Pages

Tuesday, October 13, 2015

စိတ်အလှကို ပြင်ဖို့ဆိုတာ။



စိတ်အလှကို ပြင်ဖို့ဆိုတာ။
============
စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ?၊ ဘယ်အရာတွေ 
ကိုယ့်စိတ်ထဲ ရှိနေရင် မဖြူစင်တာလဲ?၊ ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ?၊ ဆိုတာလည်း သိဖို့
လိုပါတယ်။ ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အ၀တ် ညစ်ပေနေလို့ရှိရင် သိကြပါတယ်၊ ဒါက အ၀တ်ကို ညစ်
ပေစေတတ်တယ်။ ဖုန်တွေ, အရောင်မကောင်းတဲ့ အညစ်အကြေးတွေ ဆိုတာမျိုးပါ။ အဲဒါတွေကို 
စင်ကြယ်အောင် စင်ကြယ်စေတတ်တဲ့ ဆပ်ပြာတို့ ရေတို့နဲ့ရောပြီးတော့ လျှော်ကြ၊ စင်ကြယ်
အောင်လုပ်ကြ၊ ဖြူစင်အောင် ကြိုးစားကြပါတယ်။ 
သို့သော် ကိုယ့်စိတ်လေး ညစ်ထေးနေတာ ကျတော့ စင်ကြယ်အောင်လုပ်ဖို့ အများက 
သတိမရကြပါ။ လွှတ်ထားကြပါတယ်။ လူ့သဘာဝလို့လည်း တွက်ကြပါတယ်။ “ လူဆိုတာ လှတာ
မြင်ရင် သဘောကျမယ်၊ မလှတာမြင်ရင် စိတ်ထဲမှာ မခံချိ မခံသာဖြစ်မယ်၊ ဒါ လူ့သဘာဝပဲ ” 
ဆိုပြီးတော့ လွှတ်ထားကြပါတယ်၊ စိတ်ရဲ့အညစ်အကြေးမှန်း မသိကြပါ၊ အညစ်အကြေးလို့ အသိအ
မှတ်မပြုကြပါ။ အဲဒီလို မသိသေးသမျှ ကာလပတ်လုံး စိတ်ဖြူစင်အောင် စိတ်အလှပြင်ဖို့ဆိုတာကို 
ဘယ်သူမှ လုပ်မှာ မဟုတ်ပါ။ 
ဒါကြောင့်မို့ မြတ်စွာဘုရား သာသနာတော်နဲ့ တွေ့ကြုံလာတဲ့ အခိုက်ကလေးမှာ စိတ်ရဲ့
အညစ်အကြေးဆိုတာ ဘာတွေလဲ ?၊ စိတ်မဖြူစင်ဘူးဆိုတာ ဘာလဲ ?၊ စိတ်ကိုမဖြူစင်စေတဲ့ စိတ်ရဲ့
အညစ်အကြေးတွေကို ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲ ဆိုတာတွေ သိရှိနားလည်ဖို့ လိုပါတယ်။ 
တရားပွဲကြီးတွေ ကျင်းပတာဟာ ဒါတွေသိအောင် လုပ်နေကြတာပါ။ တကယ်ကတော့ 
ကိုယ့်ဘ၀မှာ မကောင်းတဲ့အရာတွေကို ဖယ်ရှားလို့ ကောင်းတဲ့အရာတွေကို လက်ခံကြိုးစားဖို့၊
ကောင်းအောင် ပြင်တတ်ဖို့အတွက် ပညာယူနေတဲ့ သဘော ဖြစ်ပါတယ်။
တရားနာတယ်ဆိုကတည်းက ရည်ရွယ်ချက်က ဘာထားရမလဲဆိုရင် “ မြတ်စွာဘုရားဟော
တဲ့တရားကို ဓမ္မကထိက ဆရာတော်တွေဆီက တို့တစ်တွေနာယူကြမယ်၊ နာပြီးရင်သင်ခန်းစာယူသင့်
တဲ့ဟာ ယူကြမယ်၊ ရှောင်သင့်တာ ရှောင်ကြဉ်ကြမယ်၊ ဆောင်သင့်တာကို ဆောင်မယ်၊ ဒီတရားတွေ
အတိုင်း လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားအားထုတ်ကြမယ် ” ဆိုတဲ့ ဒီလို နှလုံးသွင်း ရှိရပါမယ်။ 
တရားပေါ်မှာ စိတ်ဝင်စားမှု ဆိုသည်မှာ နားလည်ဖို့ အတွက် စိတ်ဝင်စားတာ ဖြစ်ရပါမယ်။ 
ကိုယ့်ဘ၀နဲ့ ပတ်သက်ပြီး ဘ၀ကို ရှင်းရှင်းလင်းလင်း မြင်ဖို့ရာအတွက် မြတ်စွာဘုရားဟောတဲ့ တရား
အဆုံးအမတွေ နာယူကြရမှာ ဖြစ်ပါတယ်။ အဲဒီလို နာယူပြီး တရားဓမ္မကို လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်
ကျမှ အကျိုးသက်ရောက်မှုဆိုတာ ဖြစ်လာနိုင်ပါလိမ့်မယ်။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် အကျိုးသက်
ရောက်မှုဆိုတာ မဖြစ်နိုင်ပါ။
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း မိမိကိုယ်ကိုမိမိ အလေးထား၍၊ မိမိ
ရဲ့ပတ်ဝန်းကျင် လောကကြီးကို အလေးထား၍၊ မြတ်စွာဘုရား ဟောကြားတဲ့ အမှန်တရားတွေကို 
အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ကြတယ်။ 
ကောင်းအောင်ပြင်တယ်ဆိုတာ မကောင်းတဲ့စရိုက်တွေ ကောင်းလာအောင်၊ အကုသိုလ်တွေ ဖယ်နိုင်
အောင် ကြိုးစားတယ်၊ ကုသိုလ်တွေကို တိုးပွားလာအောင် ကြိုးစားတယ်၊ အကုသိုလ်မှန်သမျှရှောင်လို့၊ 
ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံစေအောင်၊ စိတ်ဖြူစင်အောင် ထားနိုင်အောင် ကြိုးစားအားထုတ်
ကြတယ်။ အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်၊ ဒီလိုလုပ်မှ သာလျှင်
“ လူ့ဘ၀တစ်ခု ရလာရကျိုး၊ ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊ တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ ”
လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်း။ ။
{သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊ 
(၂၅-၁-၂၀၁၂) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ 
ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်
အခမ်းအနား၌ အရှင်နန္ဒမာလာဘိဝံသ( Ph,D) ဟောကြားသော " အလေးထား၍ စဉ်းစားဆင်ခြင် 
ကောင်းအောင်ပြင် "တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

No comments:

Post a Comment