၏။
သာသနာတော်ကြီး ထင်ရှားရှိခိုက်လာပြီးကြုံကြရ၊
ဆုံကြရ သည်မှာ အများကြီးသက်သာခွင့်ရကြ၏။
အင်မတန်လည်း ၀မ်းသာစရာ ကောင်းပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ရရှိကြသော
ကမ္မဿကတသမ္မာဒိဋ္ဌိ ဉာဏ် အမြင်မှန်ကို အနှစ်ချုပ် ကြည့်လျှင်. . .
- ကုသိုလ်ကောင်းမှု ကံတွေပြုလျှင် ကောင်းသော အကျိုးတွေပေးမည်။
- မကောင်းသော အကုသိုလ် ဒုစရိုက် ဒုရာဇီဝတရားတွေ ပြုလုပ်လျှင်
မကောင်းသော အကျိုးတွေပေးမည်။
ဤသည်တို့ကား ဘုရားရှင်ကိုယ်တော်မြတ် မိန့်ဟောသော
အမှန်ဆုံး အမြင်၊ အမှန်ဆုံး အသိ ဖြစ်ပါ၏။
အင်မတန်တိကျ မှန်ကန်သော အမြင်, အသိ, အယူ
ဖြစ်သောကြောင့်လည်းကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ် အစစ်ဖြစ်ပါသည်။

၂။ ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ကို စစ်တမ်းထုတ်ကြည့်ကြစို့ ။
ရုပ်, နာမ်, ခန္ဓာ, အာယတန ဓါတ် အစရှိသောတေဘုမ္မက
သင်္ခါရတရားတို့သည် အမြဲတစေ ချုပ်ပျက်ပြုန်းတီးနေကြကုန်၏။
အနိစ္စပဲ၊ဒုက္ခပဲ၊အနတ္တပဲ ဟု ရှုမှတ်ပွားများ အားထုတ်သောဉာဏ်ကို
“၀ိပဿနာသမ္မာဒိဋ္ဌိဉာဏ်” ဟု ခေါ်ပါသည်။

ထို ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ရရှိရေး အတွက်
ရှေးဦးစွာ ရုပ်, နာမ်, ခန္ဓာ အာယတန ဓါတ် ပဋိစ္စသမုပ္ပါဒ် တရားတို့ကို
ပြတ်သားအောင် သင်ကြားကြရမည်။
လေ့လာဆည်းပူးနာယူ မှတ်သားကြရပါမည်။
သို့မှသာ ဘုရားရှင်ကိုယ်တော်မြတ် အကျဉ်းဆုံး၊ အတိုဆုံး၊
အထိရောက်ဆုံးသော “ ၀ယဓမ္မာသင်္ခါရာ အပ္ပမာဒေန သမ္မာဒေထ”
မှာတမ်းတော်စကားနှင့် လိုက်လျောညီထွေ ဖြစ်ပေ လိမ့်မည်။
ဝယဓမ္မာ သင်္ခါရာ ပုဒ်၌ “သင်္ခါရ”၏ တရားကိုယ် တရားသားထုတ်လျှင်
ရုပ်, နာမ်, ခန္ဓာ တည်းဟူသော တေဘုမ္မက တရားစုကို ရပါသည်။
ထိုတရားတို့သည် ချုပ်ပျက်ပြုန်းတီး ပျက်စီးတတ်သော
သဘောရှိ၏ဆိုသော အဓိပ္ပါယ်ဖြစ်ပါသည်။

ထိုတရားတို့ကို ရှုမြင်ပွားများ အားထုတ်ကြ၊
မမေ့ကြနှင့်ဟုမှာကြားတော်မူပါသည်။
ဘုရားရှင်ကိုယ်တော်မြတ်မှာကြားတော်မူသည့်အတိုင်း အထူးလေးစားကြရမည်။
သို့မှသာ ဘုရားရှင်ကိုယ်တော်မြတ်စကားကို နားထောင်ရာရောက်မည်။ လေးစားရာရောက်မည်။နားထောင်လေးစားသည့်အလျောက်လည်း
မိမိတို့၏ လိုအင်ဆန္ဒပြည့်ဝကြပါလိမ့်မည်။

မိမိတို့ဆန္ဒက ဤသံသရာကြီးထဲ တစ်ဝဲလည်လည်
ကျင်လည်နေရသည်မှာ အင်မတန်ငြီးငွေ့ဖွယ်ဖြစ်သည်။
အင်မတန်စက်ဆုပ်ဖွယ် ဖြစ်သည်။
သံသရာဝဋ် အတွင်းမှ ဒုက္ခတွေလုံးဝ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရချင်၏၊
ရောက်ချင်၏၊ သို့မှသာ ဒုက္ခတွေ ကင်းငြိမ်းရာ
သုခအစစ်ကြီးရကြမည်ဆိုသော ဆန္ဒဓါတ်ဖြစ်ပါသည်။

