Pages

Friday, May 9, 2014

အံသကိုဋ်နှင့်လုံကွင်း

အံသကိုဋ်နှင့်လုံကွင်း

သင်္ကန်းနှင့်ပတ်သတ်ပြီး ဆက်လက်
လျှောက်ထားဖို့ ကျန်ပါသေးတယ်
ဘုရား။

ဆိုစမ်းပါဦး ဘာများကျန်သေးတုန်း။

ကသာမြို့နယ် သမ္မုတိရ ၀န်ဆောင်
ဆရာတော်ဖြစ်တဲ့ ကျောက်ပုံ ဆရာ
တော် ဦးစန္ဒိမာက မြန်မာနိုင်ငံ အရပ်
ရပ်ရှိ အချို့သော ရဟန်းတော်များဟာ
အံသကိုဋ်ဆိုတဲ့ အတွင်းခံသင်္ကန်းကို
ဝတ်ဆင်ကြပါတယ်တဲ့။ အဲဒီအံသကိုဋ်
ဟာ ဘယ်ကျမ်းကလာတာလဲ။ အပ်
ကောအပ်ပါရဲ့လားလို့ ဆရာတော်ထံ
အလျှောက်ခိုင်းပါတယ်။ သည်ပြဿ
နာကိုဖြေရှင်းပေးပါဦးဘုရား။

အံသကိုဋ်ဆိုတာ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ
ကလာတဲ့သင်္ကန်းငယ်ပဲကွယ့်။ ၀ိသုဒ္ဓိ
မဂ် အဋ္ဌကထာမှာဆိုတာက တေစီဝရိ
က ဓုတင်ဆောက်တည်တဲ့ရဟန်းဟာ
စတုတ္ထကစီဝရံ ပဋိက္ခိပါမိ ဆိုတဲ့အတိုင်း
လေးထည်မြောက် သင်္ကန်းဟာ မအပ်
ဘူး။ သင်းပိုင်ကိုယ်ဝတ် ဒုကုဋ်အားဖြင့်
သုံးထည်သောသင်္ကန်းသာအပ်တယ်။
သို့သော်လည်း လေးထည်မြောက်အရံ
သင်္ကန်းကိုဆောင်လိုလျှင် အံသကိုဋ်
သင်္ကန်းငယ်သာအပ်သတဲ့ကွယ်။

ဓုတင်္ဂတေစီဝရိကဿ ပန စတုတ္ထံ
ဝတ္တမာနံ အံသကာသာဝမေ၀ သဋ္ဋ
တိ။

ဓုတင်္ဂေ တေစီဝရိကဿ ပန- ဓုတင်စီ
ဝရိတ်ဆောင်သော ရဟန်းအားကား၊
စတုတ္ထံ လေးထည်မြောက်၊ ၀တ္တမာနံ
ဖြစ်သော၊ အံသကာသာဝမေ၀-အံသ
ကိုဋ်သည်သာလျှင်၊ ၀ဋ္ဋတိ အပ်၏တဲ့
ကွယ်။ ဒါကြောင့် အံသကိုဋ် သင်္ကန်း
ဟာ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာက လာတဲ့
သင်္ကန်းလို့  မှတ်ရလိမ့်မယ်။ သို့သော်
လည်း အချို့ကိုယ်တော်များ အတွင်းခံ
ချုပ်လုပ် ၀တ်ဆင်ကြတဲ့ အထည်က
တော့ အံသကိုဋ် အမည်ခံထားသော်
လည်း အံသကိုဋ်အစစ်မဟုတ်ဘူး။

အံသကိုဋ်အစစ်က တဉ္စ ခေါ ၀ိတ္ထာရ
တော ၀ိဒတ္ထိဒီဃတော တိဟတ္ထမေဝ
ဝဋ္ဋတိလို့ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ ပထမ
ဘာဂ ၆၂မှာ ဆိုထားတယ်။ တဉ္စခေါ
ထိုအံသကိုဋ်သင်္ကန်းသည်လည်း၊ ၀ိ
တ္ထာရတော အနံအားဖြင့် ၀ိဒတ္ထိ တစ်
ထွာ။ ဒီဃတော၊ အလျားအားဖြင့်။
တိဟတ္ထမေ၀၊ သုံးတောင်သာလျှင်၊
ဝဋ္ဋတိ အပ်၏လို့ဆိုတဲ့အတိုင်း အနံ
တစ်ထွာ၊ အလျားသုံးတောင်ရှိတဲ့
သင်္ကန်းပိုင်းကလေးဖြစ်တယ်ကွယ့်။

သည်သင်္ကန်းပိုင်းကလေးကို ဘယ်နေ
ရာမှာအသုံးချပါသလဲဘုရား။

သုံးထည်သောသင်္ကန်းကို ဆိုးရည်အပ်
တဲ့အခါ၊ ရေစိုတဲ့အခါ၊ ရေသပ္ပါယ်တဲ့
အခါ စသည်တို့မှာအရန်သင်္ကန်းအဖြစ်
အသုံးချရသတဲ့ကွယ်။

ဒီလိုဆို အံသကိုဋ်ဆိုတာ သင်းပိုင်လို
သင်္ကန်းငယ်တစ်မျိုးပဲ၊ အခုဝတ်ကြတာ
က အံသကိုဋ်အစစ်မဟုတ်တော့ ဘာ
ခေါ်ရမလဲဘုရား။

ပါဠိလိုတော့ ကဉ္စုက၊ မြန်မာလိုတော့
အကျီင်္လို့ခေါ်ရမှာပေါ့ကွယ်။

အင်္ကျီခေါ်ရလျှင် ရဟန်းတော်များအ
တွက် အပ်ပါ့မလားဘုရား။

ဝိနယ မဟာဝါပါဠိ ၄၂၂မှာ
တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ
ဘိက္ခု ကဉ္စုကံ ဓာရေန္တိ၊ မနုဿာ ဥဇ္ဈာ
ယန္တိ ခိယျန္တိ ၀ိပါစေယန္တိ။ ပ ။ န ကဉ္စု
ကံ ဓာရေတဗ္ဗံ၊ ယောဓာရေယျ အာပ
တ္တိ ဒုက္ကဋဿာတိ။

လို့ပညတ်ချက်ရှိတယ်။ ပညတ်ချက်ရဲ့
အဓိပ္ပါယ်က ဆဗ္ဗဂီရဟန်းများဟာ က
ဉ္စုကခေါ်တဲ့ အင်္ကျီကိုဝတ်ကြသတဲ့။
လူတွေက မြင်တော့ ကဲ့ရဲ့ ရှုတ်ချကြ
တယ်၊ ဒီအကြောင်းကို ရဟန်းတော်
များကသိတော့ ဘုရားရှင်ထံလျှောက်
ထားကြတယ်။ သည်တော့ ဘုရားရှင်
က အင်္ကျီ ဒုယင် သင်တိုင်းကို မ၀တ်
ရ၊ မဆောင်ရဘူး။ ၀တ်သောရဟန်း
ဆောင်သောရဟန်း ဒုက္ကဋ် အာပတ်
သင့်စေလို့ ပညတ်ချက် ထုတ်တော်
မူတယ်။ ဒါကြောင့် ရဟန်းတော်များ
ဟာ အင်္ကျီ ဒုယင် သင်တိုင်းကို မ၀တ်
ကောင်းဘူး မဆောင်ကောင်းဘူးကွယ့်။

အကယ်လို့ အင်္ကျီ ဒုယင် သင်တိုင်းမျိုး
ကို ဒကာက ပေးလှူခဲ့လျှင် ဘယ်လို
လုပ်ရမှာလဲဘုရာ။

ကဉ္စုကံ လဘိတွာ ဖာလေတွာ ရဇေ
တွာ ပရီဘုဉ္စိတုံဝဋ္ဋတိလို့ မဟာဝဂ္ဂဋ္ဌ
ကထာ ၄၁၆မှာ ပြဆိုထားတဲ့အတိုင်း
အင်္ကျီ ဒုယင် သင်တိုင်းကို ရခဲ့လျှင်
ရှေးဦးစွာဖျက်လိုက်ရမယ်။ နောက်ဆိုး
ရည်ထပ်ပြီးသုံးဆောင်နိုင်တယ်ကွယ့်။

မှန်ပါ အံသကိုဋ်ပြဿနာကိုတော့ သ
ဘောကျပါပြီ။ သင်းပိုင် ပြဿနာကို
ဆက်ပြီးလျှောက်ထားပါရစေ။

လျှောက်ထားစမ်းပါဦး၊ ဘယ်လိုများ
တုန်း။

ယခုခေတ် အချို့သောရဟန်းငယ်များ
ဟာ သင်းပိုင်ကို လူသားများ ၀တ်တဲ့
ပုဆိုးလို လုံးကွင်းချုပ်ပြီးဝတ်နေကြပါ
တယ်တဲ့။ ဒီလိုဝတ်တာ အပ်မအပ်ကို
လည်းဖြေရှင်းပေးပါဦးလို့ ကျောက်ပုံ
ဆရာတော် ဦးစန္ဒိမာက လျှောက်ထား
လိုက်ပါတယ်ဘုရား။

