Pages

Friday, March 13, 2015

ဒီလိုလေး ကြိုးစားကြည့်ပါ



အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှားစိတ်မှာ၊ မရှိရာဘူး။ 
ပညာချင့်ထောက်၊ မာန်မမောက်နှင့်။
ကိုယ့်အောက်တန်းတူ၊ အထက်သူဟု၊ မှတ်ယူမြဲသို၊ သုံးပုဂ္ဂိုလ်တွင်
အောက်ကိုသနား၊ တန်းတူအားမူ၊ မြှောက်စားအမျှ၊ မယုတ်ချနှင့်၊ ထက်ကသူမှာ၊ ရိုသေရာ၏။
(မန်လည်ဆရာတော်ကြီး၊ မဃဒေဝလင်္ကာသစ်)
လူအမျိုးမျိုး၊ စိတ်အမျိုးမျိုး၊ အကျင့်စရိုက်အမျိုးမျိုး ရှိနေကြတဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ သတိပြုရမှာက ကိုယ့်သဘောနဲ့ မကိုက်ညီလို့၊ ကိုယ့်အလိုအတိုင်းမဖြစ်လို့ ဆိုပြီး တဘက်သားအပေါ်မှာ ကိုယ်ကအမှား မလုပ်မိဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်အမှားလုပ်မိရင် ကိုယ့်အပြစ်ဖြစ်ပြီး သူအမှားလုပ်ရင် သူ့အပြစ်ပဲ ဖြစ်တဲ့အတွက် ဘယ်သူမှားမှား၊ မမှားမှား ကိုယ်မပြစ်မှားမိဖို့ လိုပါတယ်။ 
မတူညီတဲ့သူတွေကို တူအောင်ညှိကြတဲ့အပိုင်းမှာ မြန်မာစကားပုံလေးအတိုင်း ကြီးသူကို ရိုသေ၊ ငယ်သူကိုသနား၊ ရွယ်တူကို လေးစားပြီး ဆက်ဆံကြည့်ကြ၊ ညှိကြည့်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုမှ မရတဲ့သူတွေ အပေါ်မှာတော့ အမုန်းလည်းမပွား၊ အချစ်လည်းမထားတဲ့ ဥပေက္ခာတရား လက်ကိုင်ထားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ဘက်က လေ့ကျင့်ကြည့်ရမယ့် အပိုင်းပဲ ဖြစ်ပါတယ်။ 
ကိုယ့်အနေနဲ့က ကိုယ့်ထက်အသက် သိက္ခာ၊ ဂုဏ်ဝါကြီးတဲ့သူတွေအပေါ်မှာ ရိုသေရမှာ၊ ကိုယ့်အောက်နိမ့်ကျတဲ့ သူတွေအပေါ်မှာ သနားရမှာ၊ ကိုယ်နဲ့တန်းတူသူတွေအပေါ်မှာ လေးစားရမှာဖြစ်ပြီး အဲဒီသူတွေ ကောင်းတာမကောင်းတာ ကိုယ်နဲ့မဆိုင်ပါဘူး။ သူတို့မကောင်းတာ သူ့တို့အပြစ်ပဲ ဖြစ်တဲ့အတွက် ကိုယ်မကြိုက်လို့ မဆက်ဆံချင်ရင် အပြစ်တော့ အဖြစ်အခံပါနဲ့။ ဥပေက္ခာပြုပြီး နေနိုင်အောင်ပဲ ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ မကင်းရာ မကင်းကြောင်း ပတ်သက်ဆက်ဆံ နေရတယ်ဆိုရင်လည်း ကိုယ့်စိတ်ကိုယ်ရှင်းအောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင် စောင့်ထိန်းကြဖို့ပဲ ဖြစ်ပါတယ်။ စိတ်ဆိုတာ အာရုံတွေနောက်ကိုလိုက်ပြီး ခံစားမိတဲ့အခါ အပြစ်ကင်းနေရာကနေ အပြစ်တွေ ဖြစ်ပေါ်စေတတ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် လိုက်ပြီးမခံစားဖြစ်အောင် လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ 
http://www.venvicitta.comမှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment