Pages

Saturday, April 25, 2015

တရားမှတ်ဆဲယောဂီမှာ ဝေဒနာချုပ်တယ်ဆိုတာ ဟုတ်မှန်ပါသလား? ဝေဒနာ ခွါနည်းနဲ့ ဝေဒနာချုပ်အောင် လုပ်နည်း?



 ဒကာ။ ။ ခုကာလ ၀ိပဿနာတရား ပွားများရှုမှတ်နေတဲ့ ယောဂီတွေက ဝေဒနာချုပ်အောင်လိုက်တယ်၊ ကျွတ်အောင်လိုက်တယ်၊ ဝေဒနာချုပ်မှ တရားအမှတ်ဖြုတ်တယ်တဲ့၊ သူတို့ရဲ့ ၀ိပဿနာ ဓမ္မဆရာများကလည်း ဝေဒနာချုပ်အောင် လိုက်ရမယ်လို့ စေခိုင်းတတ်ကြပါတယ်တဲ့၊ အဲဒါတွေဟာ မှန်ပါရဲ့လား ဆရာတော်၊ စိတ်ရှိသူမှာ ဝေဒနာချုပ်နိုင်ပါသလား။


ဆရာ။ ။ အင်း….ဒါက ပရမတ် တရား နည်းနည်းပါးပါး လိုက်စား လေ့လာထားတဲ့ သူများမှ အမှန်သိနိုင်မှာဖြစ်တယ်၊ ဒီစကားမျိုးကို ရုပ် နာမ် ပရမတ် ဘာမှမသိ နားမလည်တဲ့ ဆရာတပည့်တို့ရဲ့ ကမ္မဋ္ဌာန်းရိပ်သာဘက်က ပေါ်ထွက်လာတဲ့ သာသနာဖျက် အမှားစကားတွေလို့သာ မှတ်ပေတော့။
ဒကာ။ ။ ဆက်လက်မိန့်ကြားကာ အမှန်တရားများကို လင်းပြပေးပါဦး ဆရာတော်၊ ဒကာကြီးတို့ နားရှင်းသွားအောင်။
ဆရာ။ ။ ဝေဒနာဆိုတာ ပရမတ္ထအားဖြင့် ထင်ရှားရှိတဲ့ အာရုံကို ခံစားခြင်းသဘော စေတသိက်ဓမ္မ ဖြစ်တယ်၊ သူက စိတ်ဖြစ်တိုင်း ဖြစ်တိုင်း စိတ်နဲ့အတူတူ ဖြစ်လေ့ရှိတယ်၊ စိတ်ဖြစ်ရင် ဝေဒနာက ပါမှာချည်းပဲ၊ စိတ်မဖြစ်ဘဲ မှတ်စိတ်တွေ ချုပ်ကုန်မှ ဝေဒနာချုပ်မှာ၊ စိတ်ဆိုတာကလည်း ပုထုဇဉ်က ရဟန္တာအထိ အမြဲတစေ ဖြစ်နေရှိနေတဲ့ ပရမတ္ထဓမ္မမျိုးပဲဟာ၊ ဝေဒနာချုပ်အောင် ဘယ်လိုလုပ်ပြီး ဘယ်စိတ်နဲ့ ရှုမှတ်ပွားမှာလဲ၊ ပုထုဇဉ်မှန်သမျှ ဝေဒနာဖြစ်နေမှာချည်းပဲ။
ဒကာ။ ။ ဒီလိုဆိုရင် ဝေဒနာချုပ်တဲ့ ၀ိပဿနာရှုမှတ်နည်း မရှိဘူးပေါ့၊ မိန့်ကြားပါဦး ဆရာတော်။
ဆရာ။ ။ ဝေဒနာချုပ်တဲ့ ၀ိပဿနာ ရှုမှတ်နည်းတော့ ပုထုဇဉ်အတွက် ဗုဒ္ဓမြတ်စွာရဲ့ ပိဋကတ်တော်မှာ မရှိဘူး၊ ရှုမှတ်စိတ်ရှိနေသမျှ ခံစားမှုဝေဒနာက ရှိနေမှာချည်းပဲ၊ ဝေဒနာရဲ့ သဘောလက္ခဏာက…..
၁။ ဧကုပ္ပါဒ = စိတ်နဲ့အတူ တပြိုင်နက် ဖြစ်တယ်။
၂။ ဧကနိရောဓ = စိတ်နဲ့အတူ တပြိုင်နက် ချုပ်တယ်။
၃။ ဧကာရမ္မဏ = စိတ်နဲ့တူသော အာရုံရှိတယ်။
၎။ ဧက၀တ္ထုက = စိတ်နဲ့တူသော မှီရာရှိတယ်။
အဲဒါကြောင့် ရှုမှတ်စိတ် ရှိနေသမျှ ဝေဒနာကတော့ ရှိနေမှာချည်းပဲ၊ ကြံကြံဖန်ဖန် မဂ် ဖိုလ် နိဗ္ဗာန်ရအောင် ၀ိပဿနာတရားပွားများ ရှုမှတ်နေတဲ့ ပုထုဇဉ်ယောဂီ ပုဂ္ဂိုလ်က မဂ် ဖိုလ် မရခင် ဝေဒနာချုပ်အောင် လိုက်မှတ်နေတယ်လို့၊ ပိဋကတ်စာပေ မသင်ကြားဖူးပဲ ကမ္မဋ္ဌာန်း လုပ်စားနေတဲ့ ဆရာတပည့် ယောဂီတို့ရဲ့ အလုပ်မှား အကျင့်မှား အပြောမှားတွေလို့ မှတ်ရမည်။
ဝိပဿနာလုပ်ငန်းက မနောကံ စိတ်အလုပ်မျိုး၊ မနောဝိညာဉ်စိတ်နဲ့ ပေါ်သမျှအာရုံတွေကို သိမှတ်နေရတာ၊ တခါသိ တခါပျက် အနိစ္စလက္ခဏာ သက်သက်ကို မမေ့တဲ့ သတိနဲ့ ချက်စေ့အောင် သိမှတ်နေတဲ့စိတ်က ချုပ်ငြိမ်းနိုင်မှာလား၊ နိဗ္ဗာန်အထိ သိနေရမှာ။
ဒကာ။ ။ ဒီလိုဆိုရင် အပြင်းအထန်ဝေဒနာရဲ့ဒဏ်ကို မခံနိုင်အောင် ဖြစ်ပေါ်နေတဲ့ ယောဂီဟာ ၀ိပဿနာတရား လက်လွှတ်ထားလိုက်ရတော့မှာလားဆရာတော်။
ဆရာ။ ။ မိမိရှုမှတ်ဆဲ ၀ိပဿနာကိုတော့ ဘယ်အခါမှ လက်မလွှတ်ရဘူး၊ ဝေဒနာပြင်းထန်လို့ မခံနိုင် မမှတ်နိုင်ရင် အဲဒီပြင်းထန်လွန်းတဲ့ ဝေဒနာကို ခွါပြီးတော့ တခြားအာရုံ ရုပ်နာမ်ကို ပြောင်းလဲမှတ်ပေါ့။
ဒကာ။ ။ အဲဒီ ခွာပုံ ခွာနည်းများကိုလည်း ပိဋကတ်တော်လာ သာဓက အထောက်အထားနဲ့ မိန့်ကြားပါဦး ဆရာတော်၊ တပည့်တော်တို့ မှတ်သားရအောင်။


ဝေဒနာ ခွါနည်းနဲ့ ဝေဒနာချုပ်အောင် လုပ်နည်း

ဆရာ။ ။ အင်း….ပိဋကတ်တော်မှာ (၁) ဝေဒနာ ခွာနည်း၊ (၂) ဝေဒနာချုပ်ငြိမ်းအောင် လုပ်နည်းလို့ နှစ်မျိုးလာရှိတယ်၊ အဲဒါကို သေချာစွာ မှတ်ထားပေါ့၊ သူများကိုလည်း သိအောင် ဟောကြားပေးပါ။
၁။ ဝေဒနာခွာနည်းက မိမိ ပေါင်ကို ဆတ်ပိုင်းရိုက်ချိုးကာ သာဝတ္ထိပြည်သား တိဿရဟန်းတပါးရဲ့ ဂုဏ်ထူးကို အားလုံးကြားဖူးထားတဲ့အတိုင်းပဲ၊ ပြန်းထန်စွာ နာကျင်ခံစားမှု ဝေဒနာကို သက်သာနိုင်စေရန် “ယောနိသော မနသိကာရ” ခေါ်တဲ့ သင့်လျော်သော နှလုံးသွင်းဖြင့် တခြားအာရုံတခု၏ ဖြစ်ပျက်မှုကို ပြောင်းလဲ ရှုမှတ်ခြင်း ပြုလိုက်တာနဲ့ ဝေဒနာ၌ နှလုံးသွင်းမှု မရှိတော့၍ ပြင်းထန်စွာ နာကျင် ခံစားမှု ဝေဒနာဟာ ပျောက်ကင်းသွားသလို ထင်ရတယ်။
အဲဒီလို အာရုံပြောင်းလဲမှုမျိုးကို အဋ္ဌကထာဆရာများက၊ (ဝေဒနံ ၀ိက္ခမ္ဘိတွာ = ဝေဒနာကိုခွါသည်) လို့ ညွှန်ကြားပြဆိုကြတယ်၊ ဒါကြောင့် စိတ်ဖြစ်နေတဲ့ ယောဂီဟာ ဝေဒနာချုပ်တယ် ပျောက်တယ်လို့ မရှိကောင်းဘူး၊ မဂ်စိတ် ဖိုလ်စိတ် ဖြစ်ရင်လည်း နိဗ္ဗာန်၏အရသာကို ခံစားတဲ့ ဝေဒနာဖြစ်နေတာပဲ၊ ကဲ….ကွဲရဲ့ ရှင်းရဲ့လား၊ ဝေဒနာ ခွာတဲ့နည်းသာ ရှိတာ။
ဒကာ။ ။ ရှင်းပါပြီ ဆရာတော်၊ ဝေဒနာချုပ်ငြိမ်းအောင်လုပ်နည်း၊ နံပါတ် ၂ ကို ပြတ်ပြတ်သားသားနဲ့ တိုတိုကလေးမိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ စိတ်ကိုချုပ်ငြိမ်းအောင်လုပ်ပေါ့၊ စိတ်ချုပ်ရင် ဝေဒနာ ချုပ်ငြိမ်းတာပဲ၊ အဲဒါ အတိုဆုံးနဲ့ အပြတ်သားဆုံး အဖြေပဲ။
ဒကာ။ ။ စိတ်ချုပ်အောင် ဘယ်လိုပုဂ္ဂိုလ်မျိုးက ဘယ်လိုနည်းနဲ့ လုပ်နိုင်သလဲ ဆရာတော်၊ စိတ်မဖြစ်တဲ့အခါရယ်လို့များ ရှိသေးသလားဘုရား၊ အိပ်စက်တဲ့အခါမှာလည်း ဘ၀င်စိတ်တွေက မပြတ်ဖြစ်နေကြတာပဲ ဥစ္စာ၊ စိတ်မဖြစ်ဘဲ ချုပ်နေပုံများရှိရင် မိန့်ကြားပါဦး ဘုရား။
ဆရာ။ ။ စိတ်မဖြစ်အောင် ချုပ်အောင် လုပ်နိုင်တဲ့သူက နှစ်ယောက်ပဲ ရှိတယ်။
၁။ ဈာန်အဘိညာဉ်ရတဲ့ အနာဂါမ် ပုဂ္ဂိုလ်။
၂။ ဈာန်အဘိညာဉ်ရတဲ့ ရဟန္တာအရှင်မြတ်။
အဲဒီ ပုဂ္ဂိုလ် နှစ်ယောက်ဟာ နိရောဓသမာပတ် ၀င်စားတဲ့အခါမှာ စိတ်ချုပ်သွားတယ်၊ စိတ်ချုပ်တော့ စိတ်နဲ့အတူဖြစ်တဲ့ ဝေဒနာဟာလည်း ချုပ်ငြိမ်းသွားတာပေါ့။
နိရောဓသမာပတ် ၀င်စားတဲ့အခါမှာ စိတ် စေတသိက် စိတ္တဇရုပ်တွေပါ မဖြစ်တော့ဘူး၊ ချုပ်ငြိမ်းနေတယ်၊ အဲဒါဟာ (အနုပ္ပါဒေါ နိဗ္ဗာနံ) နိဗ္ဗာန်ကို ခဏသွားတဲ့နည်းပဲ။ အခုကာလ ဈာန်အဘိညဉ်မရ၊ အနာဂါမ် ရဟန္တာလည်း မဟုတ်သူ အစုတ်ပလုပ်တွေက ဝေဒနာချုပ်အောင်လိုက်တယ်ဆိုတာ အမှန်မဟုတ်တဲ့ အမှားစကားတွေလို့သာ မှတ်ပေတော့၊ တော်ပြီ၊ စာပေတတ်ပြီး အမှန်ကို ယူဆတတ်တဲ့ ဆရာကောင်း ဆရာမြတ်တို့ကို ရှာမှီးဆည်းကပ်တတ်ရတယ်။
ဒကာ။ ။ သည်လို ပြတ်ပြတ်သားသား စကားမျိုး ကြားချင်နေတာ၊ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်၊ ဦးတင်ရှိခိုးပါတယ် ဘုရား။
http://www.thamameggin.blogspot.com မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment