Pages

Thursday, July 16, 2015

အတ္တကိလမထာနုယောဂအကျင့်။



အတ္တကိလမထာနုယောဂအကျင့်။
============
အတ္တကိလမထာနုယောဂအကျင့်ဆိုတာ မိမိကိုယ်ကို ပင်ပန်းအောင်ပြုလုပ်တဲ့အကျင့်ပါ။
ဘာကြောင့် ဒီအကျင့်ကို ကျင့်ကြသလဲဆိုတော့ မိမိကိုယ်ကို သင့်လျော်တဲ့ ကာမဂုဏ်တွေဖြင့်
ကျွေးမွေးပြုစု ထားရင် တပ်မက်လိုချင်တဲ့ ကိလေသာတွေ ဖြစ်ပွားတယ်။ အ၀တ်အစား အစရှိ
သော ကာမဂုဏ်တွေကို မပေးဘဲ ပင်ပန်းဆင်းရဲအောင်ကျင့်မှ တပ်မက်လိုချင်တဲ့ ကိလေသာတွေ
ကင်းငြိမ်းမယ်။ အဲဒီ ကိလေသာတွေ ငြိမ်းမှ အိုခြင်း၊ နာခြင်း၊ သေခြင်း အစရှိသော ဆင်းရဲခပ်
သိမ်း ငြိမ်းမယ် စသည်ဖြင့် ဒီလိုလည်း တွေးခေါ်ယူဆပြီးတော့ ကိုယ်ပင်ပန်းအောင်လုပ်တဲ့ အကျင့်
ကို ကျင့်ကြတာ ဖြစ်ပါတယ်။ 
ကျင့်ကြပုံကတော့.. ပူတဲ့အခါ မပူရအောင်၊ အေးတဲ့အခါလည်း မအေးရအောင် ခြင်၊ မှက်၊
ပရွက်ဆိပ် စသည်တို့ မကိုက်ရအောင်၊ ကိုယ်အင်္ဂါလုံခြုံအောင် အ၀တ်သင်္ကန်းကို လူ၊ ရှင်ရဟန်း
ကောင်းတွေလည်း ၀တ်ရုံကြရတာပါ။ သို့ပေမယ့် ကိုယ်ပင်ပန်းအောင် ကျင့်တဲ့သူကတော့ အဲဒီလို
အ၀တ်ကိုမ၀တ်ဘဲ၊ မသုံးဘဲ ကိုယ်တုံးလုံးနဲ့ အပင်ပနးခံကြတယ်။ 
အေးတဲ့အခါ ရေအေးထဲမှာငုပ်ပြီး စိမ်နေတယ်၊ ပူတဲ့အခါ နေပူထဲမှာ နေတယ်။ အရပ်လေး
မျက်နှာက မီးပုံကြီးလေးခုနှင့် အပူငါးမျိုးကို ခံစားတယ်။ အဲဒါကို ပဉ္စာတပအပူငါးမျိုးအကျင့် ခေါ်
တယ်။ အိပ်ရာနေရာကောင်းနဲ့ မနေဘဲ မြေပြင်ပေါ်မှာပဲ နေကြတယ်။ တချို့က ဆူးတွေပေါ်မှာ 
တောင် အခင်းတမျိုးမျိုးခင်းပြီး လျောင်းအိပ်တယ်။ ရက်ပေါင်းများစွာ ဆောင့်ကြောင့်ထိုင်ပြီး အ
ဆင်းရဲခံ နေတာလည်း ရှိကြတယ်။ မတ်တတ်ရပ်ပြီး အဆင်းရဲခံနေတာလည်း ရှိကြတယ်။ သစ်
ကိုင်းမှာ ခြေနှစ်ဖက်ဖြင့်ချိတ်ပြီး ဇောက်ထိုး ဆွဲနေတာလည်းရှိကြတယ်။ 
ဆာလောင်မွတ်သိပ်ခြင်း ငြိမ်းအောင် သင့်တော်တဲ့ အစာတို့ ရေတို့ ဆိုတာကို လူ၊ ရှင်ရ
ဟန်းကောင်းတွေလည်း သုံးဆောင်ကြရတာပါ။ သို့ပေမဲ့ ကိုယ်ပင်ပန်းအောင် ကျင့်တဲ့သူကတော့
အစာတို့ ရေတို့ကို လုံးဝဖြတ်ပြီး နေတာလည်း ရှိကြတယ်။ တစ်ရက်ခြား၊ နှစ်ရက်ခြား၊ သုံးရက်
ခြား အစာဖြတ်ပြီး နေတာလည်းရှိကြတယ်။ လေးရက်ခြား၊ ငါးရက်ခြား၊ ခြောက်ရက်ခြား၊ ခုနှစ်
ရက်ခြား အစာဖြတ်ပြီး နေတာတွေလည်း ရှိကြတယ်။ ဟင်းရွက်စိမ်းတို့ မြက်တို့ကို စားနေတာ
လည်း ရှိကြတယ်။ ( ၉၁-ကပ္ပါထက်က ဘုရားအလောင်းတော် ကိုယ်တိုင်ပင် ဒီလိုအကျင့်တွေကို
ကျင့်ခဲ့ကြောင်း၊ သေခါနီးကျတော့ ငရဲဂတိ နိမိတ်ထင်တဲ့ အခါကျမှ မှားမှန်းသိပြီး အဲဒီအကျင့်ကို
စွန့်လိုက်သဖြင့် နတ်ပြည်သို့ရောက်ကြောင်းများကို ဧကနိပါတ်လောမဟံဇတ် ( အမှတ် ၉၄ ) အ
ဌကထာမှာပြထားတယ်၊ နောက်ပြီးတော့ မူလပဏ္ဏာသ မဟာသီဟနာဒသုတ် (စာမျက်နှာ ၁၁၀ )
စသည် မှာလည်း ပြဆိုထားပါတယ်။ )
ဒီလို ကိုယ်ပင်ပန်းအောင်ပြုတဲ့ အကျင့်မျိုးတွေကို အတ္တကိလမထာနုယောဂအကျင့် ခေါ်
တယ်။ ဒီ ကိုယ်ပင်ပန်းအောင် ပြုလုပ်တဲ့ အကျင့်မျိုးတွေကို ဘုရားမပွင့်မီ ကတည်းက နိဂဏ္ဌနာဋ
ပုတ္တဂိုဏ်းဝင် ပုဂ္ဂိုလ်တွေက ကျင့်ကြတယ်၊ ယခုခေတ် ဂျိန်းဘာသာဝင်တွေ ဆိုတာဟာ အဲဒီ 
နိဂဏ္ဌနာဋပုတ္တဂိုဏ်းဝင်တွေပဲ။ ဒီ အတ္တကိလမထအကျင့်ကို ဟိုခေတ်တုန်းက အကျင့်ကောင်း
အနေနဲ့ အများက ယုံကြည်ယူဆကြပါတယ်။ ဒါကြောင့် ဘုရားအလောင်းတော်ဟာ အဲဒီ ဒုက္ကရစ
ရိယာအကျင့်ကို ကျင့်နေရာမှ အစာအဟာရကြမ်းများကို ပြန်သုံးဆောင်တဲ့အခါ အလွန်ရင်းနှီးတဲ့
ပဉ္စ၀ဂ္ဂီတွေကတောင် ဘုရားအလောင်းတော်ကို “ ပဓာန၀ိဗ္ဂန္န-ပဓာန အကျင့်မှန်မှ ထွက်တယ်၊
တရားထူးကို မရနိုင်တော့ဘူး ” လို့ အထင်လွှဲပြီး စွန့်ပစ်သွားကြသေးတာပဲ။ 
ဘုရားလောင်း ဒုက္ကစရိယ အကျင့်ကို ကျင့်တာကတော့ အကုသိုလ် ကံဟောင်းတွေ ကုန်
စေရန်အတွက် ကျင့်တာမဟုတ်ပါဘူး၊ အဲဒီ အကျင့်ဖြင့် ဉာဏ်ထူးတရားထူးကို ရလိမ့်မယ်ထင်ပြီး
ကျင့်ခဲ့တာပါ။ “ ဒီအကျင့်ဟာ တရားထူးသိဖို့ လမ်းမဟုတ်ဘူး။ တရားထူးသိဖို့ လမ်းက အခြားအ 
ကျင့်လမ်း ဖြစ်လေသလော ” စသည်ဖြင့် ဆင်ခြင်ဆုံးဖြတ်ပြီး အဲဒီ ဒုက္ကရစရိယာ အကျင့်လမ်းကို
လည်း စွန့်ပယ်လိုက်တယ်။
မဇ္ဈိမပဋိပဒါခေါ်တဲ့ အလယ်လမ်းအကျင့်ဖြင့် ကျင့်ကြံအားထုတ်မှ ဘုရားအဖြစ်သို့ ရောက်
တော်မူပါတယ်။ ဒါကြောင့် တရားသဘောကို နားလည်ကြပြီး တဆင့်ထက်တဆင့် မြင့်သထက်
မြင့်ကာ လူချမ်းသာ၊ နတ်ချမ်းသာ၊ ချမ်းသာပေါင်းစုံ ခံစား စံစားပြီး နိဗ္ဗာန်ထိအောင် ရရှိ၊ ရောက်
ရှိနိုင်ကြပါစေ ကုန်သတည်း။
{ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး ဟောကြားတော်မူသော “ ဓမ္မစကြာ ” 
တရားတော်မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။ }

No comments:

Post a Comment