ဘုရားကိုယ်တော်မြတ်မှာကြားတော်မူသော
ဝယဓမ္မာ သင်္ခါရာ ပုဒ်ကိုပင် ပါထေရ အဋ္ဌကထာကလည်း
ထောက်ခံချက်ပေးသည့် အနေဖြင့် . . .
“မရဏမဉ္စေ နိပ္ပန္နဿ ကထာနာမ ယာဝဇီဝံ အနုဿရိတဗ္ဗာ”ဟု
ဖွင့်ဆိုတော်မူပါသည်။
မရဏမဉ္စေ၊ သေရာညောင်စောင်း လျောင်းစက်သော ပုဂ္ဂိုလ်၏။
ကထာနာမ၊ နောက်ဆုံးမှာကြားသောစကားမည်သည်ကား။
ယာဝဇီဝံ၊ အသက်ရှည် သမျှကာလပတ်လုံး၊ အနုဿရိတဗ္ဗာ၊
အမြဲတစေ အောက်မေ့ နေရာ၏။
မသေမချင်းနားထောင်ရမည်၊ အသက်ထက်ဆုံးနားထောင်ရမည်။
မြေ၀ယ်မကျ နားထောင်ရမည်၊ တစ်သွေမတိမ်းလိုက်နာရမည်၊
သို့မှာသာလျှင်ဘုရားရှင်ကိုယ်တော်မြတ် ၏ သားတော် ၊
သမီးတော် စာရင်းဝင် ဖြစ်ကြမည်။

ဤသို့မဟုတ်ပဲ ဘုရားရှင်ကိုယ်တော်မြတ် မှာကြားသော
စကားတော်က တစ်မျိုး၊ ကိုယ်ထင်ရာ ကိုယ်လုပ်နေတာက
တစ်မျိုးဆိုလျှင် မိမိနှင့် သာသနာသည် တစ်ခြားစီ ဖြစ်နေပါလိမ့်မည်။
ဘုရားရှင်ကိုယ်တော်မြတ်၏ အဆိုအဆုံးမကို မတည်ဘူး၊
နားမထောင်ဘူး၊ ဖီလာဆန့်ကျင်လုပ်နေသူဖြစ်နေပါလိမ့်မည်။
ဘုရားရှင်ကို မမီလိုက်သော်လည်း သာသနာတော်
ထင်ရှားရှိနေခိုက်တွင် ဘုရားရှင်ကိုယ်တော်မြတ်၏ အဆိုအဆုံးမကို
လိုက်နာသည် ဖြစ်ပါက၊ ဘုရားရှင် ကိုယ်တော်မြတ်ကို
မီတာနှင့် အတူတူပင် ဖြစ်ပါသည်။ ထို့ကြောင့် မိန့်ကြားသော
မှာတမ်းတော်နှင့် လိုက်လျောညီစွာ သင်ယူနာကြားမှတ်သားလေ့လာ
ပွားများအား ထုတ်ကြမှသာ တရားထူးရကြမည်။

ဗုဒ္ဓဘာသာဝင်အများစုတို့မှာ (၁)နံပါတ် ကမ္မဿကတ
သမ္မာဒိဋ္ဌိဉာဏ် ရကြသော်လည်း (၂)နံပါတ် ၀ိပဿနာဉာဏ်
အမြင်မှန်ရကြပါ၏လားဟု စစ်တမ်း ထုတ်သော်
လူ(၁၀၀)မှာ (၁၀)ယောက်ထက်မပိုသော
အရေအတွက်မျှသာရကြ၏။

သာသနာတော်ကြီးနှင့်လည်း ပက်ပင်းပါ တွေ့ကြုံကြရ၏။
အလွန်ရခဲသော လူအဖြစ်လည်းရနေကြ၏၊
ယင်းသို့ အခွင့်ကောင်း အခါကောင်းနှင့် ကြုံဆုံပါလျက်လည်း
ပဓါနအကျဆုံးသော ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ် မရနိုင်ကြသည်မှာ
အင်မတန် ၀မ်းနည်းစရာ ဖြစ်ပါသည်။
မည်သူက မယူနှင့်ဟု ပြော၍ မည်သူက မသင်နှင့်ဟု
ပြော၍မဟုတ်၊ မိမိတို့ကိုယ်တိုင်က မလိုချင်၍ မယူသောကြောင့်
မရကြခြင်းသာဖြစ်ပါသည်။
မည်သ တစ်ဦးတစ်ယောက်ကိုမျှ အပြစ်ဆိုရန် မရှိပါ။
ဘုရားသာသနာတော်တွင်းမှာ သောတာပန်၊ ဖြစ်ချင်ဖြစ်နိုင်၏။
သကဒါဂါမ် ဖြစ်ချင်ဖြစ်နိုင်၏၊
အနာဂါမ် ရဟန္တာ ဖြစ်ချင် ဖြစ်နိုင်၏။
မဂ်ဉာဏ်၊ဖိုလ်ဉာဏ်ကို ရစေတတ် ရောက်စေတတ်သော၊
ရစေနိုင် ရောက်စေနိုင်သော ၀ိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ကြီးကို
ရယူနိုင်ပါသော်လည်း မယူပဲနေခြင်းသည် မယူသူ၏ တာဝန်သာဖြစ် ပါသည်။

ရယူလိုသော် တရားပေးနိုင်သော လူဆရာ၊ ရဟန်းဆရာ၊
တရားဋ္ဌာနတွေ များသော ခေတ်ကောင်းအခါကောင်းကြီး ဖြစ်ပါသည်။
ပေတီးပေကတ် ကိုယ်နှင့် မဆိုင်သလို ပျော်ပျော်ပါးပါး ၊
မော်မော်ကြွားကြွား ကြောင့်ကြမဲ့ အချိန်ဖြုန်းနေကြသည်။
သင်ကြားရကောင်းမှန်းမသိ၊ ယူရကောင်းမှန်းမသိ။
ဤအတိုင်းနေ ဤအတိုင်းသေကြ လျှင်ကား
မည်သို့ တရားရနိုင်ပါတော့အံ့နည်း။

ဝယဓမ္မာ သင်္ခါရာပုဒ် အဆိုအလာအရ ရုပ် နာမ် ခန္ဓာစသည့်
တရားတို့ကို သင်ကြားတတ်မြောက်လိမ္မာ၍ ကြိုးစား
ပွားများအားထုတ်က ၀ိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြစ်၍
(၃)နံပါတ် မဂ္ဂ သမ္မာဒိဋ္ဌိဉာဏ် အမြင်မှန်ကို ရနိုင်ပါသည်။
မဂ္ဂ သမ္မာဒိဋ္ဌိ အမြင်မှန်ဉာဏ်ဖြစ်လျှင်
(၄)နံပါတ် ဖလ သမ္မာဒိဋ္ဌိ တည်းဟူသော ဖိုလ်ဉာဏ်ကို
တစ်ချက်တည်းဝင်သွားပါသည်။ မဂ်ဇော မဂ်ဝီထိ ကျပြီးသည်၏ အခြားမဲ့
ဖိုလ်ဇော ဖိုလ်ဝီထိ ကျပါသည်။ မဂ်ဇောနောင် ဖိုလ်ဇော ဖြစ်ပါသည်။
မဂ်ပုဂ္ဂိုလ် အနေဖြင့် အချိန်အကြာကြီး တည်နေကောင်းသည်
မဟုတ်မူ၍ မဂ်ဇော တစ်ကြိမ်သာလျှင် အခိုက်အတန့်ကလေး
စောပြီး ဖိုလ် ပုဂ္ဂိုလ်ဖြစ်၍ အရိယာအစစ် ဖြစ် ပါတော့သည်။
မဂ်ဉာဏ် ဖိုလ်ဉာဏ် ရပြီးသည်နောက် ရရှိပြီးတရားစုကို
ဆင်ခြင်သုံး သပ်သော ဉာဏ်သည် “ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိဉာဏ်”ဖြစ်ပါသည်။
ထို့ကြောင့် မဂ္ဂသမ္မာဒိဋ္ဌိဉာဏ်၊ ဖလသမ္မာဒိဋ္ဌိဉာဏ် ၊
ပစ္စဝေက္ခ္စဏာ သမ္မာဒိဋ္ဌိဉာဏ် ဤ (၃)မျိုးသည် လုပ်ရန်မလိုသော
ဉာဏ်(၃)ပါးဖြစ်ပါသည်။
အမှန် တကယ် ကြိုးစားအားထုတ်ရန် လိုအပ်သောဉာဏ်သည်
ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ဖြစ်ပါ သည်။
ထိုဉာဏ်ကို ရအောင်ကြိုးစားအားထုတ်မှသာလျှင်
ဘုရားရှင်ကိုယ်တော်မြတ်၏ မှာတမ်းတော်စကားနှင့်
ကိုက်ညီ၍ ဘုရားရှင်အလိုတော်ကျ ဖြစ်ပါသည်။
ဤသို့မဟုတ်ဘဲ မှာတမ်းတော်စကားကို ဘေးချိတ်ပြီး
ကိုယ်ထင်ရာ ကိုယ်စခန်း သွားနေကြပါလျှင် ဘုရားရှင်၏
မဟာဂရုဏာတော်ကြီးကို မငဲ့ရာရောက်၏။
ဘုရားရှင်ကိုယ်တော်မြတ်ကို မချစ်ခင်ရာရောက်၏။
မလေးစားရာရောက်၏။ မမြတ်နိုး ရာရောက်၏။
မရိုသေရာရောက်၏။

ဘုရားရှင်ကိုယ်တော်မြတ်၏ ကျေးဇူးတော်တွေမှာ ဆပ်ပေး၍
မကုန်နိုင်ပါ။ ထိုကျေးဇူးတော်တွေကို တစ်ဖန်ဆပ်ပေးရာရောက်အောင်
ဘုရားရှင်ကိုယ်တော်မြတ်၏ စကားတော်ကို တစ်သွေမတိမ်း
လိုက်နာဆောင်ရွက်ကြရပါမည်။ လိုက်နာဆောင်ရွက်သည်
ဆိုရာမှာလည်း အရိုးကြေကြေ အရေခန်းခန်း လုပ်ဆောင်ရန်မလိုပါ၊ သက်တောင့်သက်သာချမ်းချမ်းသာသာနှင့် ရယူနိုင်ပါသည်။
ဤကား ရုပ်, ဤကား နာမ်, ဤကား ခန္ဓာ စသည်ဖြင့်
သင်ကြား တတ်မြောက် လိမ္မာသဖြင့် ကိုယ်ပိုင် အသိဉာဏ်
မှန်မှန်ကန်ကန် တိတိကျကျ ရလျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရနိုင်ပါသည်။

ဤမျှ သက်သောင့်သက်သာလေးနှင့် ချပြနေသော လမ်းစဉ်ကိုမှ
မလိုချင်သေးပါဘူး၊ မဟုတ်သေးပါဘူး ဆိုလျှင် မည်သည့်အခါမျှ
တရားရမည့်သူ မဟုတ်တော့ပါ။ ဆင်ခြေဆင်လက် အမျိုးမျိုး
ပေးပြီး ရှောင်ကွင်းနေသူသာဖြစ်ပါသည်။
တကယ်တရားရချင်သူ လိုချင်သူ မဟုတ် ။
ကိုယ့်ဘ၀ကိုလည်း မြတ်နိုးဟန် မရှိသူသာ ဖြစ်ပေသည်။
မိမိဘ၀ကို မိမိတန်ဖိုးထားသူ ချစ်မြတ်နိုးသူဖြစ်ပါက
သင်ကြားပြသပေးသည့် အတိုင်း နာယူမှတ်သားလျက်
အသိဉာဏ် ပြတ်သားသွားပါမူ လူဖြစ်ရကျိုးနပ်ပါသည်။
ဘ၀မှာ သေပျော်နေပျော်ပြီဟု ကိုယ်ပိုင်အသိက ဆုံးဖြတ်ပေးပါလိမ့်မည်။

ထို့ကြောင့် အမှုမဲ့ အမှတ်မဲ့နေပြီး အမှုမဲ့အမှတ်မဲ့နှင့်မသေကြပါနှင့်။
သေသည် ဆိုရာတွင်လည်း တွေတွေဝေေ၀ ကြောက်ကြောက်
လန့်လန့်နှင့် သေတာကတစ်မျိုး၊ မတွေမဝေ မကြောက် မလန့်နှင့်
သေတာက တစ်မျိုးဟု နှစ်မျိုး ရှိပါသည်။

တွေတွေဝေေ၀ အကြောက်ကြောက် အလန့်လန့် သေရသူတို့သည်
အပါယ်လေးပါးသို့ ရောက်တတ်၏။ မတွေမဝေ ကြည်ကြည်လင်လင်
သန့်သန့် ရှင်းရှင်း သေသူတို့သည် ကောင်းရာသုဂတိသို့
လားရောက်တတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ၌
အားကိုးအားထားပြုစရာ တရားရထားသောကြောင့် ဖြစ် ပါသည်။
အများသူငါ လူတကာတို့မှာလည်း မတွေမဝေ သန့်သန့်ရှင်းရှင်း
သေနိုင်ရန် တရားကောင်းတစ်ခု လက်ကိုင်ပြုနိုင်ရန် အရေးကြီးပါသည်။

ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ် တည်းဟူသော
ရုပ်, နာမ်, ခန္ဓာ အာယတန ဓါတ် စသည့်တရားတို့ကို
မိမိကိုယ်ပေါ်တင်ပြီးခွဲတတ်စိတ် ဝေဖန်တတ်ရန်အမှန်ပင်
လိုအပ်ပါသည်။
ထိုတရားတို့ကို တတ်တိ လိမ္မာအောင် သင်ကြားရမည့်
လမ်းစဉ်ဖြစ်ပါ သည်။ ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားသည့်
အဘိဓမ္မာ ဒေသနာအစစ်တွေဖြစ်ပါသည်။
အဘိဓမ္မယ(၇)ကျမ်းကို အဆီညှစ် အနှစ်ထုတ်လျှင်
ဝိပဿနာတရားစစ် အခြေခံ ရုပ်တရား, နာမ်တရား နှစ်ပါးသာရှိပါသည်။
ထိုဝိပဿနာ အခြေခံဉာဏ် အမြင်မှန်ရအောင် ကြိုးစားကြရမည် ဖြစ်ပါသည်။ (ကြိုးစားအားထုတ်နိုင်ကြပါစေ။)

 ပခုက္ကူ ၀ိပဿနာသင်တန်း အရည်ချင်းစစ်စာတန်းမှ-
ကောက်နှုတ်ပူဇော်မျှဝေပါသည်။ 

Sunday, July 6, 2014

ဝါဆိုသင်္ကန်းအဓိပ္ပါယ် နှင့် လှူဒါန်းရကျိုး မြတ်တန်ဘိုး

“ဝါဆိုသင်္ကန်းအဓိပ္ပါယ် နှင့် လှူဒါန်းရကျိုး မြတ်တန်ဘိုး”
•••••••••••••••••••••••••••••••••••••••••••••••••••••••••
ဝါဆိုသင်္ကန်းလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ယနေ့ခေတ်
မြန်မာတစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်များသည် တစ်ဦးချင်း ဖြစ်စေ၊ 
အသင်းအဖွဲ့အနေဖြင့်ဖြစ်စေ၊ သံဃာအများအားဖြစ်စေ၊
တစ်ပါးကိုဖြစ်စေ အမျိုးမျိုးအဆင်ပြေစွာ လှူဒါန်းနေကြပါသည်။

ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုခါနီးကပ်ပြီး လှူဒါန်းသည့်သင်္ကန်းဖြစ်စေ၊
ဝါတွင်းကာလမှာတွင်ဖြစ်စေ လှူဒါန်းသည့် သင်္ကန်းကို
“ဝါဆိုသင်္ကန်း”ဟုခေါ်ပါသည်။
ကာလ ဒါနသင်္ကန်းဆိုလျှင်လည်း မှန်ပါသည်။
ဝါဆိုပြီး ခေတ်ကာလတွင် လှူဒါန်းသောသင်္ကန်း၊
ကထိန်ခေတ်ကာလတွင် လှူဒါန်းသောသင်္ကန်းတို့ကို
သူခေတ်သူ့ကာလ အခါအားလျော်စွာ လှူဒါန်းသည့်
သင်္ကန်းဖြစ်၍ ကာလသင်္ကန်း ၊ကာလဒါနအလှူဟု ခေါ်နိုင်ပါသည်။
ဝါဆိုသင်္ကန်း လှူဒါန်းနိုင်သော ကာလများမှာ-
၁။ ဝါတွင်း(၃)လ၊
၂။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ
တန်ဆောင်မုန်းလပြည့်ထိ သင်္ကန်းကာလ (၁)လ၊
၃။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တပေါင်းလပြည့်အထိ ကထိန်အာနိသင်ကာလ (၅)လ၊
၎။ တပေါင်းလဆုတ်(၁)ရက်မှ ဝါဆိုလပြည့်အထိ နွေ (၄)လ၊
အထက်ပါကာလများကို ပြန်လည်ပေါင်းရုံးကြည့်လျှင်
တစ်နှစ်ပတ်လုံး မည်သည့်နေ့ရက်၌မဆို ဝါဆိုသင်္ကန်း
လှူဒါန်း နိုင်ကြောင်း တွေ့ရပေမည်။

သို့သော် လှူဒါန်းပုံနှင့် ရယူပိုင်ဆိုင်ခွင့်များအား ကွာခြားမှုရှိ၏။
•••••••••••••••••••••••••••••••••••••••••
■၁။ ဝါတွင်း(၃)လ၌ လှူဒါန်းလိုသော်...
အလှူရှင်သည် “ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအား လှူပါ၏”
ဟုနှုတ်မြွက်ရွတ်ဆို လှူဒါန်းရ၏။
ဤသို့ ဝါတွင်း၌ လှူဒါန်းလာသော သင်္ကန်းကို ဝါမကျိုးသော
ရဟန်းတို့အား ခံယူနိုင်ခွင့် ပိုင်ဆိုင်နိုင်ခွင့်ရှိ၏။
ဝါကျိုးပြတ်သော ရဟန်း မစ္ဆိမဝါ (ဒုတိယဝါ) ကပ်သော
ရဟန်းတော်များမခံယူရ၊ ပိုင်ဆိုင်ခွင့်မရှိ။

■၂။ သီတင်းကျွတ်လဆုတ် (၁)ရက်မှ
တန်ဆောင်မုန်းလပြည့်အထိ သင်္ကန်းကာလခေါ်သော
(၁)လအတွင်း၌ အလှူရှင်သည် အထက်ပါအတိုင်း
“ဝိဿံ ဝသန္တာနံ ဒမ္မိ = ဝါဆိုဆဲသံဃာအား လှူဒါန်းပါ၏”
ဟု နှုတ်မြွက်ရွတ်ဆို လှူဒါန်းလာသော်
ဝါဆိုဆဲ၊ဝါဆိုတုန်းဖြစ်သော ဒုတိယဝါကပ်သော
ရဟန်းတို့သာ ရယူနိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်ရှိ၏။
ပုရိမဝါ (ပထမဝါ)ကျွတ်ပြီးသော ရဟန်းဝါကျိုးပြတ်သော
ရဟန်းများနှင့်မဆိုင်၊ မရနိုင်ပေ။

■၃။ သီတင်းကျွတ်လဆုတ်(၁)ရက်မှ တပေါင်းလပြည့်အထိ
ကထိန်အာနိသင် ရရာကာလ (၅)လအတွင်း၌ လှူဒါန်းလိုသော
အလှူရှင်သည်“ဝိဿာဝါသိကံ ဒမ္မံ = ဝါလပတ်လုံးနေခြင်းရှိသော
(ဝါဆို) ခဲ့ပြီးသော သံဃာအား လှူပါ၏”ဟု နှုတ်မြွက်ရွတ်ဆိုလှူဒါန်းရ၏။
ဤ (၅)လအတွင်း၌ လှူဒါန်းလာသော ဝါဆိုသင်္ကန်းကို
(ကထိန်ခင်းသည် ဖြစ်စေ၊ မခင်းသည်ဖြစ်စေ)
ပထမဝါကျွတ်သူ၊ ဒုတိယဝါကျွတ်သူ ရဟန်းအားလုံး
ပိုင်ဆိုင်ခွင့်၊ ခံယူခွင့်ရှိကြ၏။
ဝါကျွတ်မှ ရောက်လာသော ရဟန်းသစ်တို့အား
သံဃာဟောင်းတို့ သဘောတူလျှင် ဝေစုရနိုင်၏။

■၄။ တပေါင်းလဆုတ်(၁)ရက်မှ ဝါဆိုလပြည့်နေ့အထိ
နွေ(၄)လ၌ လှူဒါန်းရာဝယ် “ဝိဿာဝါသိကံ”ဟူ၍ပင် လှူဒါန်းရ၏။
သို့ရာတွင် လှူဒါန်းသူသည်-
(က) ကပ်ခဲ့ပြီးသော အတိတ် (ဝါ ဆိုသံဃာ) ကိုလည်း
ရည်မှန်း၍ လှူဒါန်းနိုင်၏။
(ခ) မကပ်ရသေးသည့် အနာဂတ် (ဝါ ဆိုသံဃာ)ကိုလည်း
ရည်မှန်း လှူဒါန်းနိုင်၏။

ဤသို့ လှူဒါန်းလာသော် အလှူခံ ရဟန်းတော်တို့က
“ဒကာတို့ ယခု လှူဒါန်းသော ဝါဆိုသင်္ကန်းသည် အတိတ်ဝါကို
ရည်မှန်း သလော၊ အနာဂတ်ဝါကို ရည်မှန်းသလော”ဟု
မေးမြန်းစိစစ်ကြည့်ရ၏။ အလှူရှင်များက-
(က) “ပြီးခဲ့သော အတိတ်ဝါဆိုသံဃာအား ရည်မှန်းပါ၏ ”ဟု
လျှောက်ထားသော်
ထိုဝါဆိုသင်္ကန်းကို ဤကျောင်း တိုက်၌ ဝါဆိုခဲ့ပြီးသော
ရဟန်းတော်များသာ သက်ဆိုင်အလှူခံနိုင်၏။
(ဝါဆိုပြီး ဤကျောင်းတိုက်မှ ပြောင်းရွှေ့သွားသော
ရဟန်းတော်များကိုလည်း ဝေစုပေးလိုက်ရ၏။
ဝါကျွတ်ပြီးမှ အသစ်ရောက်လာသော သံဃာကား
ကျောင်းတိုက်သံဃာက သဘောတူမှ ရနိုင်၏။)

(ခ) “လာမည့်အနာဂတ် ဝါကပ်သံဃာအား ရည်မှန်းလှူဒါန်းပါသည်”ဟု
ဆိုလာသော် ၎င်းသင်္ကန်းများကို မဝေခြမ်းသေးဘဲ သိမ်းထားပြီး
လာမည့် ဝါဆိုနေ့ကျမှ ခွဲခြမ်း ဝေဖန်ရ၏။
သံဃာအဟောင်း၊အသစ် အားလုံးဆိုင်သည်။
(ယခု ရေးသားဖော်ပြသည်ကား သံဃိကလှူဒါန်းလာသော
ဝါဆိုသင်္ကန်းအတွက်လှူဒါန်းဝေဖန်ပုံများ ဖြစ်၏။)

“ဝါဆိုသင်္ကန်းလှူဒါန်းရကျိုး။”
••••••••••••••••••••••••••••••
အပါယ်လွတ်သော ကုသိုလ်(၇)မျိုး
၁။ သရဏဂုံကုသိုလ်။
၂။ ငါးပါးသီလကုသိုလ်။
၃။ စာရေးတံဆွမ်း။
၎။ လဆန်းပက္ခ၊ လဆုတ်ပက္ခ၊၌ လှူဒါန်းသောဆွမ်း။
(တစ်လကို နှစ်ပိုင်း ပိုင်းလိုက်ပါ။ ရှေ့ဆယ်ငါးရက်သည်
လဆန်း ပက္ခဖြစ်၍ နောက်၁၆ရက်မှ လကုန်ထိသည်
လဆုတ်ပက္ခဖြစ်သည်။)
၅။ ဝါဆိုသင်္ကန်း
၆။ ရေတွင်းရေကန်အလှူ။
၇။ ကျောင်းအလှူတို့ဖြစ်၏။ ထိုကုသိုလ် ၇မျိုးထဲမှ တစ်မျိုးမျိုးကိုဖြစ်စေ၊
နှစ်မျိုးဖြစ်စေ၊ ခုနစ်မျိုးလုံးဖြစ်စေ အမြဲ(ဝတ်) ထားပြီးလှူဒါန်းမယ်ဆိုရင်
ဂတိမြဲတဲ့ကုသိုလ်ဖြစ်ပါတယ်။

(သောတာပန္တွ သဒိသာနေဝ) ဆိုတဲ့ ပုဒ်ကိုထောက်ဆပြီး
သောတာပန်များ လားရာဂတိမြဲသလို၊ ထိုကုသိုလ်များကို အမြဲတန်း
ဝတ်ထားပြီး ပြုလုပ် အားထုတ်မည်ဆိုပါလျှင် သောတာပန်များ
လားရာဂတိမြဲသကဲ့ ထိုကုသိုလ်ကို အားထုတ်သူများလည်း
လားရာဂတိမြဲပါတယ်။

သောတာပန်များ မကောင်းတဲ့အပါယ်လေးပါး ဂတိကို
မရောက်စေနိုင်ဘဲ ကောင်းရာ လူဘုံ နတ်ဘုံ သုဂတိဘုံမြဲသကဲ့သို့
ထိုကုသိုလ်ရှင်များလည်း ကောင်းရာ လူဘုံ နတ်ဘုံ သုဂတိဘုံမြဲပါတယ်။
ဆိုတော့ ဝါဆိုသင်္ကန်းကို အမြဲတန်း (ဝတ်)- နှစ်စဉ်နှစ်တိုင်း
လှူဒါန်းမည်ဆိုပါက သောတာပန်ပုဂ္ဂိုလ်များ ကောင်းရာ
သုဂတိမြဲသလို ဝါဆိုသင်္ကန်းလှူဒါန်းသူများလည်း ကောင်းရာသုဂတိမြဲတဲ့အကျိုးကိုရရှိစေပါတယ်။
အပါယ်ဘုံသို့မကျရောက်ဘဲ ကောင်းရာသုဂတိဘုံကို ရောက်စေခြင်းဆိုတဲ့
အကျိုးတရားပင်ဖြစ်ပါတယ်။ နောက်ထပ်အကျိုးများစွာကို အောက်တွင်လေ့လာပါ။

“အရဟတ္တဓဇ” ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော
ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .
“ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ”
“ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော” ဟူသော
ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော
“အဆင်းလှခြင်း”ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။
ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -
“ရွှေသို့အဆင်း၊ မြူကြေးကင်၍
ရောင်ဝင်းထိန်ပ၊ နူးညံ့ရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။”
ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။
ထိုမှတပါး “ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု”
-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရား
လေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်
မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ” ဟု
ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော
နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသေရပေမည်။

ဆရာတော်အရှင်ဇနကာဘိဝံသ မိန့်ဆိုချက်။ ။
••••••••••••••••••••••••••••••••••••••••••••••••••••
ဝဿာဝါသိကံ။ ။
ဝဿံ-ဝါလပတ်လုံး+အာဝါသော ယဿာတိ ဝဿာဝါသော-
ဝါလပတ်လုံး နေခြင်းရှိသော ရဟန်း၊
ဝဿာဝါသဿ+ဒိန္နံ ဝဿာဝါသိကံ-
ဝါလပတ်လုံး နေခြင်းရှိသော ရဟန်းအား လှူအပ်သော သင်္ကန်း၊
(ယခုကာလ၌ ဝါဆိုခါနီး လှူလေ့ရှိကြ၏။
ထိုသင်္ကန်းကို “ဝိဿဝါသိက” ဟုလည်း အချို့က ခေါ်ကြ၏၊
အမှန်ကား “ဝါတွင်း၌ နေသော ရဟန်းအား ဝါကျွတ်မှ ဖြစ်စေ၊
ဝါကျွတ်သောအခါ သုံးစွဲရန် ဝါတွင်း၌ ဖြစ်စေ
လှူအပ်သော သင်္ကန်းကိုသာ ဝဿာဝါသိကသင်္ကန်း”ဟုခေါ်သည်။

ယဿဘိက္ခဝေ စီဝရံ၊ ပရိဘုဉ္ဇမာနော
ဘိက္ခု မေတ္တံ ကရုဏံ ဘာဝေတိ မုဒိတံ ဘာဝေတိ ဥပေက္ခံ ဘာဝေတိ၊
အပ္ပမာဏော တဿ ပုညာဘိသန္တော။
(စတုက္ကနိပါတ် အင်္ဂုတ္တိုပါဠိတော်)

●ဘိက္ခဝေ - ရဟန်းတော်များ အိုချစ်သားတို့။
●ယဿ - အကြင်သင်္ကန်းလှူသော ဒါယကာ၏။
●စီဝရံ - သင်္ကန်းကို။
●ပရိဘုဉ္ဇမာနော - သုံးဆောင်သော။
●ဘိက္ခု - ရဟန်းသည်။
●မေတ္တံ - မေတ္တာကို။
●ဘာဝေတိ - ပွားစေ၏။
●ကရုဏံ - ကရုဏာကို
●ဘာဝေတိ - ပွားစေ၏။
●မုဒိတံ - မုဒိတာကို။
●ဘာဝေတိ - ပွားစေ၏။
●ဥပေက္ခံ - ဥပေက္ခာကို။
●ဘာဝေတိ - ပွားစေ၏။
●တဿ - ထိုသင်္ကန်းလှူသောသူအား။
●ပုညာဘိသန္တော - ကုသိုလ်အယာဉ်သည်။
●အပ္ပမာဏော - အတိုင်းမသိသည်။
●ဟောတိ - ဖြစ်၏။