သင်းပိုင်ကို လူယောက်ျားများဝတ်တဲ့
ပုဆိုးလိုကွင်းချုပ်ပြီးမ၀တ်အပ်ကောင်း
ဘူး စူဠ၀ဂ္ဂပါဠိတော် ၂၇၈ မှာ

န ဘိက္ခဝေ ဂိဟီနိဝတ္တံ နိဝါသေတဗ္ဗံ၊
သတ္ထိသောဏ္ဍကံ၊ မစ္ဆ၀ါဠကံ၊ စတုက
ဏ္ဏကံ၊ တာလ၀ဏ္ဋကံ၊ သတ၀လိကံ၊
ယောနိဝါသေယျ အာပတ္တိဒုက္ကဋဿာ
တိ။

လို့ ဘုရားရှင် ပညတ်ရှိတယ်ကွယ့်၊
ရဟန်းတော်များဟာ လူသားများလို
မ၀တ်ကောင်းဘူး။လူသားလိုဝတ်လျှင်
ဒုက္ကဋ်အာပတ်သင့်တယ်။ ပါဠိတော်မှာ
လူသားများ ၀တ်ပုံ ငါးမျိုးကို ပြထား
တယ်ကွယ့်။ ငါးမျိုးက
၁။ ဟတ္ထသောဏ္ဍက၀တ်နည်း
၂။ မစ္ဆ၀ါဠက၀တ်နည်း
၃။ စတုကဏ္ဏက၀တ်နည်း
၎။ တာလ၀ဏ္ဋက၀တ်နည်း
၅။ သတိဝလိက၀တ်နည်းများ ဖြစ်ကြ
တယ်။

၁။ ဟတ္ထိသောဏ္ဍ ၀တ်ပုံဝတ်နည်းက
စောဠတိုင်းသူ အမျိုးသမီးများဝတ်ကြ
သလို ချက်ရင်းကစပြီး ဆင်နှာမောင်း
သဏ္ဍာန် ၀တ်ကြသတဲ့။

၂။ မစ္ဆ၀ါဠက ၀တ်နည်းက တစ်ဘက်က
အမြိတ်အစွန်း၊ တစ်ဘက်က ကွင်းအစွန်း
တွဲလျားချပြီး ငါးအမြီးလို နှစ်ဘက်အစွန်း
ထွက်တဲ့ဝတ်နည်းဖြစ်သတဲ့။

၃။ စတုကဏ္ဍက ၀တ်နည်းက အထက်
အစွန်းနှစ်ခု အောက်ကအစွန်းနှစ်ဘက်
အားဖြင့် အစွန်း လေးဘက်ထွက် ၀တ်
နည်းဖြစ်သတဲ့။

၎။ တာလ၀ဏ္ဋက ၀တ်နည်းက ထန်း
ရွက်သဏ္ဍာန် ပုဆိုးကို တွဲလျားချပြီး
ဝတ်သတဲ့ကွယ်။

၅။ သတ၀လိက ၀တ်နည်းက ရှည်တဲ့
ပုဆိုးကို အကြိမ်များစွာ ခေါက်ချိုးပြီး
ကွင်းချုပ်ဝတ်တာတဲ့ကွယ်။ သတ၀လိ
က ၀တ်နည်းကို အဋ္ဌကထာက သတ
ဝလိကံ နာမ ဒီဃသာဋကံ အနေက
က္ခတ္တုံ အကြိမ်များစွာ၊ သြဘဉ္စိတွာ
ချိုး၍၊ သြ၀ါဋ္ဋိကံ၊ ကရောန္တေန နိဝတ္တံ
စသည်ဖြင့် ဖွင့်ပြထားတယ်။ သတဝ
လိကံ နာမ၊ သတ၀လိက ၀တ်နည်း
မည်သည်ကား၊ ဒီဃသာဋကံ ရှည်
သောပုဆိုးကို၊ အနေကက္ခတ္တုံ၊ အကြိမ်
များစွာ၊ သြဘာဉ္စိတွာ၊ချိုး၍၊ သြ၀ဋ္ဋိကံ၊
ကွင်းကို၊ ကရောန္တေန၊ ပြုလျက်၊ နိဝတ္တံ၊
ဝတ်ခြင်းတည်းတဲ့။ ဒါကြောင့် သင်းပိုင်
ကို ကွင်းချုပ်ဝတ်ဖြင်းဟာ မအပ်ဘူးလို့
မှတ်သင့်တာပေါ့ကွယ်။

မှန်ပါ ၀မ်းမြောက်ပါတယ်ဘုရား။

သာဓု-သာဓု-သာဓု

တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးနှင့်
အဖြေများ ၁ ။

No comments:

Post a Comment