ဣတ္ထိနံ စီဝရဒါနံ မဟလ္လတာပသာဒေန မတ္တကံ ပပ္ပေါတိ။
ပုရိသာနံ ဣဒ္ဓိမယပတ္တစီဝရေန။ (ဓမ္မပဒအဋ္ဌကထာပါဠိ)

ဟိသစ္စံ - မှန်၏။
ဣတ္ထိနံ - မိန်းမတို့၏။
စီဝရဒါနံ - သင်္ကန်းအလှူသည်။
မဟလ္လတာပသာဒေန - မဟလ္လတာတန်ဆာကို ဆင်မြန်းရသဖြင့်။
မတ္တကံ - အပြီးသို့။
ပပ္ပေါတိ - ရောက်၏။
ပုရိသာနံ - ယောက်ျားတို့၏။
စီဝရဒါနံ - သင်္ကန်းအလှူသည်။
ဣဒ္ဓိမယပတ္တစီဝရေန - တန်ခိုးဖြင့်ပြီးသော
သပိတ် သင်္ကန်းကို ဆောင်ရသဖြင့်။
မတ္တကံ - အပြီးသို့။
ပပ္ပေါတိ - ရောက်၏။

“အဝတ်သင်္ကန်းလှူရသောအကျိုးပြ တေးထပ်”
••••••••••••••••••••••••••••••••••••••••••••••••••••••
ဖြစ်လေရာ ဘုံဘဝ၊ ကြုံရတဲ့ခန္ဓာ။
သိင်္ဂီနက်ဆင်းရွှေဝါ ဝင်းပေလာ အသွေး။
မြူမငြိ ဖြူအိလွင်တယ် ။
လှူသည့်ရှင် ကောင်းမှုအရေး။ ။
စီဝရမြတ်ဒါနာ မှတ်ကြပါလေသေး၊
ရွှေတောင်မှာ နေရောင်ပေးသလို၊ ပြောင်အသွေး ကိုယ်ရေ၊
ဖဲကတ္တီနု အပါးသို့ သူ့အသား နူးညံ့ခဲ့ပေ ။ ။
အထည်ပေါင်း သိန်းကုဋေ ကိန်းအခြေ မရေတွက်နိုင်ဘု၊
ချွေ့လျက် မိုးပြန့်ခေါင်မှာ ဖြိုးလျှံ့ရောင်ဝါ ပိုးဖဲနှင့်ကတ္တီပါ
လိုရာရာ ရကြောင်းပလေး။ ။

ဒသိမေ ဘိက္ခဝေ စီဝရဒါနေန အာနိသံသာ၊ ကတာမာနိ ဒသ၊
သုဝဏ္ဏဝဏ္ဏော .ဝိရဇော. သဗ္ဗပဘာဝေါ. ဝိတပဝါသိနိဒ္ဓဂတ္တော၊
ဒုဿဟဿ ပဋိလာဘော၊ သေတပိတလောဟိတ
ဝတ္ထဒါယကော၊ ခေါမ ကောသေယျ ကပ္ပါသိက ပဋိလာဘော၊
ကပ္ပရုက္ခ ပဋိလာဘော၊
ပစ္ဆိမဘဝေ ဧဟိဘိက္ခု သပသမ္ပဒ ပဋိလာဘော။
(ဓမ္မပဒ အဋ္ဌကထာ)

ဒီစာပိုဒ်လေး ဝါဆိုသင်္ကန်း လှူရကျိုး ဆယ်မျိုးကို ပြဆိုပါတယ်။
••••••••••••••••••••••••••••••••••••••••••••••••••••••••
၁။ရွှေအဆင်းနှင့်တူသော အဆင်းကိုရရှိခြင်း။
၂။ မြူကြေးမတင် စင်ကြယ်သောကိုယ်ရှိခြင်း။
၃။ ခပ်သိမ်းသော အရပ်တို့ကို ထွန်းလင်းတောက်ပသော ကိုယ်ရှိခြင်း။
၎။ ပူပန်ခြင်းကင်းသော ကိုယ်ရှိခြင်း။
၅။ နူးညံ့သိမ်မွေ့သော ကိုယ်ရှိခြင်း။
၆။ အလိုရှိသောအခါ တစ်ထောင်သော အဝတ်ပုဆိုးတို့ကို ရရှိခြင်း။
၇။ အဖြူ၊ အရွှေ၊ အနီစသော အဆင်းရှိသော ပုဆိုးတို့ကို ရရှိခြင်း။
၈။ခေါမတိုင်း ကောတုံပရာဇ်တိုင်းတို့တွင် ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း။
၉။ ပဒေသာပင်တွင်ဖြစ်သော ပုဆိုးတို့ကို ရရှိခြင်း။
၁၀။အဆုံးဘဝတွင် ဧဟိဘိက္ခူ ရဟန္တာအဖြစ်ကို ရရှိခြင်း
စတဲ့ ဆယ်ပါးသော အကျိုးထူး တရားများကို
သင်္ကန်းလှူသော အလှူရှင်တို့မှာ ရရှိခံစားရမှာဖြစ်ပါတယ်ဆိုတဲ့
အကြောင်း အသိပေးရေးသားလိုက်ရပါသည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

မေတ္တာဖြင့်。。。。
-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】